Tuesday, September 6, 2016

အချက် ၂ ချက် သဘောတူညီမူရပါက NCA လက်မှတ်ရေးထိုးမည်ဟု UNFC ပြော

အချက် ၂ ချက် သဘောတူညီမူရပါက NCA လက်မှတ်ရေးထိုးမည်ဟု UNFC ပြော

clock September 6th, 2016 price-tag နိုင်ငံရေး
နေပြည်တော် ၊ စက်တင်ဘာ (၆) ရက်။

အားလုံးပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအပါအ၀င် အချက်နှစ်ချက်ကို ညှိနှိုင်းဆွေးနွေးမှုပြေလည်ခဲ့ပါက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ (NCA) ကို လက်မှတ်ရေးထိုးသွားမယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC) ဒုဥက္ကဌ နိုင်ဟံသာက ပြောကြားလိုက်ပါတယ်။

NCA ကို လတ်မှတ်ထိုးဖို့ အဓိက ကြန့်ကြာနေရတဲ့အကြောင်းအရင်းနဲ့ပတ်သတ်ပြီး မေးမြန်းရာမှာ နိုင်ဟံသာက ယခုလို ပြောကြားလိုက်တာပါ။
အဓိက ပြင်ဆင်လိုတဲ့ အချက်နှစ်ချက်ထဲက ပထမအချက်က NCA စာချုပ်အရ ထွက်ပေါ်လာတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (framework)ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွေမှာ ဆွေးနွေးတဲ့အခါ ၇ ပွင့်ဆိုင်တဲ့ ပုံစံ (အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား ကိုယ်စားလှယ်၊ အခြားပါဝင်သင့်ပါဝင်ထိုက်သူများ) မဟုတ်ဘဲ NCA စာချုပ်ပါအတိုင်း တပ်မတော်၊ လွှတ်တော်နှင့်အစိုးရကို အစုအဖွဲ့တစ်ခုတည်းအနေနဲ့ ဖြစ်စေချင်တာဖြစ်ပါတယ်။

နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် (Frame work) ဟာ NCA ကိုအခြေခံရမှာဖြစ်ပေမယ့် လက်ရှိရေးဆွဲထားတဲ့ မူဘောင်ဟာ NCA အခြေခံမူကို ဆန့်ကျင်နေတယ်လို့ နိုင်ဟံသာက ပြောပါတယ်။

“နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (Framework) မှာ ၅ ပွင့်ဆိုင်လိုလို ၇ ပွင့်ဆိုင်လိုလို ဖြစ်လာတယ်။ တစ်ခုခုဆုံးဖြတ်ရင် သူတို့က ၃ မဲ ရသွားမယ်၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ နိုင်ငံရေးပါတီက တစ်မဲစီပဲ ဖြစ်သွားမယ်၊ လုပ်နည်းလုပ်ဟန်မှာ သူတို့က အပေါ်စီးရအောင် တမင်တကာကို ဖန်တီးယူလိုက်တဲ့သဘော အဲလိုတရားမျှတမှု မရှိတဲ့အနေအထားနဲ့ ၀င်ပြီး ယှဉ်ပြိုင်ရင် နာမှာပဲလို့ မြင်တယ်။ NCA ထိုးဖို့ မထိုးဖို့ကိစ္စကအဲဒီ framework ကို ညှိတဲ့ပေါ်မှာမူတည်တယ်” လို့ နိုင်ဟံသာကပြောပါတယ်။

နိုင်ငံရေးဆွေနွေးမှုဆိုင်ရာမူဘောင် (framework) ကို NCA စာချုပ် အခြေခံပြီး အစိုးရအဖွဲ့၊ လွှတ်တော်နှင့်တပ်မတော်တို့မှကိုယ်စားလှယ်တွေ ၊ NCA လတ်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကကိုယ်စားလှယ်တွေ ၊ တရားဝင်နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)က ညှိနှိုင်းရေးဆွဲခဲ့ပြီး ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။
ဆွေးနွေးညှိနှိုင်းလိုတဲ့ ဒုတိယအချက်ကတော့ NCA လက်မှတ်ရေးထိုးရာမှာ တပ်မတော်က အသိအမှတ်မပြုတဲ့ တိုင်းရင်းသား လက်နက်ကိုင် မြောက်ပိုင်း မဟာမိတ် အဖွဲ့သုံးဖွဲ့ဖြစ်တဲ့ AA (ရခိုင့်တပ်မတော်) ၊ TNLA (တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်)၊ MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်)တို့ ပါဝင်လာရေးဖြစ်ပါတယ်။

NCA လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးမတိုင်မီ လက်မှတ်မရေးထိုးနိုင်ခဲ့ရင် ညီလာခံ ကို လေ့လာသူအဖြစ်နဲ့သာ တက်ရောက်ရမှာဖြစ်ပါတယ်။ လက်မှတ်ရေး ထိုးပြီးမှသာရှေ့ဆက် လုပ်ဆောင်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ထဲထဲဝင်ဝင် ပါဝင်ခွင့်ရမှာဖြစ်လို့ လက်မှတ်ရေးထိုးသင့်တယ်လို့ NCA လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသား လွတ် မြောက် ရေးအဖွဲ့ချုပ် (PNLO) နာယက ခွန်ဥက္ကာက ပြောပါတယ်။

NCA လတ်မှတ်ရေးထိုးနိုင်ဖို့ အခက်အခဲဖြစ်နေတဲ့ အချက်တွေကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအပြီး ဒုတိယအကြိမ် ပြည်ထောင်စုညီလာခံပြန်လည်မစတင်မီ ၆ လအတွင်းNCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရဘက်မှကိုယ်စားလှယ်တွေ တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းမှုတွေလည်း ပြုလုပ်သွားဖို့ ရှိတယ်လို့ နိုင်ဟံသာထံက သိရပါတယ်။
NCA စာချုပ်ကို ၂၀၁၅ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA-PC ၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော်(DKBA) ၊ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး( ABSDF) ၊ချင်းအမျိုးသားတပ်ဦး (CNF) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO ) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ရှမ်းပြည်နယ်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ၊ ကရင်အမျိုးသားအစည်းအရုံး(KNU )တို့က လတ်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့က လတ်မှတ်ရေးထိုးခဲ့ပေမယ့် UNFC အဖွဲ့မှာ ပါတဲ့ မွန်ပြည်သစ်ပါတီ (MNSP) ၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) ၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)နှင့် ‘၀’ အမျိုးသားအဖွဲ့ချုပ်(WNO) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ခုကတော့ လက်ရှိချိန်ထိလက်မှတ်မရေးထိုးသေးတာဖြစ်ပါတယ်။
NCA လက်မှတ်ရေးထိုးပြီးမှသာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အားလုံးပါဝင်ဆောင်ရွက်နိုင်မှာဖြစ်လို့ လတ်မှတ်ရေးထိုးသင့်တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက တိုက်တွန်းပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာ ၃ ရက်နေ့ထိ ကျင်းပပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံဖွင့်ပွဲ အခမ်းအနားပထမနေ့ အဖွင့်မိန့်ခွန်းမှာလည်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံအပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ဆောင်ရွက်ရာမှာ NCA ကို အခြေခံပြီး ဆောင်ရွက်သွား မှာဖြစ်လို့ NCA လက်မှတ်ထိုးဖို့ ကျန်နေသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ပါဝင် လက်မှတ်ရေးထိုးလာစေဖို့ အလေးထားဆောင်ရွက် သွားမယ်လို့ ပြောကြားထားပါတယ်။

credit##MCNchannel

No comments:

Post a Comment