Showing posts with label politics. Show all posts
Showing posts with label politics. Show all posts

Sunday, December 4, 2016

နိုင်ငံရေးလေ့လာဆန်းစစ်ခြင်း

 
 
နက်နဲလှတဲ့ နိုင်ငံရေးပညာကို လေ့လာတဲ့အခါမှာကျတော့ သဘောတရားတွေ၊ သီအိုရီတွေ၊ စနစ်တွေ၊ အတွေးအခေါ်တွေ ဘက်ပေါင်းစုံကနေ ပေါင်းစပ်ပါဝင် လာတာကြောင့် ပိုမိုကျယ်ပြန့်သွားပါတယ်။ ရှေးခေတ်တွေမှာ တုန်းကတော့ နိုင်ငံရေးကို ပညာရပ် တခုအဖြစ် လေ့လာတဲ့အခါမှာ ဒဿနိကဗေဒ၊ ဥပဒေ၊ သမိုင်းပညာရပ်တွေရဲ့ ဘာသာရပ်ခွဲ တခု အနေနဲ့ပဲ သတ်မှတ်လေ့လာခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ လူ့အဖွဲ့အစည်း ဖြစ်တည်မှုရဲ့ အခြေခံ စည်းမျဉ်းတွေကို ဖော်ထုတ်လေ့လာဖို့ ဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာဆန်းစစ်မှုရဲ့ မူရင်းအစဟာ ရှေးခေတ်ဂရိပြည်လို့ ဆိုနိုင်ပါတယ်။ ပလေတိုနဲ့ အရစ်တိုတယ်တို့ဟာ နိုင်ငံရေးကို ဒဿနိကဗေဒ ရှူထောင့်ကနေ လေ့လာသုံးသပ်တဲ့ ဒဿနိကဗေဒ ဆိုင်ရာ အစဉ်အလာ ( Philosophical tradition) ရဲ့ ဖခင်များပဲ ဖြစ်ပါတယ်။ medieval theorists တွေဖြစ်တဲ့ Augustine နဲ့ Aquinas တို့ရဲ့ ရေးသားချက်တွေမှာလဲ သူတို့ရဲ့ အတွေးအခေါ်တွေ လွှမ်းမိုးမှုရှိပါတယ်။
ဒီလို ဒဿနိကဗေဒအစဉ်အလာအရ လေ့လာမှုတွေမှာ တန်ဖိုး၊ စံနှုန်းစံထား၊ ကိုယ်ကျင့်တရား စတာတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ (normative questions) အများအပြား ပါဝင်ပါတယ်။ ဘာဆိုတာထက် ဘယ်လိုဖြစ်သင့်တယ် ဆိုတာကို ဦးစားပေးဖော်ပြချက် များပါတယ်။ ဥပမာ- ဘာကြောင့် နိုင်ငံတော်က ချမှတ်တဲ့ ဥပဒေကို လိုက်နာသင့်သလဲ၊ ပုဂ္ဂလိက လွတ်လပ်ခွင့်မှာ အများကို မထိခိုက်အောင် ဘယ်လိုကန့်သတ်ချက်တွေ ရှိသင့်သလဲ စတာမျိုးတွေပါ။
နိုင်ငံရေးလေ့လာမှုဆိုင်ရာ နောက်ထပ်အစဉ်အလာတခုကတော့ ကိန်းဂဏာန်း အခြေပြအစဉ်အလာ empirical tradition ဖြစ်ပါတယ်။ ဒီအစဉ်အလာကို ဖွဲ့စည်းပုံအခြေခံဥပဒေ အမျိုးအစားတွေကို ခွဲခြားပြခဲ့တဲ့ အရစ္စတိုရဲ့စာ၊ Machiavelli ရေးသားခဲ့တဲ့ realistic account of statecraft နဲ့ Montesquieu ရေးသားခဲ့တဲ့ အစိုးရနဲ့ ဥပဒေဆိုင်ရာ လူမှုဗေဒသီအိုရီ တွေထဲမှာ တွေ့မြင်နိုင်ပါတယ်။၁၇ ရာစုနှောင်းပိုင်းကာလတွေမှာ John Locke နဲ့ David Hume တို့ရဲ့ doctrine of empiricism ပျံ့နှံ့လာပါတယ်။ Doctrine of empiricism က အတွေ့အကြုံဆိုတာ အသိပညာရဲ့ အခြေခံ ဖြစ်တာကြောင့် သီအိုရီတွေ၊ အဆိုအမိန့်တွေအားလုံးကို လေ့လာစောင့်ကြည်မှုတွေနဲ့ စမ်းသပ်ရမယ် လို့ ဆိုထားပါတယ်။ ၁၉ ရာစုရောက်တော့ ဒီအတွေးအခေါ်တွေဟာ positivism ၀ါဒထွန်းကားလာရေး ဆီကို ဦးတည်သွား ပါတော့တယ်။
နိုင်ငံရေးကို သိပ္ပံပညာဝေါဟာရတွေနဲ့ ဖော်ပြဖို့ ပထမဆုံးကြိုးပမ်းခဲ့သူကတော့ materialist conception of history ကို အသုံးပြုပြီး သမိုင်းကြောင်း တိုးတက်မှုတွေရဲ့ တွန်းအားကို ဖော်ထုတ် နိုင်ခဲ့တဲ့ Karl Marx ပဲဖြစ်ပါတယ်။ ၁၈၇၀ ကာလတွေမှာ နိုင်ငံရေးကို သိပ္ပံပညာရပ်အနေနဲ့ သတ်မှတ်မှုတွေ ထွက်ပေါ်လာပါတယ်။ အောက်စဖိုဒ့်၊ ပဲရစ်နဲ့ ကိုလံဘီယာတက္ကသိုလ်တွေမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ကြားလာကြပါတယ်။ (၁၉၀၆) ခုနှစ်မှာ အမေရိကန်နိုင်ငံရေးသိပ္ပံ လေ့လာရေးစာစောင် ထွက်ပေါ် လာပါတယ်။ (၁၉၅၀-၆၀) ကာလတွေကျတော့ သိပ္ပံနည်းကျနိုင်ငံရေး လေ့လာမှုတွေ အားကောင်းလာ ပါတယ်။
David Easton ရဲ့ နိုင်ငံရေးဆိုတာ သဘာဝသိပ္ပံ နည်းလမ်းတွေကိုပါ သင့်လျော်သလို ဆွဲယူအသုံးပြုနိုင်တဲ့ ပညာရပ်တခုဖြစ်တယ်ဆိုတဲ့ အဆို ထွက်ပေါ် လာပြီးနောက်ပိုင်းမှာ အရေအတွက် အခြေပြုသုတေသန နည်းလမ်းများကို အသုံးပြုပြီး နိုင်ငံရေး လေ့လာဆန်းစစ်ချက်တွေ ပိုပြီး များပြားလာပါတယ်။ ဥပမာ- မဲပေးမှုပြုမူဆောင်ရွက်ပုံတွေ၊ တရားရေးရာ ပြုမူဆောင်ရွက်ပုံတွေ၊ နိုင်ငံရေးသမားတွေရဲ့ ပြုမူဆုံးဖြတ်ပုံ စတာတွေမှာ ဖြစ်ပါတယ်။ လေ့လာ စောင့်ကြည့်ထားတဲ့ ပြုမူဆောင်ရွက်ပုံတွေပေါ်မှာ အခြေတည်ပြီး လူမှုသီအိုရီတွေ တည်ဆောက်ရမယ် ဆိုတဲ့ ယုံကြည်မှု (Behaviouralism) ဟာ (၁၉၅၀-၆၀) ကာလတွေရဲ့ နိုင်ငံရေးလေ့လာမှုတွေကို လွှမ်းမိုးထားခဲ့ပါတယ်။
(၁၉၆၀) နောက်ပိုင်းကာလရောက်တော့ Behaviouralism ကို မကျေလည်မှုတွေ ထွက်ပေါ်လာပါတယ်။ နိုင်ငံရေးဆိုတာ ကိန်းဂဏာန်းတွေနဲ့ပဲ တိုင်းတာလို့ မရဘူးဆိုတာကို ငြင်းဆိုမှုတွေရှိလာပါတယ်။ တရားမျှတမှု၊ လွတ်လပ်မှု၊ ညီညွတ်မှု၊ အခွင့်အရေးစတာတွေကို ကိန်းဂဏာန်းနဲ့ တိုင်းတာလို့ မရနိုင်ကြောင်း ပြောဆိုလာကြပါတယ်။ ဒီလိုနဲ့ (၁၉၇၀) ကာလတွေမှာ ကိုယ်ကျင့်တရား၊ စံချိန်စံညွန်း စတာတွေနဲ့ဆိုင်တဲ့ normative questions တွေဆီ ပြန်လှည့်လာကြပါတယ်။ John Rawls နဲ့ Robert Nozick တို့ရဲ့စာတွေမှာ ဒီသဘောတရားတွေ အများအပြား ပါဝင်ပါတယ်။
နောက်ပိုင်းကျတော့ နိုင်ငံရေးလေ့လာမှုတွေမှာ နိုင်ငံရေးဘောဂဗေဒ၊ ပြည်သူ့ရွေးချယ်မှု သီအိုရီ (public-choice theory) ၊ Rational Choice theory စတာတွေ ပေါ်ထွက်လာပါတယ်။ ဒီသီအိုရီတွေက ဘောဂဗေဒ သီအိုရီတွေမှာ အခြေခံထားတာဖြစ်ပါတယ်။ ဒါတွေကို အသုံးပြုပြီး Antony Downs, Mancur Olson နဲ့ William Nikanen တို့က ပါတီယှဉ်ပြိုင်မှု၊ အကျိုးအမြတ်အုပ်စု ပြုမူ ဆောင်ရွက်ပုံတွေနဲ့ ဗျူရိုကရက်တွေရဲ့ မူဝါဒလွှမ်းမိုးမှုစတာတွေကို လေ့လာခဲ့ကြပါတယ်။ နိုင်ငံရေး လေ့လာမှုတွေမှာ အသုံးများတဲ့ နောက်ထပ်သီအိုရီတခုကတော့ သင်္ချာဘာသာရပ်ကနေ သက်ဆင်း လာတဲ့ ဂိမ်းသီအိုရီဖြစ်ပါတယ်။ နိုင်ငံရေးရှုပ်ထွေးမှုတွေ၊ အကျပ်အတည်းကာလတွေမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့အတွက် အသုံးပြုသင့်တဲ့ သီအိုရီတခုဖြစ်ပါတယ်။
သင်္ချာနဲ့စီးပွားရေးသီအိုရီတွေကနေ သက်ဆင်းလာတဲ့ နိုင်ငံရေးသီအိုရီအသစ်တွေသာမက ၀ါဒသစ်၊ အတွေးအခေါ်သစ်တွေလဲ အများအပြား ပေါ်ပေါက်လာပါတယ်။ အမျိုးသမီးဝါဒဟာ ကျားမကွဲပြား ခြားနားမှုတွေကို ထုတ်ဖော်ရင်း နိုင်ငံရေးဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပာယ်ကို မေးခွန်းထုတ်နေပါတယ်။ Green Politics ဟာ လူသားတွေကို ဦးစားပေးစဉ်းစားမှု (anthropocentric emphasis) မှာ အခြေခံတဲ့ နိုင်ငံရေး၊ လူမှုရေးသီအိုရီတွေကို စိန်ခေါ်ပြီး၊ သဘာဝပတ်ဝန်းကျင် သဘောတရားတွေကို ဦးစားပေး စဉ်းစားမှု (holistic emphasis) ပေါ်မှာ အခြေတည်တဲ့ နိုင်ငံရေး၊ လူမှုရေး နားလည်မှုတွေကို ဖြန့်ဖြူးနေပါတယ်။ ၁၉၂၃ မှာ ပေါ်ပေါက်လာတဲ့ ဖရန့်ဖတ်ကျောင်းတော်ရဲ့ မာ့စ့်လက်သစ်ဝါဒပေါ်မှာ အခြေခံထားတဲ့ critical theory ဟာ လက်ရှိကျင့်သုံးနေတဲ့ လူမှုထုံးတမ်းစဉ်လာတွေကို ဝေဖန်မှုတွေ ပြုလုပ်ပါတယ်။
ဒီလိုဝါဒတွေ၊ သီအိုရီတွေ အများအပြားအကြားမှာ နိုင်ငံရေးလေ့လာသူ တယောက်ဟာ နိုင်ငံရေး သဘောတရားတွေ (political concepts)၊ နိုင်ငံရေးသီအိုရီတွေ (political theories)၊ နိုင်ငံရေး မော်ဒယ်တွေ (political models)၊ အိုင်ဒီယော်လော်ဂျီတွေ (ideological traditions/ paradigms) တွေကို ကွဲကွဲပြားပြား သိနားလည်ဖို့ လိုအပ်လှပါတယ်။
 

Saturday, September 10, 2016

လူလား၊ နိုင်ငံလား၊ အာနန်ကော်မရှင် အငြင်းအခုံ

လူလား၊ နိုင်ငံလား၊ အာနန်ကော်မရှင် အငြင်းအခုံ

စာရေးသူ မှတ်မိသလောက် ရာစုသစ် အပြောင်းအလဲကာလတွင် လက်ရှိကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ခေတ်နှင့်အညီ ပြောင်းလဲနိုင်ဖို့ ကြိုးစားခဲ့ကြသည်မှာ နှစ်ကြိမ်တိတိရှိပါသည်။ ကုလသမဂ္ဂအဖွဲ့ကြီး အနှစ် ၅၀ ပြည့်သည့် ၁၉၉၅ ခုနှစ် အထွေထွေညီလာခံနှင့် ၂၀၀၀ ပြည့်နှစ်က ကျင်းပခဲ့သော ထောင်စုနှစ် ညီလာခံတို့ဖြစ်သည်။ အမှန်စင်စစ် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းမှာ 'အနှစ်သုံးဆယ်စစ်ပွဲ' အပြီး ၁၆၄၈ ခုနှစ်က ချုပ်ဆိုခဲ့သော '၀က်စဖေးလီးယားစာချုပ်' (Westphalia Treaty) ကို အခြေခံထားခြင်းဖြစ်သည်။ ဤစာချုပ်အရ စာချုပ်ဝင်နိုင်ငံများမှ အစိုးရများသည် မိမိနိုင်ငံတွင် မိမိကြိုက်သလို အုပ်ချုပ်နိုင်သည်။ 'အချုပ်အခြာ အာဏာပိုင်ဆိုင်မှုပြဿနာ' (Sovereign Matter)' ဟု ယူဆခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ဖွဲ့စည်းခဲ့သော ကုလသမဂ္ဂအဖွဲ့ကြီး၏ ပဋိညာဉ် စာတမ်းတွင်လည်း ဤသဘောကိုပင် ပြန်လည်အခြေခံခဲ့သည်။

သို့နှင့်တိုင် ယခုရောက်ရှိနေသော ၂၁ ရာစုမှာ '၀က်စဖေးလီးယား စာချုပ်' ချုပ်ဆိုစဉ်ကာလ ၁၇ ရာစုနှင့် ဘယ်လိုမှ မတူနိုင်တော့ပါ။ ထိုစဉ် က မြင်းနှင့် သတင်းပို့ရသောခေတ်ဖြစ်ရာ သူ့ခေတ်၏ ဆက်သွယ်ရေး တက္ခနိုလိုဂျီကို 'သိပ်ဝေး' (far away)  ဆိုသော စကားလုံးဖြင့် ဖော်ပြနိုင်သည်။ သို့နှင့်အမျှ 'တို့ဘာမှမသိ' (We know nothing) ဆိုသော စကားရပ်က နောက်မှလိုက်လာသည်။ ဤသို့ ဘာမှမသိသော အခြေအနေ တွင် အစိုးရတစ်ရပ်အနေနှင့် မိမိနိုင်ငံကို မိမိစိတ်ကြိုက် အုပ်ချုပ်သည် ကသာ သဘာဝကျလိမ့်မည်ဟု သဘောယူခဲ့ကြသည်။ သို့တစေ ၂၁ ရာစု အင်တာနက်ခေတ်တွင်ကား ဤသို့မဟုတ်တော့ပြီ။ 'ချက်ချင်း' (Instant)  ဆိုသော ဝေါဟာရရှေ့ရောက်လာသလို 'တို့အကုန်သိပြီ'  (We know everything) ဆိုသော စကားရပ်ဖြင့် ကမ္ဘာကြီးတစ်ခုလုံး ဆိတ်ကွယ်ရာ မရှိဖြစ်လာသည်။ ဤသို့သော အခြေအနေသစ်အောက်တွင် အစိုးရတစ်ရပ် အနေနှင့် 'အချုပ်အခြာအာဏာ' ဆိုသည်ကိုကိုင်ပြီး မိမိသက်ဆိုင်ရာ လူထုကို နှိပ်စက်ညှဉ်းပန်းနေလျှင် ဘယ်လိုတုံ့ပြန်ကြမည်နည်း။ ကုလ သမဂ္ဂအဖွဲ့ကြီးကကော ဘယ်လိုသဘောထားမည်နည်း။ တောင်အာဖရိက သမ္မတဟောင်း 'နယ်လဆင် မင်ဒဲလား' နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဟောင်း 'လွိုက်' တို့က "အမျိုးသားနိုင်ငံများလုံခြုံရေးမှ လူသားတစ်ရပ်လုံး လုံခြုံရေးသို့ လှည့်ပြောင်းစဉ်းစားသင့်ပြီ" ဟု အဆိုပြုလာရာ ကုလသမဂ္ဂအတွင်း အကြီးအကျယ်အငြင်းပွားခဲ့ရသည့် 'ဒီဘိတ်ကြီး' ဖြစ်လာတော့သည်။

သို့ဖြစ်လင့်ကစား နိုင်ငံအများစု လက်မခံသောကြောင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကိုကား မပြောင်းလဲနိုင်ခဲ့ပါ။ နောက်ဆုံး 'လူသားချင်း စာနာမှုနှင့်ယှဉ်သော ကြားဝင်စွက်ဖက်မှု'  (Humanitarian intervention) ဆိုသော 'ကြားအဖြေ' နှင့်ပင် ကျေနပ်လိုက်ရသည်။ အဆိုပါ 'လူသားချင်း စာနာမှုနှင့်ယှဉ်သော ကြားဝင်စွက်ဖက်မှု ဆောင်ရွက်ရာတွင် လိုက်နာရ မည့်မူလေးချက်ကိုလည်း ၀ါရင့်သံတမန် 'ဟင်နရီကစ်ဆင်းဂျား' က တင်ပြခဲ့သည်။ ဤသည်တို့မှာ

၁။ နိုင်ငံတကာမိသားစုအမြင်တွင် တရားမျှတသည်ဆိုသော ထင်မြင်ချက်မျိုးရှိစေရန်၊
၂။ အောင်မြင်ဖို့ အလားအလာအမြင့်ဆုံးရှိစေရန်၊
၃။ ပန်းတိုင်နှင့် နည်းလမ်းသဟဇာတဖြစ်စေရန် နှင့်
၎။ လူသားချင်းစာနာမှုအရ ဆောင်ရွက်ရာတွင် အခိုင်အမာရှိပြီးသား အမျိုးသားရေးအကျိုးစီးပွားတို့ဖြင့် ၀ိရောဓိမဖြစ်စေရန် (တစ်နည်း) ကုလသမဂ္ဂအခွင့်အာဏာနှင့်သာ ဆောင်ရွက်ရန်တို့ဖြစ်သည်။

ဤတွင် ကုလပဋိညာဉ်စာတမ်းကို ပြင်ဆင်ရန် အဓိကအဆိုပြုခဲ့ ကြသော အနောက်နိုင်ငံများက နံပါတ်လေးအချက်ကို မကျေနပ်ခဲ့ကြရာမှ ကိုဆိုဗိုအရေးအခင်းတွင် ကုလသမဂ္ဂကိုကျော်ပြီး 'နေတိုး' အဖွဲ့ဖြင့် ကြားဝင်ဆောင်ရွက်ခဲ့ကြသည်။ ဒုတိယပင်လယ်ကွေ့စစ်ပွဲ (အီရတ်စစ်ပွဲ) တွင်မူ 'အမေရိကအနေနှင့် ကုလသမဂ္ဂအပါအ၀င် မည်သည့်နိုင်ငံတကာ အဖွဲ့အစည်း၏ တုပ်နှောင်မှုမှမခံ' ဟုဆိုကာ တစ်ကိုယ်တော်ကျိတ်ခဲ့ဖူး သည်။ ဤနေရာတွင် အဓိကပြောလိုသည်မှာ ကုလသမဂ္ဂအဖွဲ့ကြီးသည် ပင်လျှင် 'နိုင်ငံများ၏ လုံခြုံရေး' နှင့် 'လူသားထုလုံခြုံရေး' ကို ဘယ်ဘက် မှ တစ်ဖက်သတ်မလိုက်ဘဲ မျှမျှတတ ဆောင်ရွက်ခဲ့ဖူးသည့် သာဓကကို တင်ပြလိုရင်းဖြစ်သည်။ ဤသည်ပင် ရခိုင်ပြည်နယ်အရေးအပါအ၀င် ကမ္ဘာပေါ်ရှိ ပြဿနာတော်တော်များများနှင့် ဆက်စပ်နေသော နောက်ခံ သမိုင်းအခင်းအကျင်းဖြစ်ပါသည်။

အာနန်ကော်မရှင် လို - မလို

တကယ်တော့ ယခုတစ်ပတ် The Voice အတွက် စာရေးသူ ရေးနေသည်မှာ '၂၁ ရာစုပင်လုံအကြောင်း' ဖြစ်သည်။ ဤဆောင်းပါးရေး နေရင်းမှပင် တီဗီဖွင့်လိုက်ရာ 'ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်' (အာနန်ကော်မရှင်) နှင့်ပတ်သက်သော အရေးကြီးအဆို ဆွေးနွေးပွဲနှင့် တိုးနေ၍ စိတ်ဝင်စားသွားသည်။ အထက်ပါအဆိုကို လွှတ်တော်ကိုယ်စား လှယ် ၃၄ ဦးဆွေးနွေးခဲ့ကြရာ အချို့သောဆွေးနွေးချက်များတွင် 'လူသား ချင်းစာနာမှုနှင့်ယှဉ်သော ကြားဝင်စွက်ဖက်မှု' အကြောင်းပါသွားသည်။ လက်ရှိရခိုင်ပြည်နယ်အရေးနှင့် ဆက်စပ်စဉ်းစားနိုင်စေရန် ကုလသမဂ္ဂ အဖွဲ့ကြီးအတွင်း ကြုံခဲ့ရသော 'ဒီဘိတ်' များကို နောက်ခံကားသဘော စတင် 'ခင်းပြ' လိုက်သည်။ ပြီးမှ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်သော စာရေးသူ စဉ်းစားမိသည်များကို ဖော်ပြသွားဖို့ ရည်ရွယ်ထားသည်။

ပြောကြစတမ်းဆိုလျှင် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး ယခင် ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည်။ အဆိုပါကော်မရှင်၏ တွေ့ရှိချက်အစီရင်ခံစာကို လည်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ စာရေးသူအမြင်ကိုပြောရလျှင် ဆိုခဲ့ပါ အစီရင်ခံစာမှာ ပြည့်စုံကောင်းမွန်သည်ဟုလည်း ထင်သည်။ သို့တိုင် လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့ပါ။ အဓိကအဟန့်အတား ဖြစ်ရသည်မှာ နိုင်ငံတကာ၏ ထောက်ခံစာနာမှုမရခဲ့သောကြောင့်ဟု မြင်သည်။ သို့အတွက် လက်ရှိအစိုးရ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပျောက်ဆုံးနေသော နိုင်ငံတကာထောက်ခံမှု ပြန်လည်ရရှိစေရန် ကိုဖီ အာနန်လို ကမ္ဘာသိပုဂ္ဂိုလ်မျိုးကို ဥက္ကဋ္ဌတင်၍ ကော်မရှင်သစ်ဖွဲ့စေခဲ့ သည်ဟု စဉ်းစားမိပါသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် ယုံကြည် အားကိုးစိတ်၊ မစ္စတာကိုဖီအာနန်အပေါ် လေးစားမျှော်လင့်စိတ်တို့ကြောင့် ဘက်စုံထောင့်စုံ မစဉ်းစားဘဲ ခပ်လွယ်လွယ်ကောက်ချက်ချမိသည်ကို တော့ ၀န်ခံရပါလိမ့်မည်။

သို့တစေ ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်သူငယ်ချင်း ဆီဖုန်းဆက်မေးမြန်းတော့မှ သူ့အမြင်ကို ကြားရသည်။ ဆက်စပ်စဉ်းစားစရာ တွေလည်း မနည်းမနောရလာပါသည်။ အာနန်ကော်မရှင်နှင့်ပတ်သက်၍ သူငယ်ချင်းက ယခုလိုဆိုသည်။ ''ကျွန်တော် စိုးရိမ်တာက အဲဒီကိုဖီအာနန်ပဲဗျ။ ခင်ဗျားသိတဲ့အတိုင်း သူက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း၊ ပြီးတော့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်။  ခုချိန်မှာ သူ့သဘောထား ဘယ်လို ရှိမယ်ဆိုတာ ကျွန်တော်တို့ ဘယ်လိုမှ ကြိုမသိနိုင်ဘူး။ တကယ်လို့သာ သူက ရိုဟင်ဂျာရှိတယ်ဆိုတဲ့ဘက်က ရပ်ခံလိုက်ရင်သွားပြီ။ သူ့အမြင်ဟာ နိုင်ငံတကာမိသားစုအမြင်ဖြစ်လာမှာပဲ။ နိုင်ငံတကာမျက်နှာစာမှာတော့  ကျွန်တော်တို့ရှုံးပြီ။ ကျွန်တော်အဓိကစိုးရိမ်တာ ဒါပဲဗျ ...။'' သူ့စကားတွင် စဉ်းစားစရာတွေ အပြည့်ရှိလိမ့်မည်ဟုထင်သည်။

အားလုံးသိကြသည့်အတိုင်း နိုင်ငံတကာမီဒီယာလောကတွင်  နှစ်ပေါင်းမြောက်မြားစွာ အပိတ်ဆို့ခံထားရတာ ကျွန်တော်တို့ မြန်မာ မီဒီယာသမားတွေ ဘယ်လိုမှမထိုးဖောက်နိုင်သေးပါ။ နိုင်ငံတကာမီဒီယာမှ ပေးသောအသိတွင် ရိုဟင်ဂျာမှာ အခိုင်အမာရှိနေပါလိမ့်မည်။ ထို့ထက် နှစ်ပေါင်းမြောက်မြားစွာ ပညာရေးနောက်ကျခဲ့ရသော ကျွန်တော်တို့ မြန်မာပညာရှင်များအနေနှင့်လည်း နိုင်ငံတကာပညာရေးလောကတွင် အာဘော်ဖန်တီးနိုင်စွမ်း အားနည်းနေဆဲဟုထင်ပါသည်။ အနောက်တိုင်း တက္ကသိုလ်ကြီးများတွင် ပညာသင်ကြားခွင့်ရခဲ့သော မြန်မာစစ်စစ် ပညာရှင် များကိုယ်တိုင်ကပင် 'ရိုဟင်ဂျာအမှန်ရှိသည်' ဆိုသော စာသိကို စွဲလန်း နေရာ ကိုဖီအာနန် ဘယ်လိုသဘောထားမည်ကို မှန်းဆဖို့ခက်လှပါသည်။ ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်အနေနှင့် ခေတ်မီ 'နည်းနာဗေဒ' (Methodology)  များကို အသုံးပြုပါလိမ့်မည်။ သို့နှင့်တိုင် အဆိုပါနည်းနာများဖြင့် ရခိုင်လူထု၏ ရင်ထဲအသည်းထဲမှ ခံစားမှုများကို အရင်းအတိုင်း ဘာသာပြန်နိုင်ပါမည်လော။ ထို့ထက် မြန်မာတိုင်းရင်းသားအများစုအနေ နှင့် ဆာဗေးယဉ်ကျေးမှုနှင့် မနီးလှသေးသည်ကိုလည်း ထည့်သွင်းတွက်ချက် ဖို့ လိုပါလိမ့်မည်။

နိုင်ငံရေး၊ ဥပဒေရေး၊ ဆက်စပ်တွေးစရာများ

သူငယ်ချင်းက သူ့ရင်ထဲတွင် ကြိတ်မှိတ်မြိုသိပ်ထားရဟန်တူသော ခံစားမှုတွေကို တယ်လီဖုန်းမှတစ်ဆင့် ဆက်လက်သွန်ချနေသည်။
''ကျွန်တော်တို့က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ရင်းရင်းနှီးနှီးတွေ့ပြီး ကျွန်တော်တို့မှာရှိနေတဲ့ စိုးရိမ်စိတ်တွေကို ပြောပြချင်တယ်။ ကျွန်တော်တို့ ရခိုင်လူထုရဲ့ ခံစားမှုတွေကို ဖွင့်ပြချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ တွေ့ခွင့် မရခဲ့ဘူး။ ဒီလိုဖြစ်တာ အခုမှမဟုတ်ဘူး။ ကျွန်တော်တို့ပါတီက တစ်ယောက် ကို အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌခန့်တုန်းကလည်း ကျွန်တော်တို့ပါတီကို တရားဝင်အသိပေးတိုင်ပင်တာမျိုး မရှိဘူး။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ခန့် တုန်းကလည်း ဒီအတိုင်းပဲ။ အခုလည်း ကော်မရှင်ကိစ္စ ကျွန်တော်တို့နဲ့ ဘာမှမတိုင်ပင်ဘူးဗျာ။ ကျွန်တော်တို့က နေရာအတွက်ပြောနေတာ မဟုတ်ဘူး။ ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင် သွားချင်တာပါ...။'' စာရေးသူ အနေနှင့်မူ လက်ပံတောင်းကိစ္စ အရှိန်တက်စဉ်က ပြောဆိုခဲ့သော နိုင်ငံတော်  အတိုင်ပင်ခံပုဂ္ဂိုလ်၏စကားကို ပြန်လည်ကြားယောင်နေမိသည်။ ''ဒီမိုကရေစီဆိုတာ မတူတဲ့အမြင်တွေ၊ အချင်းချင်းညှိကြရမှာပဲ။ အပြန်အလှန် အလျှော့ပေးစေ့စပ်ရမှာပဲ ...''

မည်သို့ပင်ဆိုစေ ရခိုင်အမျိုးသားပါတီမှ တင်သွင်းသော အရေးကြီး အဆိုကား ထောက်ခံမဲ ၁၄၈ မဲ၊ ကန့်ကွက်မဲ ၂၅၀ မဲ၊ ကြားနေ တစ်မဲဖြင့် ရှုံးနိမ့်သွားပါပြီ။ ပါဝင်ဆွေးနွေးကြသူ ၃၄ ဦးရှိသည့်အနက် NLD မှ ၂၂ ဦး၊ UPSD မှ ငါးဦး၊ ရခိုင်အမျိုးသားပါတီ (ANP) မှ သုံးဦး၊ တပ်မတော်မှ လေးဦး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ မဲအရဆိုလျှင် NLD အနိုင်ရပြီး ANP ရှုံးပါသည်။ စာရေးသူအမြင်အရတော့ နှစ်ဖက်လုံးရှုံးသည်။ မပြီး ပြတ်သေးသော ဒီမိုကရေစီရေးအတွက် မိတ်ဆွေအချင်းချင်း မဲခွဲဆုံးဖြတ် ရသည်မှာ မဖြစ်သင့် မဖြစ်ထိုက်ဟုထင်သည်။ ဒီမိုကရေစီနိုင်ငံရေးတွင် မလွှဲမရှောင်သာ ကြုံတွေ့ရသော 'ပွတ်တိုက်မှု' ဆိုသည့်စကားလုံးလှလှ လေးဖြင့်ပင် ဖြေလို့မရချင်။ မြန်မာ့နိုင်ငံရေးတွင် ကွဲကြပြီဆိုမှတော့ အပြတ်ချေမှုန်းကြသည့် အစဉ်အလာရှိသည်။ အချင်းချင်းတွေ့ဆုံဆွေးနွေး လိုက်လျှင် ပြီးမည့်ကိစ္စကို အကျယ်ကျယ်ဖြစ်ခဲ့ရသည်မှာ ၀မ်းနည်းစရာ ကောင်းလှသည်။

စာရေးသူမှာ ဥပဒေပညာနှင့် နီးစပ်သူမဟုတ်လေရာ ဥပဒေကိစ္စ ဆိုလျှင် တော်တော်များများ သဘောထားမပေးခဲ့ပါ။ သို့နှင့်တိုင် စာရေးသူ ဖတ်ရသောသတင်းစာသုံးစောင် (အစိုးရသတင်းစာတစ်စောင်နှင့် ပုဂ္ဂလိက သတင်းစာနှစ်စောင်) လုံးတွင် လုံးဝဖော်ပြမထားသော သတင်းတစ်ပုဒ် မှာ ဥပဒေနှင့်ဆက်စပ်နေ၍ မေးစရာအချို့ရှိနေသည်။ မြောက်ဦးအမတ် ဦးဦးလှစော၏ ထောက်ပြချက်နှင့် ပတ်သက်ပါသည်။ ဦးဦးလှစောက
'နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ' ပါ။ အတိုင်ပင်ခံပုဂ္ဂိုလ်၏ 'တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များ' တွင် 'ကော်မရှင်' ဖွဲ့စည်းခွင့်မပါ၍ Legitimacy မဖြစ်ဟု ထောက်ပြထားသည်။ ဤကိစ္စကို NLD အမတ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်က အဆိုပါဥပဒေ၊ အခန်း ၆၊ ပုဒ်မ ၅၊ ပုဒ်မခွဲ (ဂ) အရ ပြန်ရှင်းသော်လည်း ပြေလည်မသွားဟုထင်သည်။ အဆိုပါ  ပုဒ်မခွဲ (ဂ) တွင် 'အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဤဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်'' ဟူ၍သာပါရာ ကော်မရှင်ဖွဲ့ခွင့်ရှိသည်ဟု မတွေ့ရပါချေ။ NLD ပါတီမှ ဦးထွန်းထွန်းဟိန်ကလည်း အဆိုပါထောက်ကွက်ကို ဆိုခဲ့ပါအတိုင်းဖြင့်ပင် ဖြေရှင်းသွားပါသည်။ ပွင့်ပွင့်လင်းလင်းဝန်ခံရလျှင် စာရေးသူအနေနှင့် ဘ၀င်မကျလှပါ။

ထို့ထက်ပို၍အရေးကြီးသည့် ပြဿနာရှိနိုင်ပါသေးသည်။ ယခု  ပြည်ထောင်စုအဆင့် (ပြည်သူ့လွှတ်တော်တွင်) မူ ANP ၏ အရေးကြီး အဆို ရှုံးသွားခဲ့ပါပြီ။ ရခိုင်ပြည်နယ်လွှတ်တော်တွင်လည်း အလားတူ အဆိုမျိုးတင်လိမ့်မည်ဟု မှန်းဆရသည်။ အကယ်၍များ တင်ဖြစ်လျှင် ပြည်နယ်လွှတ်တော်တွင် ဗဏြ က အများစုဖြစ်၍ အနိုင်ရဖို့များပါလိမ့် မည်။ ဤသို့ဖြစ်လာခဲ့လျှင် ဘယ်လိုဆုံးဖြတ်ကြမည်နည်း။ ပြည်ထောင်စု အဆင့် ဆုံးဖြတ်ချက်ကို အတည်ပြုလျှင် ပြည်နယ်ကို ကိုယ်စားပြုသော ပြည်နယ်လွှတ်တော်၏ဆန္ဒကို ပစ်ပယ်ရာရောက်ပါလိမ့်မည်။ ဤအတိုင်း ဆိုလျှင် 'ဖက်ဒရယ် ဟုတ် - မဟုတ်' မေးခွန်းထုတ်စရာဖြစ်ပါလိမ့်မည်။

အလားတူပြဿနာများနှင့် ကစ်ဆင်းဂျားစကား

ပြောကြစတမ်းဆိုလျှင် မြန်မာနိုင်ငံ ကံမကောင်းခဲ့ပါ။ အမှန်စင်စစ် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊မောင်းတော လို ‘ထိစပ်နယ်မြေများ’(Border Lands)မှာ ကမ္ဘာပေါ်တွင်မနည်းမနော ရှိသည်သာဖြစ်ပါသည်။‘ထိစပ်နယ်မြေ’ ဆိုသည်မှာ သာမန်နယ်စပ်ဒေသ(Fromtier)နှင့်မတူပါ။အိမ်နီးချင်းနိုင်ငံနှစ်ခု၏ ဆက်စပ်နယ်မြေဖြစ်သည့်တိုင် အချုပ်အခြာအာဏာပိုင်ဆိုင်မှု အကြိမ်ကြိမ် အပြောင်းအလဲရှိသည့်ဒေသမျိုးဖြစ်သည်။ ထွေပြားသော ယဉ်ကျေး မှုမျိုးစုံရှိနေတတ်သလို သစ္စာခံမှုအမျိုးမျိုးလည်း ရှိနေတတ်ရာ မတည်ငြိမ်မှု၏ ရေခံမြေခံများအပြည့်ရှိနေတတ် သည်။ ပြင်သစ်နှင့်ဂျာမနီကြားမှ အဲလ်ဆက်နှင့်လော်ရိန်း၊ အိန္ဒိယနှင့်ပါကစ္စတန်ကြားမှ ကတ်ရှမီးယား၊ဆားဗီး ယားနှင့် အယ်လ်ဘေးနီးယားကြားမှ ကိုဆိုဗို၊ မက္ကဆီကိုနှင့် အမေရိကန်နယ်စပ်ဒေသတို့မှာ ထင်ရှားသောထိစပ် နယ်မြေများဖြစ်သည်။

အမေရိကအပါအ၀င်နိုင်ငံအများစုအနေနှင့်မိမိတို့သက်ဆိုင်ရာ ထိစပ်နယ်မြေများကိုမိမိတို့အချုပ်အခြာအာဏာ ဘောင်ထဲမှပင် အဆင်သင့်သလို ဖြေရှင်းခဲ့ကြရာ မည်သည့်နိုင်ငံတကာ မိသားစုကမှ ကြားဝင်စွက်ဖက်၊ ဖိအား ပေးသည်မျိုး မရှိခဲ့ပါ။ အမှန်စင်စစ် ဘူးသီးတောင်၊မောင်းတောကိစ္စမှာ အချုပ်အခြာအာဏာနှင့် ဆက်စပ်နေ သော နယ်မြေ ပြဿနာဖြစ်ရာ လူမျိုးရေးမဟုတ်သလို ဘာသာရေးလဲလုံးဝမဟုတ်ပါချေ။ သို့ဖြစ်လင့်ကစားလူ မျိုးခွဲခြားမှုလိုလို၊ ဘာသာရေးခွဲခြားမှုလိုလို ဖြစ်အောင်ရည်ရွယ်ချက်ရှိရှိ ကျုံးသွင်းယူကြသည်များ အမှန်ပင်ရှိ နေပါသည်။ ရှုတ်ထွေး၊ပွေလီ၊ထွေပြား၊ကောက်ကျစ်လှသော ကမ္ဘာ့နိုင်ငံရေးဝဲဂယက်တွင် နှစ်ပေါင်းမြောက်မြား စွာ နိုင်ငံရေးသားကြော ဖြတ်ခံရမှု၏ အကျိုးဆက်ကြောင့် ရိုးသားထုံအ သလိုဖြစ်ခဲ့ရသော မိမိတို့ဘက်မှ မပါး နပ် မှုများလည်း ပါသလောက် ပါပါသည်။

ယခုစာစုကို မျက်မှောက်ခေတ်၏ အထင်ရှားဆုံး ‘သရုပ်မှန်ဝါဒီ’(Realist)တစ်ဦးဖြစ်သူ ဟင်နရီကစ်ဆင်းဂျား၏ စကားတစ်ခွန်းနှင့် နိဂုံးချုပ်ပါမည်။ “ကမ္ဘာကြီးမှာ ယနေ့အချိန်အထိ သရုပ်မှန်ဝါဒ နယ်ပယ်ထဲက မထွက်သေး” ဟုကစ်ဆင်းဂျားက ဆိုသည်။ ဤအတွက် အထောက်အထားသုံးရပ်ကို ယခုလိုတင်ပြသည်။
၁။ ကမ္ဘာပေါ်တွင် ‘အမျိုးသားနိုင်ငံများ’(Nation State) ‘အမျိုးသားများနိုင်ငံများ’(State Nations)ရှိနေဆဲ ဖြစ်ရာ ‘အမျိုးသား အကျိုးစီးပွား’ကို မည်သည့်နိုင်ငံမှ မပစ်ပယ်။
၂။ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများမရှိမဟုတ်၊ ရှိပါ၏။သို့တစေ ကုလသမဂ္ဂကိုယ်တိုင် သည်ပင် ‘ကမ္ဘာလုံးအတိုင်းအတာ လုပ်ပိုင်ခွင့်’ (Gl0bal Power)မရှိ။ ‘စကားပြောဆိုင်’ သက်သက်မျှသာဖြစ် သည်။ (အထူးသဖြင့်-နိုင်ငံငယ်လေးများ)အတွက် အားမကိုးလောက်။
၃။ မည်သည့်နိုင်ငံမဆို ဒီမိုကရက်တစ်တန်ဖိုးနှင့် အမျိုးသားအကျိုးစီးပွားအပြိုင်ဖြစ်လာလျှင် အကျိုးစီးပွား ဘက်မှ ရပ်ခံကြသည်သာများသည်။
သို့အတွက် “ကမ္ဘာကြီးမှာ Realism ဘောင်ထဲမှ ယနေ့ထက်တိုင် မထွက်နိုင်သေး”ဟု ဆိုပါကြောင်း…..။

ကျော်ဝင်း

credit##myanmar breaking news

Wednesday, September 7, 2016

ဦးစိုင်းညွန့်လွင် ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း

၂၁ ရာစု ပင်လုံညီလာခံ မြင်ကွင်းတခု။ စက်တင်ဘာ ၃၊ ၂၀၁၆။ နေပြည်တော်။

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မကြာခင်က ပြီးဆုံးသွားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပထမ အစည်းအဝေးမှာ အားတက်စရာတွေ တွေ့ရသလို ကိုယ်ဆန္ဒကိုပဲ တဖက်သတ် ပြောဆိုသွားတာတွေလဲ တွေ့ရတဲ့အတွက် ရေရှည်မှာ ညှိနှိုင်းအဖြေရှာနိုင်ဖို့ အရေးကြီးတယ်လို့ SNLD အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဆိုပါတယ်။ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ သဘောထားပြောင်းလဲဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။ ဦးစိုင်းညွန့်လွင် ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပြီးဆုံးသွားပြီဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ဒုတိယပင်လုံ ညီလာခံလို့ ခေါ်ကြတာပေါ့။ အဲဒီညီလာခံနဲ့ ပတ်သက်ပြီးတော့ SNLD ရဲ့  သုံးသပ်ချက်ကို ကျနော် ဒီကနေ့ ဆွေးနွေးတင်ပြလိုခြင်း ဖြစ်ပါတယ်။ SNLD က ဘယ်အခန်းက ပါဝင်ခဲ့တယ်ဆိုတာကို ပထမဦးဆုံး နည်းနည်းအကျဉ်းရုံးပြောပါ။

ဦးစိုင်းညွှန့်လွင် ။ ။ SNLD အနေနဲ့ နိုင်ငံရေးအစုအဖွဲ့ရဲ့  အတွင်းရေးမှူးတာဝန် ယူထားပါတယ်။ ဦးစိုင်းကျော်မြင့်ကို ဒီမှာ တာဝန်ပေးထားပါတယ်။ နောက်တခါ ပါတီအလိုက် ရရှိတဲ့ ကိုယ်စားလှယ်အရေအတွက် အပြည့်အတိုင်း ကျနော်တို့ တက်ရောက်ခဲ့ပါတယ်။ တနည်းအားဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာကိုတော့ ပြောပြချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ SNLD ပါတီရဲ့  သဘောထားကို ဘယ်လို တင်ပြခဲ့ပါလဲ။ အဲဒါလဲ အကျဉ်းရုံး သိချင်ပါတယ်။

ဦးစိုင်းညွှန့်လွင် ။ ။ ကျနော်တို့ အခြေခံကတော့ လွန်ခဲ့တဲ့ ၁၉၆၁ ခုနှစ် ပြည်နယ်ပေါင်းစုံ ညီလာခံကနေ အားလုံး သဘောတူထားတဲ့ အချက်အလက်တွေကို အခြေခံပြီးတော့ ဒီနေ့ခေတ်၊ ဒီနေ့အခြေခံနဲ့ လျော်ညီအောင် တင်ပြခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီတင်ပြချက်တွေမှာ အဓိကအားဖြင့် တချို့  သဘောထား ကွဲလွဲမှု ရှိတယ်လို့ ယေဘုယျအားဖြင့် နားလည်ထားကြတယ်။ သဘောထား ကွဲလွဲတယ်ဆိုတာကလဲ ညှိရမယ့်ကိစ္စ။ အဲဒီဟာမှာ ဥပမာ ပြည်နယ်အရေအတွက် ဘယ်လောက် ထားမယ်ဆိုတဲ့ကိစ္စ၊ တပ်မတော်ကိစ္စ စသဖြင့် ကွဲလွဲတာတွေ တွေ့ရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ SNLD ရဲ့  သဘောထားကို ဘယ်လို တင်ပြခဲ့ပါလဲ။

ဦးစိုင်းညွှန့်လွင် ။ ။ သဘောထား ကွဲလွဲစရာတွေက အများကြီးပါပဲ။ ပြီးသွားတဲ့ ညီလာခံမှာ ဘာမှကန့်သတ်ချက် မရှိဘူး။ နောက် ၁၉၉၃ တုန်းက အမျိုးသားညီလာခံ လုပ်တုန်းကလို စာတမ်းတွေကို တည်ဖြတ်ပြီးတော့ ပြောခိုင်းတာ မရှိဘူး။ ကိုယ့်သဘောနဲ့ကိုယ်၊ ကိုယ့်အယူအဆကို ပွင့်ပွင့်လင်းလင်း ပြောနိုင်တဲ့အခါကြတော့ အယူအဆတွေ အမျိုးမျိုး အဖုံးဖုံး ကွဲလွဲပြီးတော့ ထွက်လာပါတယ်။ ဒါတွေက ပြန်ပြီးတော့မှ ညှိရမယ့် ကိစ္စတွေပါ။ အခုလောလောဆယ်မှာ ညှိဖို့အချိန်လည်း မရှိဘူး။ နောက် (၆) လ မတိုင်မီမှာ ဒါတွေကို ပြန်ပြီးတော့ ညှိညှိနှိုင်းနှိုင်း ပြန်လုပ်ရမယ့် အနေအထားမျိုး ရောက်မှာပါ။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အဖွင့်မိန့်ခွန်းမှာ ကျနော် သတိထားမိတာက သူက အဓိက လိုအပ်ချက် (၃) ခု - ပညာ၊ သတ္တိ၊ ဇွဲလုံလ ဝီရိယနဲ့ လုပ်ကြဖို့ လိုတယ်လို့ ပြောသွားပါတယ်။ ပညာဆိုတာကတော့ ဒီခေတ်အခြေအနေနဲ့ တောင်းဆိုတာတွေ ထိုက်တန်ရဲ့ လား စသဖြင့် ကမ္ဘာ့အခြေအနေ၊ နိုင်ငံရဲ့  တိုးတက်ဖြစ်ထွန်းတဲ့ နိုင်ငံရေး အခြေအတွေ အကုန်လုံးကို ဖြစ်နိုင်၊ မဖြစ်နိုင် ချင့်ချိန်စဉ်းစားဖို့ လိုတယ်လို့ ပြောတာ ထင်ပါတယ်။ သတ္တိကတော့ အဲဒီလို အမှန်တရားတို့ကို ဆုံးဖြတ်ပြီးရင် ဒါကို လူကြိုက်တာ မကြိုက်တာထက် သတ္တိနဲ့ ရင်ဆိုင်ပြီးတော့ လုပ်ရမယ်ဆိုတဲ့သဘော။ ဇွဲကောင်းကောင်းနဲ့ လုပ်ရမယ်ဆိုတဲ့သဘော ပြောသွားတယ်လို့ ထင်ပါတယ်။ ဦးစိုင်းညွှန့်လွင် အဲဒါကို သတိထားမိပါလား။ ကျနော် ဖွင့်ဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်နဲ့ သဘောထားချင်း တူညီပါရဲ့ လား။

ဦးစိုင်းညွှန့်လွင် ။ ။ နိုင်ငံရေးလောကမှာတော့ ကိုယ်ဖြစ်ချင်တာပဲ ဖြစ်ဖို့ ဖြစ်ချင်မှ ဖြစ်မှာပါ။ သူ့သဘောထားအတိုင်းလဲ အားလုံးက တူချင်မှ တူမှာပါ။ ကွဲလွဲတာတွေ အများကြီးပါ။ ရှိလည်း ရှိမှာပါ။ ဒီ ကွဲလွဲတာတွေကို ဖြေရှင်းဖို့အတွက် နိုင်ငံရေးလုပ်ခြင်း ဖြစ်ပါတယ်။ ဒါကို မဖြေရှင်းဘူးဆိုရင် နိုင်ငံရေး မလုပ်ဖို့ပဲ ရှိပါတယ်။ ဒီလို ကွဲပြားနေတဲ့ဟာကို ကျနော်တို့က စိတ်ရှည်လက်ရှည်နဲ့ ဆင်ခြင်တုံတရားနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စကို ကျနော်တို့ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အခု ဒီပွဲမှာ သတိထားမိတာ တခုကတော့ တော်တော်လေး စိတ်မကောင်းစရာ တခုပါ။ အဲဒါက ဘာလဲဆိုတော့ ကိုယ့်ကိစ္စကို၊ ကိုယ့်အတွက်၊ ကိုယ်လိုချုင်တာကို ဖြစ်ချင်တာကိုပဲ တော်တော်များများ ပြောသွားတာရှိတယ်။ ဒီနေ့ နိုင်ငံတော်ကြီး ဘာဖြစ်နေလဲ။ ဒီနေ့ နိုင်ငံတော်ကြီး ဘာတွေ လိုအပ်နေလဲ။ ဘာတွေ ဘယ်လို ပြန်တည်ဆောက်ရမယ့်ဆိုတဲ့ Constructive Ideas နဲ့ အပြုသဘောဆောင်တဲ့ တိုင်းပြည်အတွက် ပြောတာ သိပ်မများပါဘူး။ နည်းပါတယ်။ အဲဒီအချက်ကိုတော့ ကျနော်တို့ မကြိုက်ပါဘူး။ သို့သော်လဲပဲ ဒါ လွတ်လပ်စွာ ပြောဆိုခွင့်၊ တောင်းဆိုခွင့် ဆိုတဲ့အတွက် ဒါကို ကျနော်တို့ ဒါကိုတော့ မကန့်ကွက်ပါဘူး။ သို့သော်လဲ အခုန ကျနော် ပြောသလို တိုင်းပြည်အတွက်ကို ပိုပြီးတော့ ဦးစားပေးသင့်တယ်လို့ ကျနော် ထင်ပါတယ်။ အခုကတော့ အဖွဲ့အစည်းအသီးသီး၊ ကိုယ့်ကိစ္စအသီးသီးကိုပဲ ဦးစားပေးနေတာ တွေ့တဲ့အခါကြတော့ တိုင်းပြည်အတွက်တော့ ကျနော်တို့ ရင်လေးရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ်။ မြန်မာပြည်ရဲ့  နိုင်ငံရေးမှာလည်း ဒီလို Compromise လုပ်တဲ့ Culture မရှိဘူးဆိုတာ လူတိုင်း သုံးသပ်ကြပါတယ်။ ဆိုတော့ အခု ညီလာခံမှာ တက်ရောက်လာတဲ့ တိုင်းရင်းသားတွေ၊ ဒီညီလာခံမှာ အပြန်အလှန် အပေးအယူ ညှိနှိုင်းတဲ့ အစဉ်အလာမျိုး Culture မျိုး ပျိုထောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါသလား။

ဦးစိုင်းညွှန့်လွင် ။ ။ မျှော်လင့်တာထက် ဖြစ်အောင် ကြိုးစားရမှာပါ။ မျှော်လင့်လို့ မရလဲ ဖြစ်အောင် ကြိုးစားရမှာပဲ။ ဒီနည်းလမ်းကလွဲလို့ တခြားနည်းလမ်း မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ တချို့ တိုင်းပြည်တွေမှာ ညီလာခံတွေလုပ်တယ်။ အဲဒီလို အစည်းအဝေး လုပ်ပြီးတော့ မရလို့ ပျက်သွားတယ်။ တခါ နောက်ဆုံးမှာ စစ်နဲ့ ဖြေရှင်းလိုက်ရတယ် စသဖြင့် အနီးဆုံး ကျနော်တို့ နိုင်ငံနဲ့ အနီးဆုံး နမူနာပြရင် သီရိလင်္ကာကို ကြည့်မယ်ဆိုရင် အဲဒီလိုမျိုးတွေ တွေ့ခဲ့ရပါလိမ့်မယ်။ တမီးလ် တိုက်ဂါးတွေနဲ့ ငြိမ်းချမ်းရေးတွေ အကြိမ်ကြိမ်၊ နိုင်ငံတကာက လာပြီးတော့ စေ့စပ်ပေးတယ်၊ လုပ်ပေးတယ်။ နောက် မအောင်မြင်ဘူး။ နောက်ဆုံး စစ်ရေးနဲ့ ဖြေရှင်းလိုက်တယ်။ အဆိုးဆုံး ရောက်ရှိသွားခဲ့တယ်။ အဆိုးမြင်တာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ အခု တိုင်းရင်းသားတွေ ညှိနှိုင်းနေတာဟာ အဲဒီလောက်ထိ ဖြစ်လာနိုင်တဲ့ အခြေအနေတော့ မရှိဘူးလို့ ထင်ပါတယ်။ ဘယ်လို သဘောရပါလဲ။

ဦးစိုင်းညွှန့်လွင် ။ ။ ကျနော်တို့ ဒီကိစ္စကို စိုးရိမ်ခဲ့ပါတယ်။ ကျနော်တို့ စည်းလုံးညီညွှတ်ဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ဖို့အတွက် ဒီညီလာခံကို ကျင်းပတာ ဖြစ်ပါတယ်။ အဲဒီလို အခုန သဘောမျိုးတွေနဲ့ တက်လာမယ်ဟေ့ဆိုရင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ညီညွှတ်ရေး မဖြစ်တော့ဘဲနဲ့ ပိုကွဲပြားသွားတာတွေ၊ ပိုမိုသဘောထား ကွဲတာတွေ ဖြစ်မှာကို စိတ်ပူပါတယ်။ သို့သော်လဲ ဒီနည်းက လက်နက်ကိုင် တိုက်ခိုက်တဲ့နည်းနဲ့စာရင် အများကြီး ကောင်းပါတယ်။ ဒီနည်းနဲ့ပဲ ကျနော်တို့ စိတ်ရှည်လက်ရှည် ကြိုးစားရမှာ ဖြစ်ပါတယ်။ အခုလာမယ့် ခြောက်လအတွင်းမှာ ဆွေးနွေးညှိနှိုင်းမှုတွေကို တတ်နိုင်သမျှ ဆက်ပြီးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အခုဆိုရင် Framework နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်တွေ ဒါတွေက ဒီနှစ်မပြီးသေးပါဘူး။ အဲဒီ ပြီးတဲ့အဆင့်တောင် အများကြီး ကြိုးစားရအုံးမှာ။ သို့သော်လဲပဲ တချို့  ပုဂ္ဂိုလ် တော်တော်များများသည် အံ့သြလောက်အောင် စိတ်ရှည်လက်ရှည်နဲ့ ကြိုးကြိုးစားစား ပါဝင်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အထူးသဖြင့် တပ်မတော်ဘက်က ပါဝင်ဆောင်ရွက်နေတာ တွေ့ရတဲ့အတွက် ကျနော်တို့ အားတက်မိပါတယ်။

ဦးကျော်ဇံသာ ။ ။ အပစ်မရပ်သေးတဲ့ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့လို့ ပြောတဲ့ မပါဝင်တာနဲ့ ပတ်သက်လို့ ဘယ်လို မှတ်ချက်ပေးချင်ပါလဲ။ နောင်ကို ပါဝင်လာမယ့် အလားအလာ ရှိပါလား။

ဦးစိုင်းညွှန့်လွင် ။ ။ အဲဒီ (၃) ဖွဲ့ကတော့ အစိုးရနဲ့ ကိစ္စ မဟုတ်ဘူးလို့ ထင်ပါတယ်။ အဲဒီ (၃) ဖွဲ့ကတော့ တပ်မတော်နဲ့ပဲ တိုက်ရိုက်ဆိုင်မယ်လို့ပဲ ကျနော် ထင်ပါတယ်။ တပ်မတော်နဲ့ တိုက်ရိုက်ညှိနှိုင်းရင်တော့ ပိုပြီအဆင်ပြေမယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့  ညီလာခံတက်တဲ့ တိုင်းရင်းသားတွေ၊ မတက်တဲ့ အဖွဲ့တွေကရော ပြောကြပါတယ်။ အဓိက အဆုံးအဖြတ်ဟာ တပ်မတော်ပေါ်မှာ မူတည်တယ်။ တပ်မတော်ဟာ တိုင်းရင်းသားတွေကို ဘယ်လောက် နားလည်မလဲ။ ဘယ်လောက်အထိ သူတို့ရဲ့  ချုပ်ကိုင်မှုကို လျှော့ပေးနိုင်မလဲ ဆိုတဲ့အပေါ် မူတည်တယ်လို့ ပြောနေကြပါတယ်။ ဒီကိစ္စကို ဘယ်လို မှတ်ချက်ပေးချင်ပါလဲ။

ဦးစိုင်းညွှန့်လွင် ။ ။ သူက အရင်တုန်းက လုပ်ခဲ့တဲ့ ညီလာခံမှာ တပ်မတော်အစိုးရလုပ်တဲ့ ညီလာခံ ဖြစ်ပါတယ်။ အခု လုပ်တဲ့ (၂၁) ရာစု ညီလာခံကတော့ NLD အစိုးရကလုပ်တဲ့ ညီလာခံ ဖြစ်ပါတယ်။ ဆိုတော့ NLD အစိုးရသည် အတတ်နိုင်ဆုံးတော့ ကျန်တဲ့ အဖွဲ့တွေကို လိုက်လျောနိုင်တယ်။ သဘောပေါက်နိုင်တယ်။ နားလည်နိုင်တယ်။ သို့သော်လဲ အဲဒီဟာကြောင့်ပဲ တပ်မတော်က အရေးကြီးလာတယ်။ တပ်မတော်ရဲ့  ဆုံးဖြတ်ချက်၊ တပ်မတော်ရဲ့  သဘောထားတွေဟာ ညှိနှိုင်းမှု အောင်မြင်နိုင်တယ်ဆိုရင်တော့ သူပေါ် အများကြီး မူတည်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ တပ်မတော်ဘက်က များသောအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံမှာပါတဲ့ Structure ဖွဲ့စည်းပုံဟာ ဖယ်ဒရယ် အခြေအနေ ရှိနေပြီပဲ ဒီအပေါ်မှာ ချဲ့ ထွင်သွားရင် ရနိုင်တယ်ဆိုပြီးတော့ ပြောပါတယ်။ တချို့ က ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ချင်တဲ့ဆန္ဒ မရှိဘူး တပ်မတော်ကဆိုပြီး သုံးသပ်ကြပါတယ်။ ဆိုတော့ တိုင်းရင်းသားတွေဘက်က တောင်းဆိုနေတဲ့ ပုံစံနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်မှုမျိုး တပ်မတော်က လုပ်လာလိမ့်မယ် ထင်ပါလား။

ဦးစိုင်းညွှန့်လွင် ။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဖယ်ဒရယ် မဟုတ်ဘူး။ ဒီမိုကရေစီ မဟုတ်ဘူးဆိုတာ အားလုံးသိပါတယ်။ ဒီလို အမြင်မျိုးက တပ်မတော်ပေါ်မှာ မကြာခင် ပြုပြင်ရမယ်ဆိုတာ သူတို့ သိလာတဲ့တနေ့၊ သိအောင်လို့လဲ ကျနော်တို့ ဝိုင်းဝန်ပြီိးတော့ ဆွေးနွေးဖြောင့်ချရမှာပါ။ အဲဒီတနေ့မှာတော့ အားလုံး ညီညီညွှတ်ညွှတ် ဖြစ်မယ်လို့ ရည်မှန်းပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက် မေးချင်တာက ရှမ်းပြည်နယ်နဲ့ တိုက်ရိုက်ပတ်သက်ပါတယ်။ တကယ်တော့ ပြည်ထောင်စုအရေးပါပဲ။ ရှမ်းပြည်နယ်ထဲမှာရှိတဲ့ လူမျိုးစုတချို့ ။ ဥပမာအားဖြင့် ဝတို့ဘာတို့က သူတို့လည်း သီးခြားပြည်နယ်အဆင့် လိုချင်တယ်လို့ တောင်းဆိုကြတာကို တွေ့ရပါတယ်။ ဒီကိစ္စကို ဘယ်လို တုံ့ပြန်ပြောကြားလိုပါလဲ။

ဦးစိုင်းညွှန့်လွင် ။ ။ ဒီပြည်နယ်အသစ် ကိစ္စကတော့ ကျနော်တို့ ရှမ်းပြည်နယ်တခုတည်း ရှမ်းပါတီတခုတည်းက ဆုံးဖြတ်ရမှာ မဟုတ်ပါဘူး။ ပြည်ထောင်စုတခုလုံးရဲ့  ကိစ္စလို့ ကျနော်တို့ သတ်မှတ်ထားပါတယ်။ ပြည်ထောင်စုတခုလုံးရဲ့  သဘောထားပေါ် အများကြီး မူတည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ရှေ့ ကိုဆက်ပြီးတော့ မကြာခင် နိုင်ငံရေး အမျိုးသားအဆင့် ဆွေးနွေးပွဲတွေ နောက်လမှာ လုပ်သွားမယ်လို့ ကြားရပါတယ်။ အဲဒီမှာ တက်ရောက်ဆွေးနွေးဖို့ အတွက်ဆိုရင် တက်ရောက်ဆွေးနွေးချင်တဲ့ အဖွဲ့အစည်းတွေအားလုံးက NCA လက်မှတ်ထိုးဖို့ လိုတယ်လို့လည်း ပြောပါတယ်။ အဲဒီအတွက် အခက်အခဲ ရှိနိုင်မယ် ထင်ပါလား။

ဦးစိုင်းညွှန့်လွင် ။ ။ ကျနော်ထင်တယ် သိပ်မရှိလောက်ဘူးလို့ ထင်တယ်။ အဲဒါကတော့ အစိုးရဘက်နဲ့ တပ်မတော်ဘက်တို့ရဲ့  ကျွမ်းကျင်လိမ္မာမှုပေါ် အများကြီး မူတည်ပါတယ်။ အစိုးရနဲ့ တပ်မတော် ကျွမ်းကျွမ်းကျင်ကျင်၊ လိမ်လိမ်မာမာ ဆောင်ရွက်နိုင်မယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။ အခုက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မဟုတ်သေးပါဘူး။ အခုလာမှာကတော့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် လာရမှာပါ။ မူဘောင် မပြီးသေးပါဘူး။ အခု ကျင်းပသွားတဲ့ (၃၁) ရက်ကနေ (၃) ရက်နေ့ ညီလာခံမှာ မူဘောင်မရှိဘဲနဲ့ ကျင်းပသွားတာ ဖြစ်ပါတယ်။ ဆိုတော့ ကျနော်တို့ မူဘောင် စလုပ်ရမှာပါ။ ပြီးနောက် Informal တွေ့ဆုံဆွေးနွေးပွဲတွေ အများကြီး လိုမယ်လို့ ကျနော် ယူဆပါတယ်။ ကျနော့် အယူအဆပါ။ ကျနော့် အယူအဆက Informal တွေလည်း အများကြီိး ရှိမယ်။ အစိုးရဘက်က မူဘောင်အရ ဆောင်ရွက်ပေးမယ့် formal ဆွေးနွေးပွဲတွေလည်း ခြောက်လအတွင်း ဇွဲရှိရှိနဲ့ စိတ်စေတနာကောင်းကောင်းနဲ့ လုပ်မယ်ဆိုရင်တော့ အကျိုးသက်ရောက်မှု တခုခုတော့ ရှိလာနိုင်မယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးတခု ထပ်မေးပါရစေအုံး။ နိုင်ငံတကာ မီဒီယာထဲမှာ တချို့ တွေက အခု ပြီးခဲ့တဲ့ ညီလာခံဟာ It’s more ceremonial အဆောင်အရောင် အခမ်းအနား အပေါ်ယံတွေသာ များနေတယ်လို့ သုံးသပ်ကြပါတယ်။ ဘယ်လို တုံ့ပြန်ပြောလိုပါလဲ။

ဦးစိုင်းညွှန့်လွင် ။ ။ ကျနော်တော့ အဲဒီလိုတော့ သိပ်မဝေဖန်ချင်ပါဘူး။ အချိန်မရလို့သာ လုပ်ရတာပါ။ သို့သော်လဲ ကျနော် ထောက်ပြချင်တာ တခုရှိတာက နိုင်ငံရေး ဆွေးနွေးပွဲအတွက် မူဘောင် မပြီးသေးပါဘူး။ မူဘောင်မပြီးသေးဘဲ ကျင်းပရတဲ့အတွက် ဝေဖန်ခံရတာတွေ ရှိတာပါ။ အမှန်တော့ စေတနာကိုပဲ ကြည့်ရင်တော့ လက်ခံနိုင်စရာ ရှိပါတယ်။