Showing posts with label interview. Show all posts
Showing posts with label interview. Show all posts

Tuesday, September 6, 2016

ပွင့်လင်းလွှတ်တော်ဝက်ဘ်ဆိုက် (Open Hluttaw) တည်ထောင်သူ ကိုထွန်းလင်းနှင့် တွေ့ဆုံခြင်း

ပွင့်လင်းလွှတ်တော်ဝက်ဘ်ဆိုက် (Open Hluttaw)
Sundew Myanmar Software House တည်ထောင်သူ ကိုထွန်းလင်းနှင့် တွေ့ဆုံခြင်း

အစိုးရသစ်တစ်ရပ်ကို ပြည်သူများ ရွေးကောက်တင်မြှောက်နိုင်ပြီးနောက် လွှတ်တော်များကို ပြည်သူတို့ စိတ်ဝင်စားမှု ပိုလာခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းသည့် အဆိုများ၊ ဆွေးနွေးချက်များကိုလည်း စောင့်ကြည့်လေ့လာလာကြသည်။ ယင်းအခြေအနေတွင် လွှတ်တော်ကိုယ်စားလှယ်များထံ ဆက်သွယ်နိုင်မည့် အချက်အလက်များကို ဖော်ပြပေးမည့် ပွင့်လင်းလွှတ်တော်ဝက်ဘ်ဆိုက် (Open Hluttaw) ကို လွှင့်တင်ထားသည်။

ယင်းဝက်ဘ်ဆိုက်တွင် လွှတ်တော်ကိုယ်စားလှယ်များကို သက်ဆိုင်ရာ နေရာဒေသအလိုက်ဖြစ်စေ၊ ကိုယ်စားပြုပါတီ အနေနှင့်ဖြစ်စေ၊ ယင်းကိုယ်စားလှယ် ပါဝင်နေသည့် ကော်မတီအလိုက်ဖြစ်စေ ရှာဖွေနိုင်မည် ဖြစ်သည်။ ပွင့်လင်းလွှတ်တော်ဝက်ဘ်ဆိုက် တည်ထောင်လွှင့်တင်ခဲ့သည့် ရည်ရွယ်ချက်နှင့် တည်ထောင်စဉ် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို ပွင့်လင်းလွှတ်တော်ဝက်ဘ်ဆိုက် ရေးသားသည့် Sundew Myanmar Software House တည်ထောင်သူ ကိုထွန်းလင်းနှင့် တွေ့ဆုံ မေးမြန်းဖော်ပြအပ်ပါသည်။

Voice : ပွင့်လင်းလွှတ်တော်ဝက်ဘ်ဆိုက်မှာ ဘာတွေလုပ်လို့ ရမလဲဗျ။

KHL : ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ပြည်သူတွေ ဘာဖြစ်နေတာလဲ ဆိုတာကို ကိုယ်စားလှယ်တွေ အနေနဲ့ သိနိုင်ဖို့ မလွယ်ကူဘူး ဖြစ်နေတယ်။ သူတို့ကို ဆက်သွယ်ရမယ့် အချက်အလက်တွေ မသိဘူး ဖြစ်နေတယ်။ ပြည်သူတွေ လိုအပ်နေတာကို ကိုယ်စားလှယ်တွေဆီကို ဘယ်လိုသတင်းပေးမလဲ။ ကိုယ်စားလှယ်တွေက မလုပ်တာ မဟုတ်ဘူး။ လုပ်နေတယ်။ သူတို့ မြင်နိုင်သလောက်ကို လုပ်သွားလို့ရမှာ။ ကျွန်တော်တို့က အကုန်ဝိုင်းကူမှရမှာ။ တိုင်းပြည်တစ်ခု တိုးတက်ဖို့ ဆိုတာမှာ လူတိုင်းပါမှရမှာ။ လူတိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေကို ဆက်သွယ်လို့ရတဲ့ ဝက်ဘ်ဆိုက်မျိုး လုပ်ပေးတာ။ ကျွန်တော်တို့ ဘာတွေလိုအပ်နေသလဲ၊ ဘယ်လိုပြင်လိုက်ရင်တော့ ကောင်းမယ်ဆိုတဲ့ အကြံပြုချက်တွေ သူတို့ဆီ ရောက်သွားစေချင်တာ။ သူတို့ကို ဝိုင်းကူညီတဲ့ဟာမျိုး ဖြစ်စေချင်တာ။ အဲ့ဒီလို ဆက်သွယ်ရမယ့်ဟာပေါ့။ အဓိကက လွှတ်တော်က ကိုယ်စားလှယ်တွေကို ဆက်သွယ်လို့ရမယ့် ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သွားတာပေါ့။

Voice : ဝက်ဘ်ဆိုက်ကို စလုပ်ခဲ့တာ တစ်လလောက် ကြာခဲ့ပြီ။ အသုံးပြုသူတွေ ဘယ်လောက်စိတ်ဝင်စားမှု ရှိသလဲဗျ။ ပုံမှန်ဝင်ကြည့်တဲ့သူ ဘယ်လောက်ရှိနေပြီလဲ။

KHL : နေ့တိုင်း ပုံမှန်ဝင်ကြည့်နေတဲ့သူ ၂၀၀၀ လောက်တော့ ဝင်ကြည့်တယ်ဗျ။

Voice : ပွင့်လင်းလွှတ်တော်ဝက်ဘ်ဆိုက်ကို ဘယ်လိုအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး လုပ်ခဲ့သလဲ။

KHL : အဓိကအားဖြင့် ကူညီပေးခဲ့တာက OMI နဲ့ ပဉ္စမမဏ္ဍိုင်ဆိုတဲ့ အဖွဲ့ပေါ့။ အချက်အလက်ပိုင်းက ခက်ခဲတော့ သူတို့နှစ်ခုက အဓိက ကူညီခဲ့တယ်။ ပြီးရင် နေရာတို့ ဘာတို့ အဓိက ပေးတာကတော့ ဖန်တီးရာပေါ့။ ကျန်တဲ့ကူညီတာတွေက တော်တော်များတယ်။ နည်းပညာသမားတွေကလည်း အများကြီး ကူညီတာတွေ ပါတယ်။ အဖွဲ့အစည်းဆိုရင် The Seagull၊ ဒါနရှေ့ဆောင်၊ JMM၊ MCERP၊ MIDO တို့လို အဖွဲ့အစည်းတွေပေါ့။

Voice : ပွင့်လင်းလွှတ်တော်ဝက်ဘ်ဆိုက်မှာ ကိုယ်စားလှယ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေပဲလား။ သူတို့တင်သွင်းခဲ့တဲ့ အဆိုတွေကိုရော လေ့လာနိုင်မလား။

KHL : လောလောဆယ် ပထမဆုံး အဆင့်ကတော့ သူတို့တွေကို မြို့နယ်အလိုက် ရှာလို့ရမယ်။ သူတို့ ပါဝင်နေတဲ့ ကော်မတီတွေအလိုက် ရှာလို့ရမယ်။ အဲ့ဒီကိုယ်စားလှယ်တွေကို ဆက်သွယ်လို့ရမယ်။ လိုအပ်ချက်တွေကို လှမ်းပြီး အကြံပြုလို့ရမယ်။ အဓိကက ကိုယ်စားလှယ်တွေကို ဆက်သွယ်လို့ရအောင် လုပ်ပေးထားတာပါ။ သူတို့လုပ်ဆောင်နေတဲ့ အချက်တွေတော့ မဟုတ်ဘူးပေါ့။ အဲ့ဒါတွေက OMI တို့ ဘာတို့မှာ ပါနေပြီးသား ဖြစ်နေတာပေါ့။

Voice : သူတို့ကို ဆက်သွယ်လို့ရတယ် ဆိုတော့ သူတို့ရဲ့ ဘယ်လိုအချက်အလက်တွေကို ပေးထားတာလဲ။

KHL : လက်ရှိကတော့ ဖုန်းနံပါတ် ပါမယ်။ အီးမေးလ် ပါမယ်။ အီးမေးလ်ကတော့ ရှိတဲ့သူလည်း ရှိတယ်၊ မရှိတဲ့သူလည်း  မရှိဘူးပေါ့။ ဖေ့ဘွတ်ကိုလည်း ချိတ်ဖို့ ကြိုးစားနေတယ်။ အခုက မြန်မာနိုင်ငံမှာ ဖေ့ဘွတ်က လူတိုင်း သုံးနေတာဆိုတော့ အဲ့ဒီကနေ ဆက်သွယ်လို့ ရတာပေါ့။ အဓိက သုံးမျိုးဖြစ်သွားတာပေါ့။ အဲ့ဒီမှာ အချက်အလက် မစုံလင်သေးတဲ့ သူတွေကိုလည်း သိတဲ့သူတွေက ပြင်ပေးသွားလို့ ရတယ်။

ဝက်ဘ်ဆိုက်မှာဆိုရင် အပိုင်းနှစ်ပိုင်း ပါတယ်။ တစ်ခုက ကိုယ်ရေးအချက်အလက်တွေကို ပြင်ပေးလို့ ရတယ်။ သူ့ရဲ့ မွေးနေ့သက္ကရာဇ် မှားတာတို့၊ လူမျိုးမှားနေတာတို့ကို ပြင်ပေးလို့ရတယ်။ နောက်တစ်ခုက ဆက်သွယ်ရမယ့် အချက်အလက်တွေကို ပြင်ပေးလို့ရတယ်။

ပြင်တယ်ဆိုတဲ့ နေရာမှာ ဖေ့ဘွတ်မှာလိုမျိုး ကိုယ်ပြင်ချင်သလို ပြင်သွားလို့မရဘူး။ ပွင့်လင်းလွှတ်တော်ဆီကို ဖောင်တင်ခဲ့ရတယ်။ အဲ့ဒါကို မှန်ပါတယ်ဆိုတာ ပြန်ပြီးစစ်ဆေးတယ်။ မှန်ပြီဆိုတော့မှာ အဲ့ဒီအချက်အလက်ကို ပြန်ပြင်လိုက်တာပေါ့။

Voice : ပွင့်လင်းလွှတ်တော်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေကိုရော ဘယ်လိုရယူခဲ့ရသလဲ။ အချက်အလက်တွေ ရယူဖို့ အခက်အခဲတွေ ရှိခဲ့သလား။

KHL : အချက်အလက်တွေ ရယူတဲ့ နေရာမှာ ကျွန်တော်စပြီး လုပ်တဲ့အချိန်မှာတော့ အချက်အလက်တွေက အသင့်ဖြစ်နေပြီးသား။ ကျွန်တော် သတင်းကြားရသလောက်တော့ ပွဲတစ်ပွဲ လုပ်ပြီးတော့ Hackathoon မျိုးလုပ်ပြီး အချက်အလက်တွေ စုလိုက်တယ်လို့ သတင်းကြားတယ်။ ပရဟိတအဖွဲ့တွေကနေ အဲ့ဒီအချက်အလက်တွေကို Google Drive ပေါ် တင်ပေးလိုက်တယ်။ အဲ့ဒါကိုမှ ကူညီတဲ့ အသင်းတစ်သင်း ရှိတယ်။ မလေးရှားကပဲ။ အဲ့ဒီအဖွဲ့ကပဲ အချက်အလက်တွေယူပြီး API ပြန်ထုတ်ပေးတာ။ အဲ့ဒီမှာတော့ ခက်ခဲတာပေါ့။ အမှားတွေလည်း ပါတယ်။ သူတို့ အဲ့ဒီမှာ ပွင့်လင်းလွှတ်တော်အတွက် အပတ်တိုင်း အစည်းအဝေးလုပ်ပြီး အမှားတွေ ပြန်ပြင်တယ်။

ကျွန်တော်က အဲ့ဒီအချက်အလက်တွေကို ပြန်ပြီး ပြရုံပဲ ရေးပေးရတာပေါ့။ အချက်အလက် ရယူတဲ့ နောက်ထပ် အရင်းအမြစ်တစ်ခုက ခုနဝိုင်းထည့်တဲ့ အချက်အလက်တွေရယ်၊ နောက် အရင်တုန်းက ကိုစိုးသီဟနောင်တို့ လုပ်တဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင် (OMI) ရယ် အဲ့ဒါကို ယူတာပေါ့။ OMI က အချက်အလက်တွေ အများကြီးပါတယ်။

Voice : အချက်အလက်တွေ မှားနေတာမျိုး ရှိရင်ရော အသုံးပြုသူတွေက ဘယ်လိုပြင်ပေးလို့ ရမလဲ။

KHL : အခုလုပ်နေတာမှာလည်း မှားတာရှိရင် ပြင်လို့ရအောင် လုပ်ပေးထားတယ်။ ကိုယ်စားလှယ် တစ်ယောက်ရဲ့ အချက်အလက် မှားနေတယ်ဆိုရင် သိတဲ့သူက ဝိုင်းပြင်ပေးလို့ ရတယ်။ အဓိက ကျွန်တော်တို့ သွားနေတာ ဘာလဲဆိုတော့ ဒီကိုယ်စားလှယ်တွေကို အလွယ်တကူ ဆက်သွယ်လို့ရဖို့ရယ် နောက်တစ်ချက်က အဲ့ဒီကိုယ်စားလှယ်ရဲ့ အချက်အလက်တွေကို ကျွန်တော်တို့ ပြည်သူတွေကပဲ ဝိုင်းပြင်ပေးရမှာ။ အဲ့ဒါမှ ဆက်သွယ်ဖို့ အရေးတကြီး လိုလာတဲ့အခါမှာ ဆက်သွယ်လို့ ရမှာပေါ့။

Voice : အချက်အလက်တွေက ပြန်ပြင်ဖို့ လိုအပ်နေတာက ဘာကြောင့်လဲ။ ဘယ်လိုအခက်အခဲတွေ ရှိနေလဲ။

KHL : အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဘာရှိသလဲဆိုတော့ အချက်အလက်တွေကို လုပ်ခဲ့တဲ့သူတွေက မြန်မာတွေ လုပ်တာဆိုပေမယ့် အဲ့ဒီလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အချက်အလက်ကို API ထုတ်ပေးတဲ့သူတွေက မလေးရှားကသူတွေ ဖြစ်နေတယ်။ အဲ့ဒီမှာ ပြဿနာတက်ကြတယ်။ သူတို့က မြန်မာစာကို မဖတ်တတ်ဘူး။

ကျွန်တော်တို့ ပွင့်လင်းလွှတ်တော်က ဘာရှိသလဲဆိုတော့ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ ရတယ်။ ရှာတဲ့နေရာမှာ အင်္ဂလိပ်နဲ့ရှာပြီး အချက်အလက်ကျမှာ မြန်မာလို ပြောင်းကြည့်လည်း ရတယ်။ မြန်မာလို ရှာတာကို အင်္ဂလိပ်လို ပြောင်းကြည့်လည်း ရတယ်။ အဲ့ဒီလို လုပ်ပေးထားတဲ့ အခါကျတော့ သူတို့က မြန်မာ မဟုတ်တော့ တော်တော်ရှင်းလိုက်ရတယ်။

Voice : ကျွန်တော်တို့ဆီမှာက ဘယ်လိုမျိုး ဖြစ်သလဲဆိုတော့ အခုလုပ်နေတဲ့ လူငယ်တွေဆိုရင် အချက်အလက်တွေကို ရဖို့ခက်တယ်။ အဲ့ဒီအချက်အလက်တွေကို ဘယ်သူက တာဝန်ခံပြီး ပေးနိုင်မလဲ ဆိုတာမျိုး မရှိဘူး ဖြစ်နေတယ်။ ဒီအချက်အလက်ရဖို့ ခက်နေတဲ့ အပေါ်မှာ အစ်ကို့အနေနဲ့ ဘယ်လိုမြင်သလဲ။

KHL : သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေကနေ သူတို့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တာဝန်ယူပြီး ထုတ်ပြန်ပေးမယ်ဆိုရင် အကောင်းဆုံးပဲ။ အဲ့ဒီလို ထုတ်ပေးခဲ့မယ်ဆိုရင် ကျွန်တော်တို့ဘက်မှာက စိတ်ကူးတွေက အများကြီးရှိတယ်။ မြန်မာနိုင်ငံမှာက အစိုးရက အဲ့ဒါတွေ လုပ်ပေးဖို့ အချိန်မရှိတာလား မပြောတတ်ဘူး။ တခြားအရေးကြီးတာတွေ လုပ်နေရတာလည်း ဖြစ်နိုင်တယ်။ သူတို့ လုပ်ပေးနိုင်ရင်တော့ ကျွန်တော်တို့အတွက် အရမ်းကောင်းတယ်။ နည်းပညာလည်း ပိုပြီးတိုးတက်လာလိမ့်မယ်။

နိုင်ငံတစ်နိုင်ငံက သဘာဝသယံဇာတတွေ ထုတ်ရောင်းတာထက်စာရင် နည်းပညာ ထုတ်ရောင်းတာက ဘာမှအတွင်းပစ္စည်းတွေ မကုန်သွားဘူး။ ဒါပေမဲ့ ပိုက်ဆံများများ ဝင်တယ်။ ကျောက်စိမ်းတစ်တုံးက တန်ဖိုးရှိတယ်။ iPhone တစ်လုံးကကျတော့ အဲ့ဒီလောက် မဟုတ်ဘူး။ ဒါပေမဲ့ ဒီဖုန်းတစ်လုံးကို ဈေးကြီးပေးပြီး ဝယ်သုံးနေကြရတယ်။ နည်းပညာကိုပဲ ရောင်းစားနေတဲ့ တိုင်းပြည်တွေက ချမ်းသာနေကြတယ်။

Voice : နည်းပညာက ကဏ္ဍတစ်ခုလား။ ဒါကို အခြားကဏ္ဍတွေမှာ ပေါင်းထည့်လိုက်ရင် အကျိုးရလဒ်တွေက ဘာတွေရှိလာမလဲ။

KHL : နည်းပညာ အရေးကြီးတယ် ဆိုတာကို ပြည်သူတွေ သိနေစေချင်တယ်။ နည်းပညာက နေ့စဉ်ဘဝအတွက် ဖြစ်သင့်တာ။ လူတစ်ယောက်မှာ စားဝတ်နေရေး မပါမဖြစ် ရှိသလိုပဲ နိုင်ငံ့တစ်နိုင်ငံရဲ့ အရေးတွေမှာ နည်းပညာက မပါမဖြစ်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ နည်းပညာကို သုံးတဲ့အချိန်မှာ အချိန်ကုန်သက်သာသွားတယ်။ အရင်းအမြစ်တွေကုန်တာ သက်သာသွားတယ်။

ဝန်ကြီးဌာနတွေမှာ သုံးနေတဲ့ အီးမေးလ်တွေကအစ Gmail တွေပဲ ဖြစ်နေသေးတယ်။ ကိုယ်ပိုင်အီးမေးလ်တွေ မဟုတ်ဘူး။ တကယ်တမ်းက ဝန်ကြီးဌာနတွေ အကုန်လုံးက Open Data တွေ ပေးမယ်။ ဆက်သွယ်ရမယ့် သူတို့ရဲ့အချက်အလက်တွေ၊ ဝက်ဘ်ဆိုက်တွေသာ ခိုင်ခိုင်လုံလုံ ရှိလာမယ်ဆိုရင် ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့လည်း တစ်ခုခုဆိုရင် ရုံးကိုသွားနေရတဲ့ ပြဿနာတွေ ပြေလည်သွားမယ်။ ခွန်အားစိုက်ထုတ်ဖို့လည်း မလိုတော့ဘူး။ အခုက အင်တာနက် ကွန်နက်ရှင်ကလည်း အရမ်းဆိုးဆိုးဝါးဝါး မဟုတ်တော့ပါဘူး။ ဝန်ကြီးဌာနတွေက ကိုယ်ပိုင် မိုဘိုင်းလ် App တွေလုပ်ဖို့ လိုတယ်လို့ ထင်တယ်။

နည်းပညာကို ကဏ္ဍတိုင်းမှာ သွားပြီးပေါင်းဖို့ လိုအပ်တယ်။ နည်းပညာသာ သုံးလာခဲ့ရင် လာဘ်ပေးလာဘ်ယူတွေ ပျောက်သွားမယ်။ နည်းပညာက လာဘ်စားမှာ မဟုတ်ဘူး။ အဲ့လိုကိစ္စတွေ ရှိတယ်။

မောင်မန်း

ကျွန်တော်တို့ ရုပ်ရှင်လောကကကော အခွန်တွေ ဘယ်လောက်အထိ ပေးဆောင်မှာလဲ ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်းနှင့် တွေ့ဆုံခြင်း

ကျွန်တော်တို့ ရုပ်ရှင်လောကကကော အခွန်တွေ ဘယ်လောက်အထိ ပေးဆောင်မှာလဲ ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်းနှင့် တွေ့ဆုံခြင်း

မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဖိုရမ်ကို သြဂုတ်လ ၁၉ ရက်နေ့နဲ့ ၂ဝ ရက်နေ့တို့က ပြုလုပ်ခဲ့ပြီးနောက် အစိုးရပိုင်းက လုပ်ဆောင်ပေးရမယ့် ကိစ္စ၊ ရုပ်ရှင်အစည်းအရုံးက လုပ် ဆောင်ရမယ့် ကိစ္စ၊ ဥပဒေပြုရေး ဆိုင်ရာ လွှတ်တော်အဖွဲ့အစည်းတွေဘက်က လုပ်ဆော်ပေးမှ ပြီးမြောက်မယ့်ကိစ္စဆိုပြီး ဘယ်သူတွေက ဘယ်လို အကောင်အထည်ဖော်ပေးမှာလဲဆိုတဲ့ အကြောင်းအရာတွေကို ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်းနဲ့ တွေ့ဆုံမေး မြန်းဖြစ်ခဲ့ပါတယ်။

ရုပ်ရှင်ဖိုရမ်ပြီးသွားတော့ ဘယ်လို အခန်းကဏ္ဍတွေခွဲပြီးတော့ ဘယ်လိုကိစ္စတွေကို ဆောင်ရွက်သွားဖို့ရှိမလဲဆိုတာကို သိချင်ပါတယ်။

ကျွန်တော်ကတော့ ရုပ်ရှင်ဥပဒေကို ပိုပြီးတော့ အလေးအနက်ထားတယ်။ ဘာဖြစ်လို့လဲဆိုရင် ဆွေးနွေးအဖြေရှာခဲ့တဲ့ အချက်အလက်တွေ အတော်များများက ရုပ်ရှင်ဥပဒေအသစ်ပြီးသွားလို့ နည်း ဥပဒေထဲမှာ အားလုံးကို အကျုံးဝင်အောင် ထည့်သွင်းလိုက်လို့ရှိရင် အခုဖြစ်နေတဲ့ ပြဿနာအတော်များ များ ဖြေရှင်းသွားနိုင်ဖို့ရှိတယ်ဆိုတဲ့ နည်းလမ်းတစ်ခုကို သွားတွေ့ပါတယ်။ ချက်ချင်းဆောင်ရွက်ရမယ့် ကိစ္စရှိတယ်။ ရုပ်ရှင်ပြသရေးစနစ်ကတော့ အရင်လိုမျိုးပဲ အဖြေရှာရခက်တဲ့ ပြဿနာတစ်ခုဖြစ်နေတော့ ကျန်ခဲ့တယ်။ ရုံတင်ပြသရေးစနစ်ကတော့ ကျန်ခဲ့တဲ့သဘောပေါ့။ ဖိုရမ်တစ်ခုလုံးကို ခြုံငုံသုံးသပ်ရင်တော့ စာချုပ်၊ စာတန်းတွေနဲ့ လုပ်သင့်တယ် ဆိုတဲ့အချက်ကို အားလုံးသဘောတူ ညီလာတာမျိုးကို တွေ့ရတဲ့အတွက် စာချုပ်နဲ့ တိတိကျကျလုပ်ပြီဆိုရင် ဘယ်လိုစာချုပ်အချက်အလက်တွေ နဲ့ လုပ်ကြမလဲဆိုတာကို စတင်ဆောင်ရွက်ရမှာရှိတယ်။ တစ်ပတ် အတွင်း ဆွေးနွေးမှုအနှစ်ချုပ်တွေကို လုပ်ပြီးပြီဆိုရင်တော့ ကော်မတီတစ် ခုဖွဲ့ပြီး ဆက်လက်အကောင်အထည် ဖော်ဖို့တွေ ရှိနေပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေ မရိုက်ကူးခင် အနုပညာရှင်၊ အတတ်ပညာ ရှင်တွေအားလုံး စာချုပ်စာတန်း အတိအကျနဲ့ လုပ်မယ်ဆိုတာက အဲဒီစာချုပ်ဆိုတဲ့ ကိစ္စမျိုးကို ရုပ်ရှင် ဥပဒေထဲ ထည့်သွင်းရေးဆွဲဖို့ လို၊ မလိုပေါ့။ ပြီးတော့ အဲဒီစာချုပ် ဆိုတာကို ဘယ်လိုပုံစံနဲ့ သွားကြမှာလဲဆိုတာလေး သိချင်ပါတယ်။

တကယ်တော့ စာချုပ်တစ်ခုဆို တာဟာ အဲဒီစာချုပ်ပေါ်မှာ လက် မှတ်ထိုးကြမယ့်လူတွေနဲ့ပဲ ဆိုင်ပါ တယ်။ စာချုပ်ဆိုတာကို အစိုးရက အတည်ပြုပေးမှရယ်လို့တော့ မဟုတ် ပါဘူး။ တည်ဆဲဥပဒေအရ စာချုပ် စာတန်းကိစ္စကို လုပ်ရုံပါပဲ။ တစ်ခုရှိ တာကတော့ ရုပ်ရှင်အစည်းအရုံး အနေနဲ့ကတော့ စာချုပ်ဆိုတာကို ဘယ်လိုအချက်အလက်တွေနဲ့ လုပ်ရ တယ်ဆိုတာကို နမူနာပုံစံတွေနဲ့ နိုင်ငံတကာမှာ ဘယ်လိုစာချုပ် ချုပ် ဆိုကြတာဆိုတာကိုတော့ Guide Line ပေးရမှာပေါ့။ စာချုပ်ဟာ လူတိုင်းအားလုံးအတွက် တစ်ပုံစံတည်းလည်း ဖြစ်လို့မရဘူး။ အခြေအနေအကြောင်းတရားအရ လူပုဂ္ဂိုလ်တွေအပေါ်မှာ မူတည်သေးတယ်လေ။

သမ္မတဦးသိန်းစိန်လက်ထက်တုန်းက အင်းစိန်မြို့နယ်၊ အာလိန်ငါးဆင့်အနီးမှာ တည်ဆောက်ဖို့လုပ်ခဲ့တဲ့ Myanmar Art Center အခြေ အနေကကော ဘယ်လိုဖြစ်သွားပြီလဲဆိုတာ သိချင်ပါတယ်။

ကျွန်တော်လည်း တအားသိချင်နေပါတယ်။ နောက်ဆုံး ဖေ့စ်ဘုတ် သတင်းအရကတော့ သမ္မတရုံး ဘတ်ဂျက်ထဲကနေလားတော့ မမှတ်မိပေမယ့် ဒေါ်လာတစ်သန်းကို Myanmar Art Center အတွက် လွှဲသွားတယ်လို့တော့ ဖတ်လိုက်ရတယ်။ ရုပ်ရှင်အစည်းအရုံးအနေနဲ့ကလည်း Center တည်ဆောက်ရေးမှာ ကော်မတီအဖွဲ့ဝင်တစ်ယောက်အနေနဲ့ပဲ ပါတာဖြစ်တယ်။ အဲဒီခေတ်တုန်းကတော့ ဆောက်လုပ်ရေး ဒုတိယဝန်ကြီးက Center ဆောက်လုပ်ရေး ကော်မတီဥက္ကဋ္ဌအနေနဲ့ ပါဝင်ထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့အစည်းအရုံးအနေနဲ့က အဲဒီ Center ကြီးရဲ့ အခြေအနေကို သိ ချင်ပါတယ်ဆိုပြီးတော့ ဆောက်လုပ် ရေးဝန်ကြီးဌာနကို တရားဝင် မေးထားတာကြာနေပြီ ဆိုပေမယ့်လည်း အခုအချိန်ထိ အကြောင်းမပြန်သေးပါဘူး။ စာရင်းဇယားကိစ္စတွေကိုတော့ ကျွန်တော်တို့ မသိရပါဘူး။ သူတို့ဘက်က မဆက်သွယ်လာပါဘူး။

ရုပ်ရှင်ဖောင်ဒေးရှင်းကကော အခုဘာတွေဆက်လုပ်ဖို့ ရှိမလဲဆိုတာ သိချင်ပါတယ်။

ရုပ်ရှင်ဖောင်ဒေးရှင်းအတွက် မတည်ငွေတွေကတော့ ကျွန်တော်တို့ အစည်းအရုံး Account ထဲကို ငွေ တွေဝင်ပြီးပါပြီ။ ရုပ်ရှင်ဖောင်ဒေး ရှင်းဆိုပြီး မတည်ငွေတွေသာ Account ထဲကို ဝင်သွားတာပဲရှိပါသေးတယ်။ ဖောင်ဒေးရှင်းအနေနဲ့ ဘယ်လိုနေရာတွေအတွက် ငွေသုံးမယ်၊ ဘယ်လိုအရာတွေအတွက် ငွေရှာမယ်ဆိုတဲ့ ကိစ္စတွေကိုတော့ သီးသန့်ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။

Film Fund လိုမျိုး ရုပ်ရှင်ကို အဘက်ဘက်က ကူညီပံ့ပိုးပြီး ငွေစိုက်ထုတ်ပေးနိုင်တဲ့ အဖွဲ့အစည်း မျိုးပေါ်လာရင် ရုပ်ရှင်လောကအတွက်
ဘယ်လိုကောင်းမွန်မှုတွေ များစွာ ရှိလာနိုင်မလဲဆိုတာကို သိချင်ပါတယ်။

ဒါသည် နိုင်ငံတော်ရဲ့ မူဝါဒနဲ့ ဆိုင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ အခွန်ငွေတွေကို ဘယ်လိုပြန်သုံးစွဲလဲဆိုတဲ့ နိုင်ငံတော်မူဝါဒနဲ့ ဆိုင်ပါတယ်။ ဥပမာ- ပုဂံဒေသက ကောက်ခံရရှိတဲ့ အခွန်ငွေတွေကို ပုဂံဒေသအတွက်ပဲ ပြန်သုံးတယ်ဆိုတဲ့ ပေါ်လစီမျိုး ကျွန်တော်တို့ တိုင်းပြည်မှာ မရှိသေးဘူး။ အနယ် နယ် အရပ်ရပ်က ရရှိလာတဲ့ အခွန်တွေအားလုံးကို စုထည့်ပြီးတော့မှ တိုင်းဒေသကြီး တစ်ခုစီအလိုက် ခွဲတမ်းနဲ့ပြန်သုံးတဲ့စနစ်ကိုသုံးနေတာဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ ရုပ်ရှင်လောကကကော အခွန်တွေ ဘယ်လောက်အထိ ဆောင်မှာလဲ၊ ဆောင်ပြီးရင် ရုပ်ရှင် လောကကပေးဆောင်တဲ့ အခွန်တွေကို ရုပ်ရှင်လောကအတွက်ပဲ ပြန်သုံးမယ်ဆိုတဲ့ ပေါ်လစီရှိလာမှ အဲဒီ Film Fund ဆိုတာ ဖြစ်လာမှာဖြစ်တယ်။ ဒီကနေ့ အစ်ကိုတို့တိုင်းပြည်အစိုးရရဲ့ ပေါ်လစီအရကတော့ မဖြစ် နိုင်သေးဘူး။ တကယ်လို့ Film Fund ဆိုတာသာ ဖြစ်လာခဲ့ပြီဆိုရင် ရုပ်ရှင်လူ့စွမ်းအား အရင်းအမြစ်တွေလည်း တိုးတက်လာမယ်။ ဇာတ်ကားကောင်း အရေအတွက်တွေလည်း တိုးတက်လာမယ်။ နိုင်ငံတကာဆိုတဲ့ အဆင့်တွေအထိ ဖြစ်လာလိမ့်မယ်။

ထက်လူ

credit##popular myanmar