Showing posts with label ဒေါ်အောင်ဆန်းစုကြည်. Show all posts
Showing posts with label ဒေါ်အောင်ဆန်းစုကြည်. Show all posts

Sunday, September 25, 2016



ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ လက်ရှိ မြန်မာနိုင်ငံမှာ လုံလောက်တဲ့ တိုးတက် မှုတွေရှိနေပြီး ရှေ့လျောက် နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေ မလိုအပ်တော့ ဘူးလို့ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့ထိပ်တန်း သတင်းမီဒီယာတခုဖြစ်တဲ့ CNN နဲ့တွေ့ဆုံမေးမြန်းခန်း မှာ ပြော ကြားလိုက် ပါတယ်။ ဒါ့အပြင် လွှတ်တော်မှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုလည်း ပြင်ဆင်နိုင်အောင် သူ့အနေနဲ့ ဆက်လက် ကြိုးပမ်းသွား မှာဖြစ်တယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
တနင်္ဂနွေနေ့က ထုတ်လွှင့်ပြသခဲ့တဲ့ အမေရိကန်အခြေစိုက် CNN ရုပ်သံဌာနက သတင်းထောက် Fareed Zakaria နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ သီးခြားတွေ့ဆုံမေးမြန်းခန်းကို မအင်ကြင်းနိုင်က ကောက်နုတ်တင်ပြမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို သူရဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ကုလသမဂ္ဂခရီးစဉ် အဆုံး မသတ်ခင် နယူးရောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲ တမ်းကိုယ်စား လှယ်ရုံးမှာ CNN သတင်းထောက် Fareed Zakaria က သီးခြားတွေ့ ဆုံမေးမြန်းခဲ့ တာပါ။
လက်ရှိမြန်မာနိုင်ငံမှာ သဘောထားတင်းမာတဲ့ စစ်အာဏာရှင်အုပ်ချုပ်တဲ့စနစ်ကနေ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ဆောင်နေတဲ့ ကာလမှာ နိုင်ငံတကာ ဖိအားပေးမှုတွေ လိုအပ်နေသေးတယ်လို့ အများကထင်နေချိန် တဘက်မှာလည်း ပိတ်ဆို့အရေးယူမှုအားလုံးကို ရုတ်သိမ်းဖို့ အမေရိကန်ဘက်က ဒီသတင်းပတ် အတွင်းဆုံးဖြတ်ခဲ့တာဆိုတော့ တကယ်ပဲ မြန်မာနိုင်ငံအနေနဲ့ ဖိအားပေးတာမျိုး မလိုရလောက်အောင် တကယ့် တိုးတက်မှုတွေရှိနေသလားလို့ Mr. Zakaria က ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့ပါတယ်။
ဒီမေးခွန်းကို ဒေါ်အောင်ဆန်းစုကြည် တုန့်ပြန်တာကတော့
“ကျမတို့ လုံလောက်တဲ့ တိုးတက်မှုတွေကို လုပ်ပြီးခဲ့ပြီလို့ ထင်ပါ တယ်။ နောက်ထပ် အဆင့်တက်လှမ်းဖို့ ကျမတို့ ကြိုးစားနေတာပါ။ အားလုံးပြီး တဲ့နောက်မှာ ပိတ်ဆို့ အရေးယူမှုဆိုတာ ကျမတို့ရဲ့ လုပ်ဆောင်မှုတွေမှာ အကူအညီပေးရုံပဲ ဖြစ်ခဲ့ပါတယ်။ (အမေရိကန်) ကွန်ဂရက်က ကျမတို့မိတ်ဆွေတွေကို ကျမရှင်းပြခဲ့တာက ပိတ် ဆို့အရေးယူမှုဆိုတာ ကျမတို့ အင်အားချိနဲ့ပြီး သန်မာမှုမရှိတဲ့ အချိန်မှာ ချိုင်းထောက် လိုပဲ အထောက်အကူပေးခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ ဒီချိုင်းထောက် ကို ဖြုတ်ြ ပီးတော့ ကိုယ်ရဲ့ကြွက်သွားတွေ သန်မာလာအောင် လုပ်ကိုလုပ်ရပါတော့ မယ်။”
ဒါပေမဲ့လည်း လွှတ်တော်မှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် စစ်တပ်ကို ကျော်လွန်ပြီး ဆောင်ရွက်လို့မ ရတဲ့အခြေအနေရှိနေတဲ့အချက်ကို Mr. Zakaria ကထောက်ပြီးမေးမြန်းရာ မှာတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေဆိုပါတယ်။
“ဟုတ်ပါတယ်။ စစ်တပ်ကရှိနေပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့အနေနဲ့ တရား ဥပဒေစိုးမိုးရေးမှာ ယုံကြည်မှုအပြည့်အ၀ရှိနေပြီး လတ်တလော အခြေအနေ အရ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်ဝင်နေသေးသရွေ့ ကျမတို့ ဒီဖွဲ့စည်းပုံကို လက်ခံထားပါတယ်။ ဒါပေမဲ့ လည်း ကျမတို့ ဒီဖွဲ့စည်းပုံ ကို ပြင်ဆင်ချင်ပါတယ်။ ကျမတို့ ရွေးကောက်ပွဲကာလတုန်းက ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကတိပေးခဲ့တာပါ။”
ဒါ့ပြင် ဖွဲ့စည်းပုံမှာ ဒီမိုကရေစီမရှိပဲနဲ့ ဒီမိုကရေစီ အတွက် ဆောင်ရွက်နေ ပါပြီလို့ ပြောလို့မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်ရင် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက အစဉ်တစိုက်ထောက် ပြနေတဲ့ ရခိုင်ပြည်နယ်ပြဿနာကိစ္စ ကိုလည်း Mr. Zakaria ကဒေါ်အောင်ဆန်း စုကြည်ကိုမေး ခဲ့ပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာ သာနိုင် ငံဖြစ်ပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တဦး ဦးဆောင်နေတဲ့ နိုင်ငံမှာ မွတ်စလင်လူ နည်းစုတွေကို ညှမ်းပန်းနှိပ်စက်တာ၊ အကြမ်းဖက်တာတွေ ဘာကြောင့် ဖြစ်နေရ သလဲဆိုတဲ့ မေးခွန်းအပေါ်မှာတော့
“ဒီ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကလည်း ပြီးခဲ့တဲ့ မတ်လကမှာ နိုင်ငံကို ဦးဆောင်ရ တာပါ။ ကျမဆန္ဒပြုသလို သဟဇာတဖြစ်မှု၊ နားလည်မှုနဲ့ သည်းခံခွင့် လွှတ်မှုစတဲ့ အချက်တွေဖြစ်လာဖို့ ကြိုးစားတဲ့နေရာမှာ ကျမတို့ ပြဿနာတွေ အများကြီးရှိပါတယ်။ ရခိုင်ပြည်နယ်က ပြဿနာကိုအဖြေရှာဖို့ ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေးကော်မရှင် ဖွဲ့စည်းခဲ့တာကို ကြားမိမှာပါ။ အဲဒီတုန်းကလည်း ဒီလိုပဲ ပြဿနာတွေက ဘာတွေလဲ၊ ဒါတွေဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ ရှင်မေးတဲ့မေးခွန်းတွေအတိုင်း ကျမတို့မေးခံရ ပါတယ်။ အခုလိုကြုံကြိုက်တုန်း ပြောပြရရင် ကျမတို့ရင်ဆိုင်နေရတဲ့ ဒီပြဿနာတခု တည်းမဟုတ်ပါဘူး။ ဒါပေမဲ့လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဒီတခုတည်းကိုပဲ အာရုံစိုက်နေတာပါ။ ဒါကြောင့် ကျမတို့အနေနဲ့ ရခိုင်အကြံပေးကော်မရှင်ကို ဖွဲ့စည်း ချိန်မှာ နိုင်ငံရေးပါတီအတော်များများ ဆန့်ကျင်ခဲ့ကြပါတယ်။ အခုလဲ အကြောင်း အမျိုးမျိုးနဲ့ ဆန့်ကျင်နေတုန်းပါပဲ။ ဒါကြောင့် အခက်အခဲတွေနဲ့ ကျမတို့ရုန်းကန်နေရ ပါတယ်။”
အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ မြန်မာအပေါ်လွှမ်းမိုးမှုနဲ့ အများစိုးရိမ်နေ တဲ့ မြစ်ဆုံ ဆည်စီမံကိန်း အကြောင်းကိုလည်း Mr. Zakaria က ဒေါ်အောင်ဆန်း စုကြည်ကို မေးရာမှာတော့-
“တရုတ်ဟာ ကျမတို့ကိုလွှမ်းမိုးမှုရှိအောင် ကြိုးစားနေတယ်လို့ ကျမမထင်ပါဘူး။ ဘယ်နေရာမှာမဆို အင်အားကြီးနိုင်ငံတွေက စီးပွားရေးအရ လက်ဦးမှုရှိအောင် သူတို့စွမ်းနိုင်သလောက် ကြိုးစားကြတယ်လို့ ကျမမြင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခုခေတ်ဟာ သံတမန်ရေးနည်း နဲ့ လုပ်ဆောင်တဲ့ ခေတ်ရောက်နေပါပြီ။ တရုတ်ဟာ ကျမတို့ရဲ့ အိမ်နီးချင်းနိုင်ငံပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးက တည်းက တရုတ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပြီး အဲဒီအတိုင်း ကျမတို့ ဆက်ပြီးတည်ဆောက်သွားမှာပါ။”
အမေရိကန်သမ္မတ အိုဘားမားနဲ့တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး မေးရာမှာတော့ သူ့အနေနဲ့ မစ္စတာအိုဘားမားကို လေးစားကြောင်းနဲ့ ပိတ်ဆို့အရေးယူ ထားတဲ့ ကိစ္စအပါဝင် မြန်မာနိုင်ငံဒီမိုကရေစီအ သွင်ကူးပြောင်းရေးအခြေအနေတွေ ကို ဆွေးနွေးခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တုန့်ပြန်ပြောဆိုသွားပါတယ်။
ဒါ့အပြင် အတိုက်အခံ ခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာနေအိမ်အကျယ်ချုပ် ခံထားရတဲ့အခြေအနေကနေ အခု တိုင်းပြည်ရဲ့ ခေါင်းဆောင်ဖြစ်လာတဲ့အချိန်မှာ ဘယ်လို ကွာခြားချက်တွေရှိခဲ့သလဲဆိုတဲ့ မေးခွန်းကိုတော့ ကွာခြားမှုသိပ် မရှိကြောင်းနဲ့ နေအိမ်အကျယ်ချုပ်ခံရထားရစဉ်မှာ ဆုံးဖြတ်ချက် အများအပြားကို ကိုယ့်ဘာသာကိုယ်ပဲ ပိုပြီးချမှတ်ခဲ့ရကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုခဲ့ ပါတယ်။

Wednesday, September 21, 2016

ဒေါ်စု အမေရိကန် ခရီးစဉ်နှင့် မျေ်လင့်ချက်များ


ဒေါ်စု အမေရိကန် ခရီးစဉ်နှင့် မျေ်လင့်ချက်များ

လေဒီနှင့် အန်ကယ်ဆမ် ဘဲဥပုံရုံးခန်းအတွင်း လက်ဆွဲနှုတ်ဆက်ကြခြင်းဖြင့် မြန်မာ- အမေရိကန်ဆက်ဆံရေး၏ အခန်းကဏ္ဍသစ်တစ်ရပ်ကို ဖွင့်လှစ်လိုက်နိုင်ပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အိမ်ဖြူတော်သို့ ပထမဆုံးအကြိမ်ဖြစ်သော ၂၀၁၂ က  မြန်မာ အတိုက်အခံဒီမိုကရေစီခေါင်းဆောင်အနေဖြင့် ရောက်ရှိခဲ့စဉ်က နှင့် ယခုနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရောက်ရှိချိန်ကြား အာဂျင်ဒါတို့က ပြောင်းလဲခဲ့ပြီ။ စစ်အစိုးရအုပ်ချုပ်ခဲ့သော တစ်ချိန်က ပိတ်ဆို့မှုများချမှတ်ရန် တစ်နည်းတစ်ဖုံအားဖြင့် ထောက်ခံခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ယခု၎င်းဦးဆောင်သော အရပ်သားအစိုးရသစ်တက်လာသည့်အခါတွင် ထိုပိတ်ဆို့မှုများ ပြန်လည်ဖယ်ရှားရန် တောင်းဆိုခဲ့သည်။ အရေးယူပိတ်ဆို့မှုအားလုံးကို ဖယ်ရှားပေးရန် အချိန်အခါရောက်ပြီဟု ဒေါ်အောင်ဆန်းစုကြည်က သမ္မတအိုဘားမားအား ပြောကြားသည်။

ပိတ်ဆို့မှုများ ဖယ်ချိန်မတန်သေးကြောင်း လူ့အခွင့်အရေးအဖွဲ့များ၏ ကန့်ကွက်မှုများ ထွက်ပေါ်နေသည့်ကြားကပင် သမ္မတအိုဘားမားက ပိတ်ဆို့အရေးယူထားမှုများကို ဖယ်ရှားပေးတော့မည်ဟု ကြေညာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ လက်တွေ့ဝါဒနှင့် အရှေ့တောင်အာရှစီးပွားရေးတပ်ဦးဖွင့်ထားလိုသော အိုဘားမားအစိုးရ၏ ဆန္ဒတို့ကို ယခုဆုံးဖြတ်ချက်က ပြသနေသည်။

နိုင်ငံတကာအလယ်တွင် နိုင်ငံကိုပွဲထုတ်နိုင်ရန် ကြိုးပမ်းနေသော ဒီချုပ်အစိုးရ၏ နိုင်ငံတကာ သံခင်းတမန်ခင်းပွဲဦးထွက် ခရီးစဉ်များမှာ ယခုအချိန်ထိ ရှုံးပွဲမရှိသေးပေ။ ဤအတောအတွင်း လာအိုနှင့် ထိုင်းနိုင်ငံတို့ကို ဒေါ်အောင်ဆန်းစုကြည် ခြေဆန့်ခဲ့သကဲ့သို့ သမ္မတဦးထင်ကျော်၏ အိန္ဒိယခရီးစဉ်ကလည်း သမိုင်းဝင်ခဲ့သည်။ သို့သော်ကမ္ဘာ့အင်အားကြီးနိုင်ငံများအနက် အိမ်နီးချင်းနဂါးကြီး တရုတ်ကို ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ရွေးချယ်ခဲ့သည်။ ယင်းနောက်တစ်လအကြာတွင်မှ အနောက်ကမ္ဘာကို ခြေဦးလှည့်ခဲ့ပြီး အမေရိကန်သို့ အရောက်သွားခဲ့ခြင်းဖြစ်သည်။

အမေရိကန်သည် ၎င်း၏ Pivot ခေါ် အာရှဗဟိုပြုဆုံလည်ဝင်ရိုးမဟာဗျူဟာကို ကမ်းလှမ်းနေသကဲ့သို့ တရုတ်ကလည်း ၎င်း၏ One Belt,One Road ခေါ် ပိုးလမ်းမစီမံကိန်းကြီး၌ မြန်မာပါဝင်ရေးအတွက် တတွင်တွင်ဖိတ်ခေါ်နေသည်။ ယခုအချိန်အထိ ပိုးလမ်းမနှင့် အာရှဆုံလည်ဝင်ရိုးဆိုသည့် စူပါပါဝါနှစ်နိုင်ငံ၏ မဟာဗျူဟာနှစ်မျိုးအနက် မည်သည့်ဘက်ကိုမှ မျက်နှာသာပေးမှု မပြသော နိုင်ငံခြားရေးမူဝါဒကို မြန်မာအစိုးရသစ်က ခင်းကျင်းနေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခုအိမ်ဖြူတော်ခရီးစဉ်မှာ အိုဘားမားအစိုးရ၏ အာရှမူဝါဒကို မီးမောင်းထိုးပြခြင်းဖြစ်သည်ဟု အမေရိကန်သတင်းဌာန CNN က ဖော်ပြသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းရှေ့ဆက်မှုက အိုဘားမား၏ သမ္မတ သက်တမ်းအတွက်သော်လည်းကောင်း၊ နေပြည်တော်နှင့် ၀ါရှင်တန်အကြား ဆက်ဆံရေးဟောင်းကို ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ချိန်က နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဟီလာရီကလင်တန်အတွက်သော်လည်းကောင်း အောင်မြင်မှုတစ်ခုအဖြစ် အများစုက ရှုမြင်ကြသည်။

‘‘ဒီခရီးစဉ်ဟာ အောင်မြင်တယ်။ အိုဘားမားအစိုးရက မြန်မာကိုထောက်ခံမှုရှိပြီးတော့ တကယ်လို့များ ဟီလာရီကလင်တန်သာ သမ္မတသစ်ဖြစ်လာရင် ပိုပြီးတော့တောင်မှ ထောက်ခံမှုရှိဦးမယ်။ ဒါပေမဲ့မေးစရာရှိတဲ့မေးခွန်းကြီးက ဒီအနေအထားမှာအမေရိကန်က တရုတ်ကို တကယ်ပဲတန်ပြန်နိုင်သလားဆိုတာပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အနေနဲ့ အတတ်နိုင်ဆုံးလုပ်နေပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ အိန္ဒိယကို သူသွားဦးမယ်ဆိုတာလည်း ကျွန်တော်နားလည်တယ်’’ဟု မြန်မာ့အရေးကျွမ်းကျင်သူဝါရင့်သတင်း စာဆရာဘားတေးလ်လင့်တနာက သုံးသပ်သည်။

ဆက်လက်ပြီး ၎င်းက‘‘ဒါပေမဲ့ သူအောင်မြင်မလား။ မြန်မာနိုင်ငံက လူအများစုကတော့ တရုတ်ကလွဲရင် တခြားနိုင်ငံတွေနဲ့ ပိုနီးကပ်တဲ့ဆက်ဆံရေးကိုမြင်ချင်ကြပေမယ့် တရုတ်က မြန်မာနိုင်ငံမှာ အပိုင်စားရမှုတော်တော်များများရှိထားပြီးတော့ တခြားနိုင်ငံတွေမ လုပ်နိုင်တဲ့ နည်းလမ်းမျိုးနဲ့ ဆုပေးဒဏ်ပေး ချဉ်းကပ်နည်းကိုသုံးဖို့ ပြင်ထားတယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါက စိန်ခေါ်မှုဖြစ်လာလိမ့်မယ်’’ဟု သုံးသပ်သည်။

တရုတ်သည်မြန်မာနိုင်ငံအ ရှေ့မြောက်ပိုင်း နယ်စပ်မျဉ်းကလေးသာ ခြားသည့်ဟိုမှာဘက်ခြမ်းတွင် ကပ်လျက်တည်ရှိနေပြီး အမေရိကန်မှာ ၎င်း၏ အာရှဗဟိုပြုဆုံလည်ဝင်ရိုး မဟာဗျူဟာရှိသော်ငြားလည်း အဝေးကြီးတွင်ရှိနေကြောင်း၎င်းက ထောက်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် တရုတ်အစိုးရပိုင်မီဒီယာတစ်ခုဖြစ်သော ချိုင်းနားပို့စ်က ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အကြောင်း အတွေးအမြင်ဆောင်းပါးတစ်ပုဒ်ဖော်ပြလာပြီး ၀ါရှင်တန်အနေဖြင့် မြန်မာစစ်တပ်နှင့် ဆက်ဆံရာတွင် ဆုကိုရော၊ ဒဏ်ကိုရော နှစ်မျိုးစလုံးဆက်သုံးသင့်ကြောင်း တိုက်တွန်းထားသည်။

ပြည်တွင်းစစ်ပဋိပက္ခရှိနေခြင်းကြောင့် တရုတ်အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးတွင် ထိန်းချုပ်မှုအတိုင်းအတာတစ်ခုအထိကိုင်ထားနိုင်စေပြီး ယင်းနှင့်ပတ်သက်လျှင် အဝေးတစ်နေရာမှ အမေရိကန်အနေဖြင့် ယှဉ်နိုင်စွမ်းမရှိပေ။

မဟာဗျူဟာနှင့် မူဝါဒဆိုင်ရာ လေ့လာရေးအင်စတီကျု့ဒ် (မြန်မာနိုင်ငံ) အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကလည်း မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ညီညွတ်မှုမရှိသရွေ့အညှီရှိလျှင်ယင်အုံသလို ကြုံတွေ့ရမည်ဟုဆိုသည်။

‘‘မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိမ်နီးချင်းအဖြစ်ထိနေတဲ့ ပထ၀ီရှိတယ်။ အစိုးရသစ်ကလည်းဘေဂျင်းနဲ့ ဆက်ဆံရေးကိုအများကြီး ဦးစားပေးပြီးတော့ အလေးထားတဲ့အတွက်ကြောင့်မိုလို့ အနောက်နိုင်ငံတွေက ဒီလိုမျိုးမြန်မာပြည်ကို နိုင်ငံရေးအရ၊ မူအရ၊ ကျင့်ဝတ်အရ ထောက်ခံမှုထက်ပိုပြီးတော့ လုပ်နိုင်လို့ရှိရင်အကန့်အသတ်ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်ကိုယ်တိုင်ကလည်း တရုတ်နဲ့ ဆက်ဆံရေးကို ထိခိုက်မယ့်အနေအထားကို ရှောင်ရှားရမယ့်အနေအထားရှိတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်တက်လာကတည်းက တရုတ်နဲ့ပတ်သက်တဲ့ အလေးထားမှုအာရုံစိုက်မှုတွေ့ရလို့ပါပဲ’’ ဟု နိုင်ငံရေးသိပ္ပံပညာရှင် ဦးမင်းဇင်က ပြောသည်။

တစ်ဆက်တည်းမှာပင် ၎င်းက ‘‘ဒီလိုအင်အားကြီးနိုင်ငံတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကိုယ်က ကြားမညပ်ဖို့ ဂရုစိုက်ရမှာပါပဲ’’ဟု ဆိုသည်။

ကန်ခရီးနှင့် တရုတ်ခရီး

တရုတ်နိုင်ငံခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ- မြန်မာစီးပွားရေး စင်္ကြံနှင့် ‘‘One Belt, One Road’’ စီမံကိန်း၌ အရေးပါသော လမ်းကြောင်းတစ်စိတ်တစ်ပိုင်းဖြစ်သည့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းမှ ကွမ်းလုံတွင် တံတားတစ်စင်း တည်ဆောက်ပေးရန် နှစ်နိုင်ငံသဘော တူလက်မှတ်ရေးထိုးခဲ့ကြသည်။  တရုတ်က ယွမ်သန်းတစ်ထောင် ကူညီရန်လည်း ကမ်းလှမ်းခဲ့သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ကူညီသွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီး မြန်မာနိုင်ငံကလည်း ‘‘One Belt, One Road’’ မူဝါဒစတင်ဆောင်ရွက်မှုများကို ကြိုဆိုခဲ့သလို တိုင်ပေ၊ ဇင်ကျန်းနှင့် တိဗက်ကိစ္စများတွင် တစ်ခုတည်းသော တရုတ်နိုင်ငံ (One China) ကို သဘောတူခဲ့သည်။

အမေရိကန် ခရီးစဉ်တွင် မြန်မာအပေါ် စီးပွားရေးနှင့် ငွေရေးကြေးရေး ပိတ်ဆို့အရေးယူမှုများ အခြေခံထားသော Executive Order ကို ဖယ်ရှားပေးရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတအိုဘားမားက ကြေညာခဲ့သည်။ အထူးသဖြင့် ၁၉၉၇ က မြန်မာနိုင်ငံစစ်အစိုးရကို အရေးယူသည့်အနေဖြင့် ချမှတ်ခဲ့သော အမျိုးသားအရေးပေါ် အက်ဥပဒေသက်တမ်းတိုးမှုရုပ်သိမ်းမည်ဖြစ်ပြီး ကုန်သွယ်မှုအထူးကင်းလွတ်ခွင့် ပြန်လည်ပေးအပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှု အစီအစဉ်နှင့်အညီ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံရပ်ခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က ချမှတ်ထားသည့် အထူးပစ်မှတ်ထား အရေးယူပိတ်ဆို့မှုအောက်တွင်ရှိနေသော တစ်သီးပုဂ္ဂလ လူပုဂ္ဂိုလ်များနှင့်စီးပွားရေးလုပ်ငန်းရှင်များစာရင်း (SDN List) ကို ပယ်ဖျက်ခြင်းအပါအ၀င် OFAC က ချမှတ်ထားခဲ့သော ကန့်သတ်ချက်အားလုံး ပယ်ဖျက်ကာ အသက်ဝင်တော့မည်မဟုတ်ပေ။ ထို့အတူ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံဖြစ်ပွားပြီးနောက် ၁၉၈၉ ကစ၍ ရပ်ဆိုင်းခဲ့သော ကုန်သွယ်ရေးအထူးခံစားခွင့် (GSP)ကို မြန်မာနိုင်ငံအား ပြန်လည်ပေးအပ်မည်ဖြစ်သည်။ ယင်းကုန်သွယ်ရေး အထူးအခွင့်အရေးကြောင့် မြန်မာက တင်ပို့သော ပို့ကုန်များအတွက် အကောက်ခွန်ကင်းလွတ်ခွင့်နှင့် လျှော့ပေါ့ခွင့်ရရှိစေမည်ဖြစ်သည်။ ထိုကင်းလွတ်ခွင့်သည် ၂၀၁၆ နိုဝင်ဘာ ၁၃ ရက်တွင် အသက်ဝင်မည်ဖြစ်သည်။

‘‘အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေအနေနဲ့ကတော့ ကျင့်ဝတ်အရ ဒီမိုကရေစီအရေးတို့၊ လူ့အခွင့်အရေးတို့အပေါ်မှာ ခေါင်းဆောင်တစ်ယောက်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့က ရှုမြင်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြစ်စေချင်တဲ့ဆန္ဒအပေါ်မှာ အဲဒီနိုင်ငံတွေကတော့ အထိုက်အလျောက် တော်တော်များများကို ဖြည့်ဆည်းလိုက်လျောပေးတာရှိတယ်။ ဒီလိုဖြည့်ဆည်းလိုက်လျောပေးတာကလည်း အဲဒီနိုင်ငံတွေရဲ့ အကျိုးစီးပွားအပေါ်မှာ မူတည်တာပေါ့။ အရမ်းကြီးတော့လည်း စေတနာဗရပွနဲ့တော့ မဟုတ်ဘူး။ ကျန်တဲ့နိုင်ငံတွေမှာ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် နှစ်ပေါင်းများစွာ မြန်မာနိုင်ငံနဲ့ ထိစပ်ခွင့်မရတဲ့အနေအထားကနေ ထိစပ်ခွင့်ရလာမယ်။ စီးပွားရေးအရလည်း ထိစပ်ခွင့်ရလာမယ်။ တစ်ဖက်ကလည်း စစ်ရေးအရ၊ လုံခြုံရေးကဏ္ဍအရလည်း ထိစပ်ခွင့်ရလာနိုင်တာရှိတယ်’’ဟု ဦးမင်းဇင်က သုံးသပ်သည်။

တစ်ချိန်တည်းမှာပင် တားမြစ်ကန့်သတ်မှု အများအပြား ဆက်လက်ရှိနေဦးမည်ဖြစ်သည်။ အမျိုးသားအရေးပေါ် အက်ဥပဒေသက်တမ်းတိုးမှု ရုပ်သိမ်း၍ SDN စာရင်းဝင်များကို စာရင်းမှ ပယ်ဖျက်ပေးမည်ဖြစ်သော်လည်း အချို့သော မြန်မာနိုင်ငံသား တစ်သီးပုဂ္ဂလများမှာမူ SDN စာရင်းတွင် OFAC ၏ အခြားလုပ်ပိုင်ခွင့်များအရ ဆက်လက်ကျန်ရှိနေဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု ဥပဒေ JADE Act တွင်ပါဝင်သော အမေရိကန်ပြည်ဝင်ခွင့်ဗီဇာတားမြစ်ပိတ်ပင်မှုများကို ဆက်လက်ထားရှိဦးမည် ဖြစ်သည်။ ယင်းပိတ်ပင်မှုများသည် မြန်မာ့တပ်မတော်ခေါင်းဆောင်များနှင့် တပ်မတော်ကို နိုင်ငံရေးနှင့်စီးပွားရေး ထောက်ခံအားပေးနေသူများအပေါ် ချမှတ်ထားခြင်းဖြစ်သည်။ ထို့အပြင် မူးယစ်ဆေးဝါးဆိုင်ရာများ၊ တပ်မတော်ကို ကူညီထောက်ပံ့မှုဆိုင်ရာ အတိုင်းအတာ ကန့်သတ်ချက်များ အပါအ၀င် မြန်မာနိုင်ငံကို နိုင်ငံခြားကူညီထောက်ပံ့မှုဆိုင်ရာ ကန့်သတ်တားမြစ်ချက်များ ဆက်လက်ထားရှိမည်ဖြစ်သည်။

‘‘အရေးယူပိတ်ဆို့မှုတွေ ဖယ်ရှားလိုက်ရုံနဲ့လည်း ချက်ချင်း စီးပွားရေးတွေကောင်းလာမယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးဝင်လာမယ်လို့တော့ ယူဆလို့မရဘူး။ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ခြင်း၊ မ၀င်ခြင်းကလည်း နိုင်ငံရဲ့ ရေခံမြေခံအပေါ်မှာ အများကြီးမူတည်နေတယ်။ ရေခံကောင်း၊ မကောင်း၊ စီးပွားရေးပတ်ဝန်းကျင် အခြေအနေကောင်း၊ မကောင်း ဒါတွေနဲ့ လည်း အများကြီးဆိုင်တယ်’’ဟု ဦးမင်းဇင်ကပြောသည်။

မြန်မာအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုရှိအောင် လုပ်ရမည်ဖြစ်သကဲ့သို့ စီးပွားရေးမူဝါဒများ ချမှတ်ရန်လည်း လိုအပ်နေသည်ဟု ၎င်းက ထောက်ပြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ မြန်မာ့စီးပွားရေးတွင် တပ်မတော်အခန်းကဏ္ဍ အချိုးအစားမကျ ပါဝင်နေမှု၊ အထူးသဖြင့် ကျောက်စိမ်းနှင့်ကျောက်မျက်ရတနာကဏ္ဍအပါအ၀င် ကဏ္ဍအများအပြားတွင် တာဝန်ခံခြင်းနှင့် ပွင့်လင်းမြင်သာခြင်းရှိသော ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေး အလေ့အထများ လိုအပ်မှု စသည့်စိန်ခေါ် မှုများကို ဖော်ထုတ်ကိုင်တွယ်ရန် မူဝါဒအသစ်များ ချမှတ်ရန် မြန်မာအစိုးရနှင့်အတူ အမေရိကန်ပြည်ထောင်စုက အနီးကပ်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တစ်ရပ်ကို လွှတ်တော်က ပြဋ္ဌာန်းနိုင်မည်ဖြစ်ကြောင်း၊ သီတင်းပတ်အနည်းငယ်အတွင်း အတည်ပြုနိုင်ဖို့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အိမ်ဖြူတော်တွင် ပြောကြားသည်။ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရန် အချိန်မတန်သေးကြောင်း ယုံကြည်နေသူများရှိနေသောကြောင့် ယခုဆုံးဖြတ်ချက်သည် နိုင်ငံရေးစွန့်စားမှုတစ်ခုဖြစ်သကဲ့သို့ စီးပွားရေးစွန့်စားမှု တစ်ခုလည်းဖြစ်သည်ဟု ၎င်းကဆိုသည်။ ကျင့်ဝတ်စောင့်ထိန်းပြီး တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုမျိုးဖြင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် အမေရိကန်ကုမ္ပဏီများအား ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့သည်။ မြန်မာအပေါ် ပိတ်ဆို့မှုများ ဖယ်ရှားရန် အိုဘားမားအစိုးရက ဆုံးဖြတ်လာအောင် ဆွယ်တရားဟောခဲ့သူများထဲတွင် အမေရိကန်စီးပွားရေးသမားများလည်း ပါခဲ့သည်။

ကန်-မြန်မာစစ်တပ်ချင်း ဆက်ဆံရေး တိုးတက်လာမလား

တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင်အချို့နှင့် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ပညာရှင်အချို့က မြန်မာစစ်တပ်နှင့် စေ့စပ်မှု တိုးမြှင့်သင့်ကြောင်း အမေရိကန်အစိုးရနှင့် ပင်တဂွန်ကို တိုက်တွန်းမှုများရှိလာသည်။ မြန်မာစစ်တပ်သည် တရုတ်သင်တန်းများနှင့် တရုတ်လက်နက်များအပေါ်တွင် မှီခိုနေရကြောင်း၊ တစ်ချိန်တည်းမှာပင် တရုတ်က နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ကို လက်နက်ထောက်ပံ့မှုပေးနေကြောင်း၊ တရုတ်သည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်နေကြောင်းတို့ကို အမေရိကန်ပညာရှင်အချို့က ထောက်ပြသည်။ ယခုအချိန်အထိ မြန်မာနှင့်အမေရိကန်ကြား စစ်တပ်ချင်း စေ့စပ်ဆောင်ရွက်မှုမှာ မရှိသလောက် နည်းပါးသည်။ ထို့အတွက်ပင်တဂွန်အနေဖြင့် မြန်မာအရပ်သားအစိုးရနှင့်ရော အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ပါ နီးနီးကပ်ကပ်တိုင်ပင်၍ မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကို အရှိန်မြှင့်ရန် တိုက်တွန်းနေသည်။

‘‘အမေရိကန်ပြည်ထောင်စုဟာ ဒီအခွင့်အရေးကို လက်မလွှတ်သင့်ပါဘူး။ မြန်မာဟာ အရှေ့တောင်အာရှမှာ မဟာဗျူဟာကျတဲ့ တည်နေရာကို ပိုင်ထားတယ်။ ပြီးတော့ နိုင်ငံရေးထောက်ခံအားပေးမှု၊ အခြေခံအဆောက်အအုံတိုးတက်မှုကစလို့ ပညာရေးပရိုဂရမ်တွေအထိ အရာရာမှာဖွံ့ဖြိုးရေးအကူအညီ၊ ပစ်မှတ်ထားရင်းနှီးမြှုပ်နှံမှုစတာတွေအတွက် မြန်မာရဲ့ လိုအပ်နေမှုဟာ အသည်းအသန်ပါပဲ’’ဟု မြန်မာ နိုင်ငံသို့ မကြာသေးမီက လာရောက်လေ့လာခဲ့သော တက္ကဆက်တက္ကသိုလ်မှ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ပညာရှင် ပါမောက္ခ ဇိုတန်ဘာရန်နီက မဟာဗျူဟာကျနိုင်ငံတကာလေ့လာရေးဗဟိုဌာနမှတစ်ဆင့် တိုက်တွန်းရေးသားလာသည်။

‘‘စစ်တပ်ချင်း စေ့စပ်ညှိနှိုင်းဆောင်ရွက်မှု မြှင့်တင်ခြင်းအားဖြင့် မြန်မာအရာရှိတပ်ဖွဲ့ကြီးရဲ့ ပရော်ဖက်ရှင်နယ်ကျမှုနဲ့ ဒီမိုကရက်တစ်အမြင်ကို ပိုနက်ရှိုင်းလာစေနိုင်မယ်၊ တိုးမြှင့်နိုင်မယ်၊ အားပေးထောက်ကူနိုင်ပါမယ်။ ပြီးတော့ နိုင်ငံရေးကနေ သူတို့ဆုတ်ခွာမှုကိုလည်းပဲ အရှိန်မြင့်စေမယ်’’ဟု ပါမောက္ခဘာရန်နီက အကြံပြုလာသည်။

တပ်မတော်ထိပ်ပိုင်းအလွှာအနေဖြင့် အခြားဖွံ့ဖြိုးဆဲနိုင်ငံများကဲ့သို့ပင် အရာရှိများနှင့် စစ်သည်များကို အရေးပါသည့် ပရော်ဖက်ရှင်နယ် အတွေ့အကြုံများနှင့် ဘဏ္ဍာရေးအကျိုးအမြတ်များပေးသော နိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းသည့် စစ်ဆင်ရေးများ၌ ပါဝင်လိုကြသည်ဟု ဆိုသည်။ လတ်တလောတွင် ကုလသမဂ္ဂ လှုပ်ရှားမှုများ၌ မြန်မာစစ်သည်လေးဦးသာရှိပြီး လိုက်ဘေးရီးယားနှင့် ဆူဒန်တွင် နှစ်ဦးစီ တာဝန်ထမ်းဆောင်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခြေလှမ်းများ

တပ်မတော်နှင့် ပြည်သူလူထုကို ဒီမိုကရေစီကောင်းကြောင်း ပြသနိုင်သည့် အရာတစ်ခုမှာ စီးပွားရေးအောင်မြင်မှုဟု ဒေါ်အောင်ဆန်းစုကြည်က ၀ါရှင်တန်တွင် ပြောကြားသည်။

‘‘ဒီမိုကရေစီဟာ ကျွန်မတို့ ပြည်ထောင်စုကြီး ရှေ့ဆက်သွားနိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တဲ့အကြောင်း ကျွန်မတို့နိုင်ငံမှာ တပ်မတော်အပါအ၀င် လူတိုင်းလူတိုင်းကို ဖျောင်းဖျနိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုကတော့ စီးပွားရေးအောင်မြင်မှုပဲဖြစ်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင်များ၊ သံတမန်များနှင့် အစိုးရအရာရှိများ တက်ရောက်နေသော ညစာစားပွဲတွင် ပြောကြားသော မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

၎င်းသည် အမေရိကန်ရောက် မြန်မာများနှင့်လည်း တွေ့ဆုံခဲ့ပြီး အမိမြေပြန်လာ၍ နိုင်ငံထူထောင်ရေး ၀ိုင်းဝန်းကူညီကြရန် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့သည်။

‘‘အခုဒီမှာ အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတဲ့၊ ကျွန်မတို့ မြန်မာနိုင်ငံအပေါ်မှာ စေတနာထားတဲ့ ပုဂ္ဂိုလ်တွေအားလုံး မြန်မာနိုင်ငံသားဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ကျွန်မတို့နိုင်ငံရဲ့ အခုသိပ်ပြီးတော့ လိုအပ်နေတဲ့အချိန်မှာ ၀ိုင်းဝန်းပြီးတော့ ကူညီစေချင်တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဗီဇာကန့်သတ်ချက်များကို ပြန်လည်စိစစ်မည်ဖြစ်ပြီး နာမည်ပျက်စာရင်း၌လည်း နိုင်ငံတကာရဲတပ်ဖွဲ့စာရင်းဝင်သူများကိုသာ ထားရှိတော့မည်ဟုဆိုသည်။ ဗီဇာသက်တမ်းကိုလည်း လက်ရှိသတ်မှတ်ချက် ၂၈ ရက်ထက် ရက်ကြာကြာပိုပေးခြင်း၊ Multi-entry ပေးခြင်းများလည်း ဆောင်ရွက်မည်ဟု ဆိုသည်။ နိုင်ငံသားဖြစ်မှုနှင့် နှစ်နိုင်ငံသားဖြစ်မှုအရေးကိစ္စကို လေးလေးနက်နက် စဉ်းစားဆောင်ရွက်မည်ဖြစ်ပြီး မြန်မာနိုင်ငံသားဖြစ်စေ၊ အခြားနိုင်ငံသားခံယူထားသူ ဖြစ်စေ မြန်မာနိုင်ငံက ပေါက်ဖွားလာသူများအဖြစ် အားလုံးကို ဆက်ဆံရန် သံရုံးများကိုမှာကြားထားသည်ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂဌာနချုပ်တွင် စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့သော ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ကုလထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခဲ့သလို ၂၁ ရက်၌လည်း ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းပြောခဲ့သည်။

ဟားဗတ်တက္ကသိုလ်သိပ္ပံခန်းမအတွင်း၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူချိန်တွင် ထိုအဆောက်အအုံအပြင်ဘက်၌ ဟားဗတ်ကျောင်းသားအချို့က ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြခဲ့ပြီး ဘင်္ဂါလီ (ရိုဟင်ဂျာ) အရေး ရပ်တည်ဆောင်ရွက်ရန် တောင်းဆိုခဲ့ကြသည်။ ရခိုင်ပြည်နယ်ရှိ ပဋိပက္ခအရေးနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပနှစ်ဖက်စလုံး၏ ဆန့်ကျင်ဘက်ဝေဖန်မှုများကိုခံနေခဲ့ရသည့်အတောအတွင်း ဤဆန္ဒပြမှုမှာ ၎င်း၏ပြည်ပခရီးစဉ်တစ်လျှောက် ပထမဆုံးအကြိမ် ဆန္ဒပြခံရမှုဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အမေရိကန်ခရီးစဉ်၌ ချေးငွေအစုစုအာမခံအစီအစဉ်သစ် DCA ကို ဒေါ်လာ ၁၀ သန်းကျော်ဖြင့် စတင်ဆောင်ရွက်ရန် သဘောတူနိုင်ခဲ့သည်။ ယင်းအစီအစဉ်က လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်စည်ရောင်းဝယ်ရေးနှင့် အခြားသော ထုတ်လုပ်ပြီး ကုန်ပစ္စည်းများအတွက် ၀န်ဆောင်မှုပေးရေး စသည့်တစ်နိုင်တစ်ပိုင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ထုတ်ချေးရန် ရည်ရွယ်ထားသည်။ နှစ်နိုင်ငံအကြားစီးပွားရေးကဏ္ဍ ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ခြင်း၊ စံချိန်စံညွှန်းမြင့်သော အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် လက်မှတ်ရေးထိုးရန်အစီအစဉ်ရှိသည်။ မြန်မာနိုင်ငံရှိ အလယ်တန်းနှင့်အထက်တန်းကျောင်းများ၌ အင်္ဂလိပ်စာ ဆရာ၊ဆရာ ၁၅၀၀ ကို လေ့ကျင့်သင်တန်းပေးမည့်အပြင် ကျောင်းသူ၊ကျောင်းသားများကိုပါ အင်္ဂလိပ်စာသင်ကြားပေးမည်ဖြစ်သည်။ ထိုသို့သင်ကြားပေးမည့် Peace Corps’၏ စေတနာ့ဝန်ထမ်းအဖွဲ့များသည် စက်တင်ဘာလကုန်တွင် ပထမဆုံးရောက်ရှိလာမည်။ အမေရိကန်၌ မြန်မာလူငယ်များ ပိုမိုပညာသင်ယူနိုင်ရန် ပညာရေးဆိုင်ရာအကြံပေးရေး အစီအစဉ်အတွက် ရန်ပုံငွေ ၅၀ ရာခိုင်နှုန်း ထပ်မံပံ့ပိုးပေးခြင်း၊ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်မည့်သူများအတွက် ဒီမိုကရက်တစ်ဖက်ဒရယ်ဝါဒပုံစံကို အဓိက လေ့လာနိုင်မည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြင့်ဆုံးနှီးနှောဖလှယ်ရေး အစီအစဉ်ဖြစ်သော နိုင်ငံတကာ ခေါင်းဆောင်မှုဆိုင်ရာ လေ့လာရေးအစီအစဉ်အသစ်တစ်ခုကို စတင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလုံခြုံမှု (GHSA) ရည်မှန်းချက်ဖြင့် ကျန်းမာရေးကဏ္ဍပူးပေါင်းခြင်း၊ အခြေခံအလုပ်သမားအခွင့်အရေးနှင့် မြန်မာနိုင်ငံရှိ လုပ်ထုံးလုပ်နည်းများ မြှင့်တင်ရေးအစီအစဉ် စတင်ခြင်းတို့လည်း ပြုလုပ်ရန်သဘောတူနိုင်ခဲ့ပါသည်။

credit##myanmar breaking news