မြ၀တီ - မြ၀တီ - ကျန်းမာရေးသတင်း / 3 days ago
သလဲသီးသည် အခွံမာသီးဖြစ်ပြီး ရုက္ခဗေဒ အမည်အားဖြင့် Punica Granatum Linn ဟုခေါ်သည်။ သစ်ပင်၏ မူရင်းဒေသမှာ အီရန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ဟိမဝန္တာ ဒေသတွင် ရှေးယခင်ကပင် စိုက်ပျိုးခဲ့ကြရာမှ အာရှ၊ အာဖရိကနှင့် ဥရောပတိုက် မြေထဲပင်လယ်ဒေသ အထိ ပျံ့နှံ့သွားသည်။ အီဂျစ်လူမျိုးတို့ မှတ်သားခဲ့သော ကျမ်းစာအရ ရှေးခေတ် ဘေဘီလုံမြို့သူမြို့သားတို့သည် သလဲသီးကိုအမျိုးမျိုး အသုံးပြုခဲ့ကြကြောင်းနှင့် သဲကန္တာရတွင် သွားလာကြသူများကလည်း ရေငတ်ပြေအောင် ဖျော်ရည်အဖြစ် သောက်ကြကြောင်း သိရသည်။
အေဒီ ၁၄၁၆ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ သလဲပင် စိုက်ပျိုးကြသည်။ ထိုကာလ နောက်ပိုင်း အိန္ဒိယနှင့် အရှေ့တောင်အာရှ အပူပိုင်းဒေသများ၊ အာဖရိကတိုက် အပူပိုင်းဒေသများ၊ အီဂျစ်၊ တရုတ်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အီရန်၊ အီရတ်၊အိန္ဒိယ၊ မြန်မာနှင့် သြစတြေးလျနိုင်ငံတို့တွင် စိုက်ပျိုးလာကြသည်။ အစ္စရေးနိုင်ငံ ကမ်းရိုးတန်းဒေသ လွင်ပြင်များနှင့် ဂျော်ဒန်နိုင်ငံ မြစ်ဝှမ်းတို့တွင်လည်း သလဲပင်ကို စီးပွားဖြစ် စိုက်ပျိုးကြသည်။
၁၆၂၁ ခုနှစ် မှတ်တမ်းများအရ ဘာမူဒါနိုင်ငံတွင် သလဲပင်များကို သဘာဝအလျောက် ပေါက်ရောက်သော အပင်များ အဖြစ် တွေ့ရသော်လည်း ဘဟားမား နိုင်ငံတွင်မူ ကြိုးကြားကြိုးကြားသာ တွေ့မြင်ရသည်။ အနောက်အိန္ဒိယ ကျွန်းစု များနှင့် ပူနွေးသော အမေရိကတိုက် တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင်လည်း ခပ်ကျဲကျဲသာ တွေ့ရသည်။ ဟွန်ဒူးရပ်စ်နိုင်ငံ၏ ကုန်းမြင့် အအေးပိုင်းဒေသများတွင်မူ သဘာဝ ပေါက်ပင်မဟုတ်ဘဲ လူတို့ စိုက်ပျိုးသော သလဲပင် များတွေ့ရသည်။ ကာလီဖိုးနီးယားတွင် စပိန်နိုင်ငံမှ ရွှေ့ပြောင်း အခြေချ နေထိုင်သူတို့ ယူဆောင်လာသော သလဲပင်များ စိုက်ပျိုးကြပြီး အမေရိကန်နိုင်ငံ အပူပိုင်းဇုန်များနှင့် အရီဇိုးနားပြည်နယ်တို့တွင် စီးပွားဖြစ်စိုက်ပျိုးကြရာ ဧက ၂ဝဝဝ အထိ ရှိသည်။ ၁၉၃ဝ ပြည့်နှစ်တွင် ဈေးကွက် ဝယ်လိုအား ကျဆင်းသဖြင့် စိုက်ပျိုးမှု လျော့နည်း ခဲ့သော်လည်း ၁၉ဝ၆ ခုနှစ်တွင် ဈေးကွက်ဝယ်လိုအား တိုးတက်လာသည့် အလျောက် စိုက်ပျိုး ထုတ်လုပ်မှုလည်း များပြားလာခဲ့သည်။ ၎င်းဒေသများ၌ စိုက်ပျိုးသော သလဲပင် အမျိုးမျိုး ရှိကြသကဲ့သို့ သလဲသီး အရွယ်အစားလည်း အမျိုးမျိုး ရှိကြသည်။
အရောင်အသွေးမှာလည်း အညိုရင့်၊ အဖြူ၊ ပန်းရောင်ဖျော့၊ အနီရင့်၊ ပန်းရောင်ရင့်နှင့် သွေးနီရောင် အပါအဝင် ရောင်စုံရှိကြသည်။ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများနှင့် ရှမ်းပြည်နယ် တို့တွင် သလဲပင်များ စိုက်ပျိုး အောင်မြင်လျက်ရှိသည်။ ဘယ်ရီသီး မျိုးနွယ်ဝင်ဖြစ်သော သလဲသီးသည် အကောင်းဆုံး ဆေးဖက်ဝင်သီးနှံ များတွင် ပါဝင်ခြင်းကြောင့် ဧဒင်ဥယျာဉ်သီး(Fruits of paradise) ဟူသော အမည်ဖြင့် အနောက်နိုင်ငံ များက တင်စားခေါ်ဝေါ်ကြသည်။ နိုင်ငံတကာ ဆေးသုတေသီများ၏ လေ့လာ တွေ့ရှိချက်များအရ ဆေးဖက်ဝင် သလဲသီး၏ အစွမ်းအာနိသင်များကို စုစည်း တင်ပြ လိုက်ပါသည်။
သဘာဝအာဟာရ
၁၇၄ ဂရမ် အလေးချိန်ရှိသော သလဲသီး၏ ဗမငျူ ခေါ် အနီရောင်အစေ့လေးများထဲတွင် အမျှင်ဓာတ် ၇ ဂရမ်၊ ပရိုတင်း ၃ ဂရမ်၊ ဗီတာမင်စီ ၃ဝ ရာခိုင်နှုန်း၊ ဗီတာမင်ကေ ၃၆ ရာခိုင်နှုန်း၊ ဖောလိပ် ၁၆ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၁၂ ရာခိုင်နှုန်းတို့ ပါရှိသည်။
မှည့်၍ အရသာချိုသော သလဲသီးအနီရောင်အစေ့လေးများထဲတွင် သကြား ၂၄ ဂရမ်နှင့် ကယ်လိုရီ ၁၄၄ ပါရှိသည်။
ဆေးဖက်ဝင် ဓာတ်ပေါင်းစု
သလဲသီးထဲတွင် Punicalagins နှင့် Punicic အက်စစ်ဟူ၍ ဆေးဖက်ဝင် ဓာတ်ပေါင်းစုများ ပါရှိသည်။ Punicalagins ဆိုသည်မှာ အစွမ်းထက်မြက် သဘာဝ ဓာတ်တိုးဆန့်ကျင် ပစ္စည်းဖြစ်ပြီး ၎င်းပစ္စည်းမှာ အနီရောင်ဝိုင်နှင့် လက်ဖက်စိမ်းရွက်များထက် သုံးဆမျှ ပိုမို၍ ဆေးစွမ်း ထက်သည်။ အထူးသဖြင့် Punicalagins ပစ္စည်းသည် သလဲသီး၏ အခွံထဲတွင် ပါရှိခြင်းကြောင့် ၎င်းအခွံကို ကြိတ်ချေ၍ ဖျော်ရည်အဖြစ် သောက်သုံးသင့်သည်။ Punicic အက်စစ်သည် ဆေးဖက်ဝင် ဖက်တီး အက်စစ် အမျိုးအစားဖြစ်ပြီး အထူးသဖြင့် ၎င်းအက်စစ်ကို သလဲသီး၏ အစေ့တွေထဲ တွေ့ခြင်းကြောင့် သလဲသီးကို အစေ့ပါ ဝါးစား သင့်ပါသည်။
ရောင်ရမ်းမှုများကို ကာကွယ်နိုင်
အနေတော် အရွယ်ရှိ သလဲသီးတစ်လုံးသည် လူတစ်ဦးအတွက် ဗီတာမင်စီ တစ်နေ့တာ လိုအပ်ချက် ပမာဏ၏ ၄ဝ ရာခိုင်နှုန်းကို ဖြည့်တင်းပေးနိုင်ပြီး ကင်ဆာ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါများကြောင့် ဖြစ်ပွား တတ်သော ရောင်ရမ်းမှု များကို လျှော့ချပေးနိုင်ပြီး အဝလွန်ခြင်းကို တိုက်ဖျက် ပေးနိုင်သည်။ ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများမှ ကာကွယ် ပေးနိုင်သည်။ အသီးထဲရှိ Punicalagins ခေါ် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းက အူမကြီးကင်ဆာ၊ အရေပြား ကင်ဆာ၊ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ အလားအလာတို့ကို လျှော့ချ ပေးနိုင်သည်။ ဆီးချိုရောဂါ ရှိသူအတွက် သလဲသီးဖျော်ရည် ၂၅ဝ မီလီလီတာ နေ့စဉ် သောက်ပေးခြင်းဖြင့် ရက်သတ္တ ၁၂ ပတ်ကြာသောအခါ ဆီးချိုပမာဏ သိသိသာသာ လျှော့ချသွားကြောင်း လေ့လာ တွေ့ရှိရသည်။ လတ်တလော လေ့လာစမ်းစစ်ချက်အရ သလဲသီးသည် ရင်သား ကင်ဆာကိုလည်း သက်သာစေနိုင်ပြီး စမ်းသပ်မှု အသေးစိတ်ကို ဆက်လက်၍ စူးစမ်းလျက် ရှိကြောင်း သိရသည်။ နှာခေါင်း သွေးလျှံခြင်းကို သလဲသီး အရည် လက်ဖက်ရည်ဇွန်း သုံးဇွန်းကို ကြက်ဥ အကာတစ်လုံးနှင့် တစ်နေ့သုံးကြိမ် သောက်ပေးခြင်းဖြင့် ရောဂါပျောက်ကင်း စေနိုင်သည်။
ဆီးကျိတ်ကင်ဆာအတွက် ဆေးကောင်းတစ်ခွက်
UCLA တက္ကသိုလ်၏ လေ့လာချက်များအရ ဆီးကျိတ်ကင်ဆာအတွက် ကုသမှု ခံယူနေသော အမျိုးသား တစ်ဦးသည် တစ်နေ့လျှင် သလဲသီးဖျော်ရည် ၈ အောင်စခန့် ပုံမှန် သောက်သုံး ခြင်းဖြင့် ဆီးကျိတ်ကင်ဆာ အခြေအနေ ကို ဖော်ပြနေသော သွေးအတွင်းမှ PSA ပမာဏ မြင့်တက်မှု နှုန်းကို လျှော့ချပေးနိုင်ပြီး ကင်ဆာအကျိတ် ကြီးထွားမှုကို ဟန့်တား ပေးနိုင်ခြင်းကြောင့် အသက် သေဆုံးမှုနှုန်းကို လျှော့ချပေးနိုင်သဖြင့် အမျိုးသားများအတွက် သက်စောင့်ဆေး အဖြစ်ဖြင့် ၎င်းဆေးဖျော်ရည်ကို ဇွဲရှိရှိဖြင့် အချိန်ကြာကြာ သောက်ပေးဖို့ လိုပါသည်။
သွေးတိုးခြင်းကို လျှော့ချပေးနိုင်
သွေးတိုး ရောဂါသည်များအတွက် သတင်းကောင်းမှာ သလဲသီး ဖျော်ရည်ကို ၁၅ဝ မီလီလီတာ (၅ အောင်စ) နှုန်းဖြင့် နေ့စဉ် သောက်သုံးပေးခြင်းဖြင့် ရက်သတ္တ နှစ်ပတ်အကြာတွင် နာတာရှည် သွေးတိုးခြင်း ပြဿနာ ကို လျှော့ချ ပေးနိုင်သည်။
အရိုးအဆစ် ရောင်ရမ်းနာ များကို သက်သာစေနိုင်
စမ်းသပ်ခန်းသုံးကြွက်များဖြင့် စမ်းသပ်ခဲ့ရာ သလဲသီးက anti-inflammatory ခေါ်အဆစ် အမျက် ရောင်ရမ်းနာများကို တိုက်ထုတ်ပေးနိုင်သော အစွမ်းသတ္တိရှိပြီး အရိုးအဆစ် ပျက်စီး စေသည့် enzymes ကို တားမြစ်ပေးနိုင်ကြောင်း သိရသည်။ သို့သော် အရိုးအဆစ် ရောင်ရမ်း နာလူနာများအတွက် ကိုတော့ ဆက်လက် သုတေသန ပြုလုပ်လျက် ရှိကြောင်း သိရသည်။
အစာကြေညက်စေနိုင်
လူတစ်ဦးအတွက် တစ်နေ့တာ အမျှင်လိုအပ်ချက် ပမာဏ၏ ၄၅ ရာခိုင်နှုန်းခန့်ကို အနေတော် အရွယ်ရှိ သလဲသီး တစ်လုံးမှ လုံလောက်စွာ ရရှိနိုင်မည်ဖြစ်သည်။ အမျှင်ဓာတ် ကြွယ်ဝခြင်း ကြောင့်လည်း သလဲသီးက အစာကြေ ညက် စေသည်။
ကိုယ်ခံအား ကောင်းစေနိုင်
ဗီတာမင်စီ အရင်းအမြစ် ဖြစ်သည့် သလဲသီးကို စားပေးခြင်းဖြင့် ကိုယ်ခံစွမ်းအား တိုးတက် မြင့်မားလာပြီး အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ ဖျားနာစသော ရာသီပေါ် ကူးစက်ရောဂါတို့ မဖြစ်စေရန် ကာကွယ် ပေးနိုင်ပါသည်။
ဟော်မုန်းဓာတ်
Queen Margaret University မှ လေ့လာမှု မှတ်တမ်းများအရ တစ်ဖန်ခွက်စာ ပမာဏရှိသော သလဲသီး ဖျော်ရည်ကို သောက်သုံးပြီးနောက် အမျိုးသားရော အမျိုးသမီးများပါ Testosterone ဟော်မုန်းအား ကောင်း လာကြောင်း သုတေသီများက တွေ့ရှိထားကြသည်။ ၎င်း သုတေသနတွင် ပါဝင်နေသူများ၏ ၄၇ ရာခိုင်နှုန်းမှာ သလဲသီး ဖျော်ရည်ကို သောက်သုံးနေသူများ ဖြစ်ပြီး တခြားသော ဖျော်ရည် ယမကာများကို သောက်သုံး နေသူများ၏ ၃၂ ရာခိုင်နှုန်းသော သူများထက် ဟော်မုန်းဓာတ် ပြန်လည် တိုးတက် ကောင်းမွန် လာကြောင်း၊ ဤသို့ဖြစ်ရခြင်းမှာ သလဲသီးတွင် ပါဝင်သော ဓာတ်တိုးဆန့်ကျင် အာနိသင်မှာ သွေးလည်ပတ်မှုကို နှောင့်နှေးစေသော မော်လီ ကျူးများ ပြန့်ပွားမှုကို ဟန့်တား ပေးနိုင်စွမ်း ရှိကြောင်း လေ့လာ မှတ်သားရပါသည်။
အရွယ်တင် နုပျိုစေနိုင်
သလဲသီးထဲရှိ Polyphenolic ဓာတ်ပေါင်းစုက ဆဲလ်များကို ပျက်စီးစေသော ဖရီးရယ်ဒီကယ်များ အန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်းကြောင့် အသားအရေကို စိုပြည်စေရန်၊ အရွယ်တင် နုပျိုစေရန်၊ နှုတ်ခမ်းနှင့် မျက်ဝန်းတစ်ဝိုက် အရေးကြောင်းများ မဖြစ်စေရန်တို့ အတွက် သလဲသီးက ကောင်းကျိုးပြုသည်။ နှုတ်ခမ်းသား ညိုမည်းနေသူများ အနေဖြင့် သလဲသီးကို အစေ့ဖယ်ပြီး ရလာတဲ့ အသားဖတ်လေးတွေကို ထောပတ်နှင့်နယ်၍ နှုတ်ခမ်းသားတွေကို သုတ်လိမ်းပေးခြင်းဖြင့် ပန်းနုရောင် နှုတ်ခမ်းသားအလှကို ပိုင်ဆိုင် စေသည်။ သလဲသီးနှင့် သလဲသီး ဖျော်ရည်က ခန္ဓာကိုယ်ကို အေးမြပြီး ကိုယ်တွင်း အပူကို အလိုလို စုပ်ယူပစ်နိုင်သဖြင့် နေ့စဉ် စားသုံးသင့်ပါသည်။
စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်
အထူးသဖြင့် စိတ်ဖိစီးမှုကိုဖြစ်စေသော Cortisol ဟော်မုန်းကို ကြက်သွေးရောင် တောက်တောက် (နီညိုရောင်) သလဲသီးက လျှော့ချ ပေးနိုင်ပါသည်။
ကိုလက်စထရော ချပေးနိုင်
လေ့လာမှု မှတ်တမ်းများအရ ကိုလက်စထရောနှင့် Triglycerides များနေသော လူနာ ၅၁ ဦးကို တစ်ရက်လျှင် သလဲသီးအစေ့ ၈ဝဝ မီလီဂရမ်နှုန်းဖြင့် ရက်သတ္တ လေးပတ်ကြာ စားစေခဲ့ပြီးနောက် ကျန်းမာရေး စစ်ဆေးခဲ့ရာ ၎င်း ၅၁ ဦးစလုံးတွင် မကောင်းသော ကိုလက်စထရောများ ကျသွားပြီးနောက် ကောင်းသော ကိုလက်စထရောများ မြင့်တက် လာကြောင်း တွေ့ရသည်။ နောက်ထပ် လေ့လာမှု တစ်ခုအရ ဆီးချိုအမှတ်-၂ ရောဂါအပြင် ကိုလက်စထရော များနေသော ကြွက်များနှင့် လူနာများကို သလဲသီးဖျော်ရည် တိုက်ကျွေးခဲ့ရာ Oxidative Damage ကြောင့် ဖြစ်ပေါ် လာသည့် မကောင်းသော LDL Cholesterol ကို ချပေး နိုင်ကြောင်း သိရသည်။
နှလုံးကို ကောင်းကျိုးပြုနိုင်
သလဲသီးထဲမှာ ပါရှိသော Punicic ခေါ် ဖက်တီး အက်စစ်က နှလုံးအတွက် ဆေးဖက်ဝင်သည့် အပြင် သလဲသီးထဲတွင် Polyphenols ခေါ် စွမ်းအားမြင့် ဓာတ်တိုး ဆန့်ကျင်ပစ္စည်း တစ်မျိုး ပါဝင်ခြင်းကြောင့် ဖရီးရယ်ဒီကယ်လ်ကြောင့် နှလုံးသွေးကြော နံရံတွေ ပျက်စီးခြင်းမှ ကာကွယ် ပေးနိုင်ပါသည်။
ဗက်တီးရီးယားနှင့် မှိုပိုးမွှားကို တိုက်ထုတ်ပေးနိုင်
သလဲသီးထဲတွင်ပါရှိသော Gingivitis,Periodontitis နှင့် Denture Stomatitis ဓာတ်များက Candida Albicans Yeast ခေါ် လူကို ဘေးဖြစ်စေသည့် ဗက်တီးရီးယားနှင့် မှိုများကို တိုက်ထုတ် ပေးနိုင်စွမ်းရှိသည်။ အထူးသဖြင့် ခံတွင်းနှင့် သွားဖုံးထဲရှိ ပိုးများကို ကာကွယ် ပေးသည့်အပြင် သလဲသီးထဲရှိ ဟိုက်ဒရိုကလိုရစ်ဓာတ်က သွားချေး (သွားခြေရှိ အညစ် အကြေး) ကျောက်တည်မှုကို ထိရောက်စွာ ကာကွယ် ပေးနိုင်ခြင်းကြောင့် သွားသန့်ရှင်းရေး အတွက် သလဲသီး ဖျော်ရည်ဖြင့် ပလုတ်(အာလုတ်) ကျင်းပေးသင့်ပါသည်။
မှတ်ဥာဏ်ကောင်းစေနိုင်
လေ့လာ စမ်းစစ်မှု မှတ်တမ်းများအရ အကြီးစား ခွဲစိတ်ခန်းဝင်ပြီးနောက် လူနာများကို သလဲသီး ၂ အောင်စ ကျွေးပေးခြင်းဖြင့် ခပ်မြန်မြန် စိတ်ကြည်လင် လန်းဆန်း လာစေကြောင်း၊ မှတ်ဥာဏ်အားနည်းသော သက်ကြီးရွယ်အိုတို့အား သလဲသီးဖျော်ရည် ၈ အောင်စ နေ့စဉ် တိုက်ကျွေးခြင်းဖြင့် မှတ်ဥာဏ် ဖွံ့ဖြိုး တိုးတက် လာကြောင်း၊ စမ်းသပ်ခန်းသုံးကြွက်ဖြူများကို သလဲသီး ကျွေး၍ စမ်းသပ်ခဲ့ရာ Alzheimer ခေါ် ဦးနှောက်ဇရာ အကြို ဖြစ်ခြင်းမှ ကာကွယ် ပေးနိုင်ကြောင်း၊ ပါကင်န်ဆဲန်ခေါ် ခြေတုန်လက်တုန် ရောဂါကို သက်သာစေကြောင်း လေ့ လာ သိရှိရပါသည်။
လေ့ကျင့်ခန်း ကောင်းကောင်း လုပ်နိုင်
အားကစားသမား ၁၉ ဦးကို Treadmill ခေါ် လမ်းလျှောက်စက်ပေါ် မတက်ခင် နာရီဝက်ခန့် အလိုမှာ သလဲသီး ၁ ဂရမ် စား စေပြီးနောက် လေ့ကျင့်ခန်း လုပ်စေခဲ့ရာ သလဲသီးက သွေးလည်ပတ်မှု အားကောင်း စေခြင်းကြောင့် လေ့ ကျင့်ခန်း ကောင်းစွာ လုပ်နိုင်ကြောင်း လေ့လာ တွေ့ရှိရသည်။ သလဲသီးထဲမှာ ပါရှိသည့် ချေဖျက် လွယ်သော နိုက်ထရိတ် ဓာတ်ပေါင်းစုများက အလွန်အမင်း မောပန်းမှုကို မဖြစ်စေဘဲ သက်လုံ ကောင်းစေပါသည်။
မြန်မာပြည်တွင် သလဲသီးသည် ရှားပါးပစ္စည်း ဖြစ်ခြင်းကြောင့် ဈေးနှုန်း မချိုသာလှသော်လည်း ဘဝ ကျန်းမာရေးအတွက် သူမတူအောင် ကောင်းကျိုးပြုနိုင်သော ဆေးဖက်ဝင် သလဲသီးကို ကိုယ်တိုင် စိုက်ပျိုး ထုတ်လုပ်စားသုံးရန် သင့်ပါသည်။ သလဲသီးသည် ဆေးဖက်ဝင် မှန်သော်လည်း ဗီတာမင်စီကြွယ်ဝသော သစ်သီး ဖြစ်ခြင်းကြောင့် ပဋိဇီဝဆေးဝါးများနှင့် တွဲ၍ မစားသင့်ကြောင်း၊ သလဲသီး သို့မဟုတ် သလဲသီးဖျော်ရည် သောက်ပြီးနောက် အနည်းဆုံး လေးနာရီခန့် ကြာမှသာ ပဋိဇီဝဆေးဝါးများကို သောက်သုံး သင့်ပါကြောင်း လေ့လာ စမ်းသပ် တွေ့ရှိသူများက အကြံပြု ထားပါသည်။
ကျန်းမာရေး ဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာန၏ လေ့လာတွေ့ရှိမှုအရ မြန်မာနိုင်ငံတွင် သလဲသီးပင် နှစ်မျိုးရှိရာ တစ်မျိုးက အပွင့်ပွင့်လျက် အသီးမသီးဘဲ နောက်တစ်မျိုးက ပွင့်လည်းပွင့် သီးလည်းသီးကြောင်း သိရပါသည်။ သလဲသီးတွင် အချိုမျိုး၊ အချဉ်မျိုးနှင့် ချိုချဉ်မျိုး(အဖြုန်း) ဟူ၍ အရသာ သုံးမျိုးရှိကြပြီး အာနိသင်လည်း တစ်မျိုးစီ ရှိကြသည်။ သလဲချိုသီးသည် ဒေါသသုံးပါးကို နိုင်၏။ ရေငတ်ခြင်း၊ ကိုယ်ပူခြင်း၊ ဖျားခြင်း၊ နှလုံးရောဂါ၊ လည်ချောင်းရောဂါနှင့် ပါးစပ်ရောဂါ များကို ပယ်ပျောက်နိုင်၏။ ကြေညက် လွယ်၏။ အနည်းငယ်ဖန်၏။ ဝမ်းကိုအနည်းငယ် ချုပ်စေ၏။ ဦးနှောက် ကောင်းစေ၏။ ခွန်အားကို တိုးပွားစေ၏။ သလဲသီးသည်လည်း မြေကို အကျိုးပြု၏။ လေနှင့် သလိပ်ကိုနိုင်၏။ သလဲချိုချဉ်သီးသည် ဝမ်းမီးကိုတောက်စေ၏။ နှုတ်ကိုမြိန်စေ၏။ ကြေညက်လွယ်၏။ သည်းခြေကို အနည်းငယ် အကျိုးပြု၏ဟု ဖော်ပြ ထားကြောင်း တွေ့ရလေရာ ပတ္တမြားရောင် တလက်လက်နှင့် ဆေးဖက်ဝင် သလဲသီး၏ စွမ်းအင် ကြီးမားပုံကို ထပ်လောင်း ဖော်ပြ လိုက်ရပါသည်။ ။
မောင်ကျောက်ခဲ
No comments:
Post a Comment