Monday, September 5, 2016

၂ဝ၁၆ အိုလံပစ် ပြိုင်ပွဲဝင် မြန်မာ အားကစား သမားတို့၏ ပြိုင်ပွဲ အတွေ့ အကြုံများ

၂ဝ၁၆ အိုလံပစ် ပြိုင်ပွဲဝင် မြန်မာ အားကစား သမားတို့၏ ပြိုင်ပွဲ အတွေ့ အကြုံများ
မြ၀တီ - မြ၀တီ - အမှားအမှန် ပိုင်းခြားသိမြင် မြ၀တီနေ့ စဉ် / 25 minutes ago
ကမ္ဘာပေါ်တွင်ရှိသည့် အားကစားနည်း ၂၈ မျိုး ကျင်းပ ယှဉ်ပြိုင်ခဲ့သော
၂ဝ၁၆ ရီယို အိုလံပစ် ပြိုင်ပွဲကြီးကို သြဂုတ် ၅ ရက်မှ ၂၁ ရက်အထိ ဘရာဇီးနိုင်ငံ၌ ကျင်းပခဲ့သည်။ နိုင်ငံပေါင်း ၂ဝ၆ နိုင်ငံမှ ကစားသမားပေါင်း တစ်သောင်းကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အဆိုပါ ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ အားကစားနည်း ငါးမျိုးတွင်  ကစားသမား ခုနစ်ဦး သွားရောက် ယှဉ်ပြိုင်ခဲ့သည်။  အိုလံပစ် ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အားကစား သမားများ၏ ပြိုင်ပွဲ အတွေ့အကြုံ များကို စုစည်း တင်ပြ လိုက်ပါသည်-
စန်းယုထွေး (မြားပစ်)
ပထမဆုံးပြိုင်ရတာက ဖင်လန်က ကူပါနဲ့တုန်းက ကျွန်မက ကမ္ဘာ့ အဆင့် ၅၁၊ သူက အဆင့် ၁၄၊ ဒါပေမဲ့ တစ်ခု ရှိတာကျတော့ သူရတဲ့ အဆင့် ၁၄ ရတဲ့အမှတ်က ကိုယ်ပစ်ဖူးတဲ့ အမှတ် ဖြစ်နေတယ်၊ လေ့ကျင့်တဲ့ အချိန်တုန်းက ကိုယ်ပစ်ဖူးတယ်။ အဲဒီတော့ ပြိုင်ပွဲအတွက်   စိတ် လှုပ်ရှားပေမယ့်လည်း အရမ်းကြီး ကြောက်တဲ့စိတ် မဖြစ်ဘူး။ ကိုယ်လုပ်နိုင်တဲ့ အနေအထား ရှိတယ်ပေါ့နော်။ နည်းနည်းတော့ စိတ်လှုပ်ရှားတယ်။ တကယ် ပြိုင်ပွဲပြိုင်တော့ စိတ်ထိန်းနိုင် တယ်။ အဲဒီအချိန် သူကလည်း ပစ်တာ သိပ်မကောင်းတဲ့ အချိန်မှာ ကိုယ်ကလည်း နည်းနည်း ငြိမ်သွားတော့ သူ့ကို ခုနစ်မှတ် သုံးမှတ်နဲ့ နိုင်သွားတယ်။ ဒုတိယပွဲ အမေရိကန်က ဘရောင်းနဲ့ ပြိုင်ပွဲက တစ်ရက်တည်းမှာပဲ ဖင်လန်နဲ့ ကြားထဲမှာ တစ်ပွဲပဲခြားတာ၊ တစ်ပွဲကို ၈ မိနစ်လောက် ပဲကြာတာ။ သိပ်မကြာလိုက်တော့ သွေးကလည်းပူနေတယ်။ ဖင်လန်ကို နိုင်ထားတယ်ဆို တော့ စိတ်က အရမ်းကြီး မလှုပ်ရှားတော့ဘူး။ ကိုယ် ဘာလုပ်ရမယ် ဆိုတာသိတယ်။ စိတ်နဲ့ ကိုယ်နဲ့ ကပ်နေတော့ ပစ်ရတာ သူကောင်းကောင်း ပစ်ရင်တောင် မကြောက်ဘူး။ သူ့ကိုလည်း ခုနစ်မှတ် သုံးမှတ်နဲ့ပဲ နိုင်ခဲ့တာ။  အဲဒါနဲ့ ၁၆ ယောက်အဆင့်ကို တက်သွားတာ။  နောက်ဆုံး ပြိုင်တဲ့ ကိုရီးယားဆိုတာက ပြီးခဲ့တဲ့ လန်ဒန် အိုလံပစ်ပွဲမှာ ရွှေတံဆိပ် ရထားတာ။ သူ့ကို အား ကျတဲ့ စိတ်ကရှိတယ်။ သူကလက်ရှိ ကမ္ဘာ့ အဆင့် ၃။  သူရဖူးတဲ့ အမှတ်ကို မပစ်ဖူးဘူး။ အဲဒီ တော့ စိုးရိမ်စိတ်ရှိတယ်။ ကိုယ်လုပ်ရမယ့် အလုပ်ကိုပဲ  မှန်အောင်လုပ်မယ်လို့ စိတ်ထဲမှာထည့် သွားတာ။ တကယ်ပြိုင်တော့ စိတ်လှုပ်ရှားနေတယ်။ ပြီးတော့ ကိုရီးယား ပရိသတ်တွေက လည်း အများကြီးပဲ၊ ဘယ် ညာ အပြည့်ပဲ။ ပထမဆုံး သူ ရှစ်မှတ် ပစ်လိုက်တယ်။ ရှေ့ပွဲတုန်း ကဆိုရင် သူများ ရှစ်မှတ် ခုနစ်မှတ်ပစ်ရင် ကိုယ်က အေးဆေးပဲ စိတ်မလှုပ်ရှားဘူး။ သူနဲ့ ပစ်တော့ အရမ်းမငြိမ်ဘူး။ ကိုယ်မမှားအောင်သာ ထိန်းပစ်လိုက်ရတယ်။ စိတ်နဲ့ကိုယ်နဲ့   နည်း နည်းလွတ်ချင်နေတယ်။ နောက်ဆုံး မြားချောင်းမှာ ကိုယ်က ရှစ်မှတ်လောက် ပစ်ရင်တောင် ရမယ်ပေါ့။ ပစ်ရမယ့် ပုံစံထက် နည်းနည်း အားလျော့သွားတာ၊ အဲမှာ ခုနစ်မှတ် ဖြစ်သွားတယ်၊ ရှုံးသွားတယ်။ အဲဒီအချိန်မှာ နိုင်လိုက်မယ်ဆိုရင် ကိုယ့်အတွက်ဖြစ်ဦးမယ်။ ရှုံးသွားတော့ နည်း နည်းတော့ စိတ်ဓာတ် ကျသွားတာပေါ့။ နောက်တစ်ပွဲမှာကျတော့   မြားပစ်တာနဲ့ ဆိုင်တဲ့ နည်း ပညာပိုင်း နည်းနည်း အောက်သွားတာ။ လျော့သွားတယ်။ မြားတစ်ချောင်းက စက္ကန့် ၂ဝ ပဲရ တယ်။ အဲဒီအချိန်မှာ ပြန်ဆက်ဆွဲပြီးမှ ပစ်မယ်ဆိုလည်း အချိန်က မရတော့ဘူး။ ၄ စက္ကန့် လောက်ပဲကျန်တော့တာ။ ကိုယ်လည်းဘာမှ လုပ်လို့ မရတော့ဘူးလေ။ လျော့တဲ့အတိုင်း ပါ သွားတယ်။ အရမ်းကို စိတ်လှုပ်ရှားသွားတယ်။ ကိုယ်မှားသွားတာကို ပြန်ပြီးလုပ်လို့လည်း မရတော့ဘူး။ သူ့ကို ခြောက်မှတ် သုညမှတ်နဲ့ ရှုံးသွားတယ်။ ကျွန်မက အိုလံပစ်ပြိုင်ပွဲကို အခုမှ ပထမဆုံး ပြိုင်ဖူးတာ။ အိုလံပစ်ပြိုင်ပွဲက ကမ္ဘာ့အဆင့်ဆိုတော့ ပွဲ အပြင်အဆင်တွေရော၊ ကွင်း အနေအထားတွေက တော်တော်လေး ကောင်းကောင်းပြင်ဆင်ထားတယ်။  ပထမဆုံး ကွင်းထဲ သွားပြီး အစမ်းလေ့ကျင့်ရတဲ့ အချိန်တုန်းကဆိုရင် ကွင်းကိုကြည့်ပြီး လန့်သွားတယ်။  ကွင်းထဲ မှာ နေရာတိုင်းမှာလည်း ကင်မရာတွေရှိတယ်။  အဲလောက်ထိ ကောင်းတဲ့ကွင်းနဲ့ မပစ်ဖူးဘူး။ ဆီးဂိမ်းပြိုင်ပွဲ (၆) ကြိမ်ရှိပြီ။ ထိုင်းမှာ နှစ်တိုင်း ပြိုင်ပွဲရှိတယ်။ ကိုရီးယားမှာက ပြိုင်ပွဲ မပြိုင်ဖူး ပေမယ့် လေ့ကျင့်ဖူးတယ်။
အိအိသက် (ရေကူး)
အိုလံပစ်ပြိုင်ပွဲမှာ အတွေ့အကြုံ ရခဲ့တာတော့ ကျွန်မက အရင်ရေကူးတာ ဝေးပြိုင်တယ်။ အဲဒါ ဆိုတော့ ရေကူးတာတို အတွက်ကို မလေ့ကျင့်ဘူး။ နောက်ပိုင်း ဆိုရင်တော့ ရေကူးတာဝေးဆို တာဝေးအတွက်ပဲ လေ့ကျင့်မယ်၊ ရေကူးတာတိုဆို  ရေကူးတာတို အတွက်ပဲ လေ့ကျင့်မယ်။ တစိုက်မတ်မတ် လေ့ကျင့်မယ်။ အဲလိုမလုပ်ရင် စံချိန်မကောင်းမှာလည်း စိုးရိမ်တယ်။ အိုလံပစ် ပြိုင်ပွဲမှာတုန်းက မပြိုင်ခင် ငါးရက်လောက်အလိုမှာ ခရီးပန်းပြီး ဖျားသွားတယ်။ ဒီအိုလံပစ် ပြိုင်ပွဲက ထိပ်သီး အားကစားသမားတွေပဲ လာပြိုင်တာဆိုတော့ နောက်လာမယ့် ဆီးဂိမ်း အတွက် အတွေ့အကြုံတွေရတယ်။ အရှေ့တောင်အာရှ စံချိန်ကတော့ ၂၈ စက္ကန့်ကူးတယ်။ သူတို့ကတော့ ၂၄ စက္ကန့်နဲ့ ကူးတယ်။ နည်းနည်းတော့ ကွာသေးတယ်။ အခု အိုလံပစ်ပြိုင်ပွဲမှာ ရေကူး အားကစားသမားပေါင်း အယောက် ၈ဝ ဝင်ပြိုင်တယ်။ ကျွန်မရတဲ့ စံချိန်က ၃ဝ ဒသမ ၂၅ စက္ကန့်ရခဲ့တယ်။ ကျွန်မက ငါးနှစ်သမီးကတည်းက ရေစကူးတာ၊ ဖေဖေက သင်ပေးတာ။ နောက်ပိုင်းကျတော့ ပြည်နယ်နဲ့တိုင်း ပြိုင်ပွဲတွေမှာ ဝင်ပြိုင်တယ်။ အဲဒီမှာ စံချိန်ကောင်းသွား တော့ ရေကူးအဖွဲ့ချုပ်က ကျွန်မကိုခေါ်တယ်။ ကျွန်မ ခုနစ်တန်းကစပြီး နိုင်ငံတကာပြိုင်ပွဲတွေ မှာ စပြိုင်တယ်။ ပြည်တွင်းမှာတော့ ဆုရတာ အများကြီးပဲ သိပ်မမှတ်မိတော့ဘူး။ (၂၇) ကြိမ် မြောက် ဆီးဂိမ်းမှာတော့  တတိယဆုရခဲ့တယ်။
ရဲထွန်းနောင် (သေနတ်ပစ်)
အိုလံပစ်ပြိုင်ပွဲ အတွေ့အကြုံကတော့ နိုင်ငံတကာက အားကစားသမား ကောင်းတွေနဲ့ ယှဉ် ပြိုင်ရတော့ အတွေ့အကြုံတွေတော့ အများကြီးရခဲ့တယ်။ကွင်းအနေအထားက အရမ်းကောင်း တယ်။ လေ့ကျင့်တဲ့ပုံစံတွေ၊ ပစ်ခတ်မှုပုံစံတွေ ဒါတွေကို လေ့လာခွင့် ရခဲ့ပါတယ်။  ကျွန်တော် ပြိုင်ခဲ့တဲ့ ၆ ရက်နေ့မှာ ပထမအကြိမ် ပွဲစဉ်က ၁ဝ မီတာ လေပစ္စတို ပြိုင်ပွဲကို ပြိုင်ပွဲဝင်တဲ့ နိုင်ငံပေါင်း ၅ဝ လောက် ပါဝင်ပြိုင်တာမှာ ကျွန်တော်က အဆင့် ၃၃ ရခဲ့တယ်။ ၁ဝ ရက်နေ့ ဒုတိယအကြိမ်မှာတော့ မီတာ ၅ဝ free ပစ္စတိုပြိုင်ပွဲမှာ  အမှတ် ၅၅၂ နဲ့ အဆင့် ၁၇ ရခဲ့တယ်။ အိုလံပစ်မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့တာက ကိုရီးယား နိုင်ငံမှာကျင်းပတဲ့ ၂ဝ၁၅ ခုနှစ် ကမ္ဘာ့ ဖလား သေနတ်ပစ်ပြိုင်ပွဲမှာ ကျွန်တော် ငွေတံဆိပ်ဆု ရရှိခဲ့တဲ့အတွက် အိုလံပစ်ပြိုင်ပွဲမှာ ပြိုင်ဖို့ အောင်မြင်သွားတော့ သူတို့နိုင်ငံကနေ ပြိုင်ပွဲဝင်ပြိုင်ဖို့   ဖိတ်ကြားခြင်းခံ ရတာပါ။ ၂ဝ၁၃ ခုနှစ်  (၂၇) ကြိမ်မြောက် ဆီးဂိမ်းမှာ ကျွန်တော်ပြိုင်ပွဲ စပြိုင်တာဖြစ်ပါတယ်။ ဆုတံဆိပ် အနေနဲ့က စုစုပေါင်း ငွေသုံးခု၊ ကြေး နှစ်ခုရခဲ့ပါတယ်။ လာမယ့် (၂၈)ကြိမ်မြောက် ဆီးဂိမ်းအတွက် အားကစားသမား ၁ဝ ဦးနဲ့ နည်းပြသုံးဦးက လေ့ကျင့်ပေးနေပါပြီ။ ကျွန်တော်က တပ်မတော် သား တစ်ဦးအနေနဲ့ အခုလို သေနတ်ပစ် အားကစားမှာ လက်ရွေးစင် ဖြစ်လာအောင် တပ်မတော်က ကူညီပံ့ပိုးပေး ခဲ့ပါတယ်။ ကျွန်တော်ကတော့ သေနတ်ပစ် အားကစားကနေ မြန်မာနိုင်ငံ အတွက် ရွှေတံဆိပ် ဆုတွေ ရအောင် ကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်။
ဆွေလီမြင့် (ပြေးခုန်ပစ်)
ကျွန်မကတော့  မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်ကပါ။၂ဝဝ၅ ခုနှစ် ကျောင်းသား အားကစား ပြိုင်ပွဲကနေ အဆင့်ဆင့် ယှဉ်ပြိုင် ကစားလာရာကနေ မန္တလေး အားကစားနှင့် ကာယပညာ သိပံ္ပကျောင်းမှာ တက်ရောက်နေတုန်း   မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် ရန်ကုန် မှာ ရွေးချယ်ခံရပါတယ်။ ၂ဝဝ၈ ခုနှစ်မှာ စတင်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာ့ လက်ရွေးစင် အနေနဲ့ကတော့ ၂ဝ၁၃ ခုနှစ် အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ စတင်ယှဉ်ပြိုင် ကစားခွင့်ရခဲ့ပါတယ်။ ဒီဆီးဂိမ်းပြိုင်ပွဲ အပြေးမီတာ ၈ဝဝ ပြိုင်ပွဲနဲ့ မီတာ ၄ဝဝ လက်ဆင့်ကမ်း ပြိုင်ပွဲမှာ တတိယဆု ရရှိခဲ့ပါတယ်။    ၂ဝ၁၆ ခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲမှာ မီတာ ၈ဝဝ အပြေးပြိုင်ပွဲကို  ဝင်ရောက်ယှဉ်ပြိုင် ကစားရာမှာ နိုင်ငံတကာ ပြိုင်ပွဲ အတွေ့အကြုံ အများကြီး ရရှိပါတယ်။ ဘာလို့လဲဆိုတော့ ယခု သွားရောက်ယှဉ်ပြိုင် ကစားရတာက တကယ့်အင်အားကြီး နိုင်ငံတွေက အားကစားသမား ပေါင်း ၆၅ ဦးနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ အတွက် စံချိန်အားကောင်းတဲ့ သူတွေကို ယှဉ်ပြိုင်ရတာပါ။ အရှေ့တောင်အာရှ စံချိန်ကတော့ ၂ မိနစ် ၅ စက္ကန့်ပါ။ အိုလံပစ် ပြိုင်ပွဲမှာကတော့ ၂ မိနစ်နဲ့ ၁၆ စက္ကန့်ရပါတယ်။ ဒါ့ကြောင့် (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရအောင် ဆက်လက် ကြိုးစားသွားမှာပါ။
ရန်နိုင်စိုး (ဂျူဒို)
၃၂ သင်းအဆင့်မှာ ထရီနီဒတ်စ်တိုဘာကို နိုင်ငံက ကစားသမား တစ်ဦးနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပါတယ်။ ပြီးတော့ ၁၆ သင်း အဆင့်မှာ ဂျာမနီနဲ့ တွေ့ပါတယ်။ ဖြစ်ချင်တော့ ကျွန်တော်တို့ဆီက ယူသွားတဲ့  ဂျူဒိုကီက ကုမ္ပဏီတံဆိပ် ပါလို့ဆိုပြီး အဲဒီကီနဲ့ မကစားရဘဲ သူတို့ဆီက ကီနဲ့ပဲ ကစားရပါတယ်။  သူတို့ဆီက  ကီက ကျွန်တော့် ခန္ဓာကိုယ်နဲ့ တော်တယ်။ ဒါပေမဲ့ လက်ကတော့ သာမန်ထက်ကို ၆ လက်မလောက် ရှည်နေပါတယ်။ ဒါကြောင့်ပဲ    တစ်ဖက်ကစားသမားက အများကြီး အခွင့်အရေး ရသွားပါတယ်။ ဒီအင်္ကျီလက်ကို ဆုပ်ကိုင် လိုက်ရင် ရုန်းလို့လည်းမရ၊ ပြန်ကိုင်လို့မရ အဲ့လိုကိုဖြစ်ခဲ့တာပါ။ အဲဒီအချက်နဲ့ပဲ တစ်ဖက် ကစားသမားက ကျွန်တော့်ကို အနိုင်ယူသွားတာပါ။ ကျွန်တော်က ဘာမှကို  ပြန်မလုပ် လိုက် နိုင်ခဲ့ပါဘူး။  နိုင်ငံအလိုက်  အဆင့် ရပ်တည်မှုကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့ အဆင့် ၉ ရရှိခဲ့ပါတယ်။  ၁၉၉၆ ခုနှစ်မှာ မျိုးဆက်သစ် သင်တန်းသား အနေနဲ့ စကစားခဲ့ပါ တယ်။ ၂ဝဝဝ ပြည့်နှစ်မှာ နိုင်ငံ့လက်ရွေးစင် ကစားသမား ဖြစ်ခဲ့ပါတယ်။၂ဝဝ၁ ဆီးဂိမ်းမှာ ကြေးတံဆိပ် ရရှိခဲ့တယ်။ ၂ဝဝ၃ ဆီးဂိမ်းမှာ ငွေတံဆိပ်၊ ၂ဝဝ၅ ဆီးဂိမ်းမှာ ငွေတံဆိပ်ရခဲ့ပါ တယ်။ ၂ဝဝ၇ နဲ့ ၂ဝဝ၉ ဆီးဂိမ်းကို ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိဘဲ ကျွန်တော် နားခဲ့ပါတယ်။ ၂ဝ၁၁ ဆီးဂိမ်းကျတော့မှ ပြန်ပြီး ကစားခဲ့ပါတယ်။ အဲဒီမှာလည်း ငွေတံဆိပ်ပဲ ထပ်ရပါတယ်။ ၂ဝ၁၃ ခုနှစ် အိမ်ရှင်အဖြစ် လုပ်တဲ့ ဆီးဂိမ်းမှာတော့ ရွှေတံဆိပ်ဆု ရရှိခဲ့တယ်။ ၂ဝ၁၅ စင်ကာပူ ဆီးဂိမ်းမှာလည်း ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ ဒီနှစ် ၂ဝ၁၆ အိုလံပစ်ပြိုင်ပွဲ အတွက် ဇန်နဝါရီလက စပြီးတော့ တောက်လျှောက် လေ့ကျင့်ပြီး ဒီ Camp မှာပဲ နေခဲ့ပါတယ်။ အဓိက လိုအပ်တာက ပြိုင်ပွဲတွေကို အများကြီး ဝင်ရောက် ယှဉ်ပြိုင်ကစားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ မြန်မာတွေက သန်မာပါတယ်။ အနောက်တိုင်းသားတွေနဲ့ ကစားချိန်မှာ နည်း စနစ်ကသိပ်ပြီး ကွာဟတာမရှိဘူး။ ပြိုင်ပွဲ အတွေ့အကြုံကျတော့ အရမ်းကွာပါတယ်။ ပြိုင်ပွဲ အတွေ့အကြုံဟာ အရမ်းလိုအပ်ပါတယ်။ ကျွန်တော်တို့ ဂျူဒိုမှာဆိုရင် ပြိုင်ပွဲတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေ၊ နိုင်ငံတကာ ပြိုင်ပွဲတွေကို တတ်နိုင်သလောက် စေလွှတ်ပြီး ယှဉ်ပြိုင်ကြမယ်ဆိုရင်တော့ အတွေ့အကြုံတွေ အများကြီးရှိလာမှာပါ။ ဂျူဒို အားကစားမှာ အဓိက လိုအပ်တာတွေက သုံးလေးချက်လောက်တော့ရှိတယ်။ ရှေ့က ဦးဆောင်လမ်းပြ သွန်သင်ဆုံးမ ပြောဆိုမှုတွေလိုမယ်။ နည်းစနစ်၊ သန်မာမှု၊ စိတ်ဓာတ် စတာတွေပေါ့။  အဓိကတော့ စိတ်ဓာတ်ပါ။
credit##

No comments:

Post a Comment