ရှမ်းပြည်နယ်လွှတ်တော်အမတ်က ခရိုင်အဆင့် ဌာနဆိုင်ရာ အရာရှိများအား မချေမငံ ပြောဆိုဆက်ဆံ
တာချီလိတ်၊ဧပြီ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဌာနဆိုင်ရာများနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တွေ့ဆုံမိတ်ဆက်ပွဲတွင် NLD ပြည်နယ်လွှတ်တော်အမတ် ဦးခင်မောင်တင့် က ခရိုင်အဆင့် အရာရှိများအား ရင့်သီးစွာ ပြောဆိုဆက်ဆံခဲ့ကြောင်း သိရသည်။
''လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြတဲ့ အချက်တွေကို ကျွန်တော်တို့က တစ်ချက်ခြင်း ပြန်လည် ဆွေးနွေးတင်ပြပေးခဲ့ပါတယ်။ဒါပေမယ့် လက်မခံဘဲ ဆွေးနွေးညှိနှိုင်းတဲ့ ပုံစံ မဟုတ်တော့ဘဲ အာဏာရှင်ပုံစံနဲ့ ဒါမျိုး ကျွန်တော် လက်မခံနိုင်ဘူးဆိုပြီး မချေမငံပြောတော့တာပါပဲ။''ဟု ခရိုင်အဆင့် အရာရှိ တစ်ဦးမှ ပြောသည်။ဦးခင်မောင်တင့် သည် ၎င်း တင်ပြသည့် ဌာနဆိုင်ရာ ကိစ္စရပ်များအား နားလည်သဘောပေါက်ခြင်း မရှိသလို၊
ပြန်လည် ရှင်းလင်းတင်ပြချက်များကိုလည်း လက်သင့်မခံကြောင်း၊အုပ်ချုပ်ရေး ကဏ္ဍကို ဝင်ရောက်စွက်ဖက်ပြောဆိုခဲ့သလို၊တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ပြောင်ပြောင်တင်းတင်း ဝေဖန်ပြောဆိုခဲ့ကြောင်း အဆိုပါ အရာရှိက ဆိုသည်။
''သူက တရားသူကြီးကို တရားစွဲတင်တာ၊တရားစီရင်တာတွေဟာ ဥပဒေအတိုင်းမဟုတ်ဘူး၊ နည်းလမ်းမကျဘူးပြောလို့၊တရားသူကြီးနဲ့ ဥပဒေအရာရှိက ဥပဒေပုဒ်မတွေနဲ့ သေသေချာချာရှင်းပြခဲ့ရပါတယ်။ဦးခင်မောင်တင့် ဟာ သူတင်ပြတဲ့ ဘာသာရပ်ကို နားလည်လို့ ညှိနှိုင်းဆွေးနွေးတာ မဟုတ်ဘဲ၊အာဏာပြချင်ရုံ သက်သက် တတ်ယောင်ကားလုပ်တာ သိသာပါတယ်။မြန်မာ့အာမခံဌာနကိုလည်း ခင်ဗျားတို့က ပြည်သူတွေ ခရီးသွားရင်
ကျပ် ၃၀၀ ကောက်တာ၊ဥပဒေနဲ့မညီဘူး။ဒါကြောင့် မကောက်ပါနဲ့ ပြောလို့၊အာမခံလုပ်ငန်း အရာရှိက ဒါဟာ အသက်အာမခံကြေးကောက်ခံတာဖြစ်ကြောင်း၊ခရီးသွားရင်း အသက်အန္တရာယ်ကျရောက်ခဲ့ရင်၊အသက် အာမခံကြေးပေးလျှော်ရမှာဖြစ်ကြောင်း ရှင်းပြခဲ့ရပါတယ်။''ဟု အဆိုပါ အရာရှိမှ ပြောကြားသည်။
''ဥပဒေပြုအမတ်တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်နဲ့ အာဏာဟာ လွှတ်တော်ထဲမှာပဲရှိတယ်။ဌာနဆိုင်ရာဝန်ထမ်းများရဲ့လုပ်ပိုင်ခွင့် မှန်သမျှကို
ဝင်ရောက်စွက်ဖက်ခြင်း၊မချေမငံပြောဆိုခြင်း၊စေခိုင်းခြင်း၊အာဏာပြဆောင်ရွက်စေခြင်းမျိုး ပြုလုပ်ဖို့ တာဝန်မရှိဘူး။ဖွဲ့စည်းပုံအခြေခံဥပဒေမှာကိုက မဏ္ဍိုင်ကြီးသုံးရပ်ဟာ အာဏာကို သီးခြားစီ ခွဲဝေကျင့်သုံးရမယ်လို့ ပါပြီးသား။ဥပဒေပြုအမတ်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို ဝင်ရောက်စွက်ဖက်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေချိုးဖောက်တာဘဲ။ကျွန်တော်တို့ NLD အစိုးရသစ်ရဲ့ ပုံရိပ်ကို ညစ်ညမ်းအောင်လုပ်တာဘဲ။ဒါ့ကြောင့် သက်ဆိုင်ရာဝန်ထမ်းတွေအနေနဲ့ ဒီကိစ္စကို မကျေနပ်ပါက ပြည်နယ်လွှတ်တော် ဥက္ကဌ ကိုဖြစ်စေ၊ပြည်နယ်ဝန်ကြီးချုပ်ကိုဖြစ်စေ စာရေးတိုင်ကြားနိုင်တယ်။ဒီထက် ပိုဆိုးလာရင် ဒေါ်အောင်ဆန်းစုကြည်ထံ တိုက်ရိုက်တိုင်ကြားစေချင်ပါတယ်။ကျွန်တော်ဟာ ဥပဒေပြုအမတ်တစ်ဦးရဲ့ လုပ်ငန်းစဉ်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေ နားလည် သဘောပေါက်အောင် (၃) ရက်တိတိ သင်ကြားပေးခဲ့တာပါ။ဒီကိစ္စမှာ ကျွန်တော့် တာဝန်မကင်းသလို ခံစားရပါတယ်။''ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ ဥပဒေပညာရှင် ဆရာဦးကိုနီ က ဆိုသည်။
အဆိုပါ ပြည်နယ်အမတ် ဦးခင်မောင်တင့် သည် ၎င်းမှာထိုင်ရာမှမထ ဌာနအကြီးအကဲများအား လက်ညှိးထိုးပြီး၊ဟိုလူထပါဦး ဒီလူထစမ်ပါ၊စသဖြင့် ရိုင်းပြစွာပြုမူနေခြင်း၊ဌာနတွင်းလုပ်ငန်းများအား တတ်သိနားလည်ခြင်း မရှိဘဲ ဆူပူကြိမ်းမောင်း ပြောဆိုခြင်း၊ဌာန အကြီးအကဲများအား နှိမ့်ချပြောဆိုဆက်ဆံခြင်းတွေကို ဒေါ်အောင်ဆန်းစုကြည် သိစေချင်ပါတယ်။ဒါမှသာ ဒီလိုအမတ်တွေကို ထိန်းကျောင်းနိုင်မှာပါလို့ အမည်မဖော်လိုသူ အရာရှိတစ်ဦးမှ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရအဖွဲ့၏ အခြေခံမူဝါဒမှာ အမျိုးသားရင်ကြားစေ့ရေးကို အဓီကထားဖော်ဆောင်သွားမည်ဟု အတိအလင်းဖော်ပြထားရာ အဆိုပါအမတ်၏ ပြုမူလုပ်ဆောင်မှုများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ချမှတ်ထားသော လမ်းစဉ်ကို ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေခြင်းဖြစ်ကြောင်း၊အစိုးရသစ်၏ ပုံရိပ်ကို ညစ်ညမ်းအောင် လုပ်နိုင်မည့်သူများမှာ ၎င်းတို့ကဲ့သို့သော လူများသာလုပ်ဆောင်နိုင်ကြောင်း၊အစိုးရသစ်အနေနှင့် ထိရောက်စွာအရေးယူဆောင်ရွက်သင့်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာစောင့်ကြည့်သူ တစ်ဦးမှ ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေပညာရှင် ဦးကိုနီ က ''အတိုချုပ်ပြောရရင် ပြည်နယ်အမတ်တစ်ယောက်ရဲ့တာဝန်ဟာ လွှတ်တော်ထဲမှာဘဲရှိတယ်။အုပ်ချုပ်ရေးပိုင်းကို ပြောဆိုညွန်ကြားဖို့ ဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာဌာန ဝန်ကြီးတွေဘဲ လုပ်ဆောင်ခွင့်ရှိတယ်။တရားစီရင်ရေးလည်း ဒီလိုဘဲ ပြည်နယ်တရားသူကြီးချုပ်နဲ့ ပြည်နယ်ဥပဒေချုပ်ပဲ ပြောခွင့်ရှိတယ်။လွှတ်တော်အမတ်တစ်ယောက်က ပြောပိုင်ခွင့်လုံးဝမရှိဘူး။ရှင်းရှင်းပြောရင် ဒီလိုပွဲမျိုးသွားခွင့်တောင်မရှိဘူး။ဒါက သူ့ရဲ့လုပ်ပိုင်ခွင့်ဘောင်ကိုတော်တော် ကျော်သွားပြီ။ပြည်နယ်ဝန်ကြီးတွေကလည်း ဒီလူဟာ ဒီလိုလုပ်တတ်၊ပြောတတ်ရင် ဝန်ထမ်းတွေ့ဆုံပွဲတွေကို ခေါ်မသွားပဲ ထားခဲ့ရမှာဖြစ်တယ် ဟု ဦးကိုနီ က ဆိုသည်။
''ဥပဒေပြုအမတ်တစ်ဦးဟာ လွှတ်တော်တွင်းမှာ မေးခွန်းမေးမြန်းခြင်း၊အဆိုတင်သွင်းခြင်း၊ဥပဒေမူကြမ်းကိုဆွေးနွေးခြင်း၊ခေတ်နဲ့မညီတဲ့ ဥပဒေတွေကို ပြင်ဆင်ခြင်း၊ဖြည့်စွက်ခြင်း၊ဖျက်သိမ်းခြင်း ဒါတွေဘဲ သူလုပ်ခွင့်ရှိတယ်ဗျ''ဟု တရားလွှတ်တော်ရှေ့နေ ဦးဝင်းဇော်ဦး က ဆိုသည်။
့
ပြည်နယ်လွှတ်တော်အမတ် ဦးခင်မောင်တင့် သည် ဌာနဆိုင်ရာ အရာရှိများအား မချေမငံပြောကြားခြင်းမှာ တစ်ကြိမ်တည်းသာမဟုတ်ဘဲ၊ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းမရှိသေးခင်ကာလ၊မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်သော လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲတွင် တစ်ကြိမ်၊ဧပြီလ(၂၀)ရက်နေ့တွင် ပြုလုပ်သော ပြည်နယ်ဝန်ကြီးများနှင့် မိတ်ဆက်ပွဲတွင် နှစ်ကြိမ်၊ဧပြီလ(၂၁)နေ့၊နံနက်(၉)နာရီတွင် မြို့နယ်စည်ပင်ရုံးတွင် ပြုလုပ်သော ပြည်နယ်စည်ပင်ဝန်ကြီးနှင့် စည်ပင်ဝန်ထမ်းများတွေ့ဆုံပွဲတွင် တစ်ကြိမ်၊စုစုပေါင်း(၄)ကြိမ်ရှိပြီ ဖြစ်ကြောင်းသိရသည်။
''ကျွန်တော် လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့(၅)နှစ် သက်တမ်းမှာ ဒါမျိုးမလုပ်ခဲ့ဘူး။ဥပဒေနဲ့အညီမလုပ်ဘူးလို့ ယူဆတဲ့ ဌာနတွေရဲ့ပြဿနာကို သေချာလေ့လာတယ်။ပြီးရင် သက်ဆိုင်ရာဌာနကို ရုံးစာနဲ့ တရားဝင်ပေးပို့ပြီး တည့်မတ်ပေးတယ်။ပြင်သင့်တဲ့ ဥပဒေတွေကို လွှတ်တော်မှာ တင်ပြဆွေးနွေးတယ်။ဒါကို မဏ္ဍိုင်ကြီးသုံးရပ် အပြန်အလှန်ထိန်းကျောင်းတယ်ခေါ်တာ။ဦးခင်မောင်တင့်ရဲ့ လုပ်ရပ်ဟာ အပြန်အလှန်ထိန်းကြောင်းတာမဟုတ်ဘူး။ဝင်ရောက်စွက်ဖက်ခြင်းလို့ခေါ်တယ်။ဒါဟာ ပြည်သူ့ဆန္ဒနဲ့ အညီတင်မြောက်ထားတဲ့ NLD အစိုးရသစ်ရဲ့ပုံရိပ်ကို ဆိုးရွားစွာ ထိခိုက်စေတယ်။ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ အနေနဲ့ ထိရောက်စွာဖြေရှင်းသင့်ပါတယ်''ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)မှ ၂၀၁၀-၂၀၁၅ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က ပြောကြားခဲ့သည်။
သတင်း- ရွှေတြိဂံဒေသ သတင်းလွှာ
No comments:
Post a Comment