Showing posts with label ရခိုင်ကော်မရှင်. Show all posts
Showing posts with label ရခိုင်ကော်မရှင်. Show all posts

Saturday, September 10, 2016

လူလား၊ နိုင်ငံလား၊ အာနန်ကော်မရှင် အငြင်းအခုံ

လူလား၊ နိုင်ငံလား၊ အာနန်ကော်မရှင် အငြင်းအခုံ

စာရေးသူ မှတ်မိသလောက် ရာစုသစ် အပြောင်းအလဲကာလတွင် လက်ရှိကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ခေတ်နှင့်အညီ ပြောင်းလဲနိုင်ဖို့ ကြိုးစားခဲ့ကြသည်မှာ နှစ်ကြိမ်တိတိရှိပါသည်။ ကုလသမဂ္ဂအဖွဲ့ကြီး အနှစ် ၅၀ ပြည့်သည့် ၁၉၉၅ ခုနှစ် အထွေထွေညီလာခံနှင့် ၂၀၀၀ ပြည့်နှစ်က ကျင်းပခဲ့သော ထောင်စုနှစ် ညီလာခံတို့ဖြစ်သည်။ အမှန်စင်စစ် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းမှာ 'အနှစ်သုံးဆယ်စစ်ပွဲ' အပြီး ၁၆၄၈ ခုနှစ်က ချုပ်ဆိုခဲ့သော '၀က်စဖေးလီးယားစာချုပ်' (Westphalia Treaty) ကို အခြေခံထားခြင်းဖြစ်သည်။ ဤစာချုပ်အရ စာချုပ်ဝင်နိုင်ငံများမှ အစိုးရများသည် မိမိနိုင်ငံတွင် မိမိကြိုက်သလို အုပ်ချုပ်နိုင်သည်။ 'အချုပ်အခြာ အာဏာပိုင်ဆိုင်မှုပြဿနာ' (Sovereign Matter)' ဟု ယူဆခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ဖွဲ့စည်းခဲ့သော ကုလသမဂ္ဂအဖွဲ့ကြီး၏ ပဋိညာဉ် စာတမ်းတွင်လည်း ဤသဘောကိုပင် ပြန်လည်အခြေခံခဲ့သည်။

သို့နှင့်တိုင် ယခုရောက်ရှိနေသော ၂၁ ရာစုမှာ '၀က်စဖေးလီးယား စာချုပ်' ချုပ်ဆိုစဉ်ကာလ ၁၇ ရာစုနှင့် ဘယ်လိုမှ မတူနိုင်တော့ပါ။ ထိုစဉ် က မြင်းနှင့် သတင်းပို့ရသောခေတ်ဖြစ်ရာ သူ့ခေတ်၏ ဆက်သွယ်ရေး တက္ခနိုလိုဂျီကို 'သိပ်ဝေး' (far away)  ဆိုသော စကားလုံးဖြင့် ဖော်ပြနိုင်သည်။ သို့နှင့်အမျှ 'တို့ဘာမှမသိ' (We know nothing) ဆိုသော စကားရပ်က နောက်မှလိုက်လာသည်။ ဤသို့ ဘာမှမသိသော အခြေအနေ တွင် အစိုးရတစ်ရပ်အနေနှင့် မိမိနိုင်ငံကို မိမိစိတ်ကြိုက် အုပ်ချုပ်သည် ကသာ သဘာဝကျလိမ့်မည်ဟု သဘောယူခဲ့ကြသည်။ သို့တစေ ၂၁ ရာစု အင်တာနက်ခေတ်တွင်ကား ဤသို့မဟုတ်တော့ပြီ။ 'ချက်ချင်း' (Instant)  ဆိုသော ဝေါဟာရရှေ့ရောက်လာသလို 'တို့အကုန်သိပြီ'  (We know everything) ဆိုသော စကားရပ်ဖြင့် ကမ္ဘာကြီးတစ်ခုလုံး ဆိတ်ကွယ်ရာ မရှိဖြစ်လာသည်။ ဤသို့သော အခြေအနေသစ်အောက်တွင် အစိုးရတစ်ရပ် အနေနှင့် 'အချုပ်အခြာအာဏာ' ဆိုသည်ကိုကိုင်ပြီး မိမိသက်ဆိုင်ရာ လူထုကို နှိပ်စက်ညှဉ်းပန်းနေလျှင် ဘယ်လိုတုံ့ပြန်ကြမည်နည်း။ ကုလ သမဂ္ဂအဖွဲ့ကြီးကကော ဘယ်လိုသဘောထားမည်နည်း။ တောင်အာဖရိက သမ္မတဟောင်း 'နယ်လဆင် မင်ဒဲလား' နှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဟောင်း 'လွိုက်' တို့က "အမျိုးသားနိုင်ငံများလုံခြုံရေးမှ လူသားတစ်ရပ်လုံး လုံခြုံရေးသို့ လှည့်ပြောင်းစဉ်းစားသင့်ပြီ" ဟု အဆိုပြုလာရာ ကုလသမဂ္ဂအတွင်း အကြီးအကျယ်အငြင်းပွားခဲ့ရသည့် 'ဒီဘိတ်ကြီး' ဖြစ်လာတော့သည်။

သို့ဖြစ်လင့်ကစား နိုင်ငံအများစု လက်မခံသောကြောင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကိုကား မပြောင်းလဲနိုင်ခဲ့ပါ။ နောက်ဆုံး 'လူသားချင်း စာနာမှုနှင့်ယှဉ်သော ကြားဝင်စွက်ဖက်မှု'  (Humanitarian intervention) ဆိုသော 'ကြားအဖြေ' နှင့်ပင် ကျေနပ်လိုက်ရသည်။ အဆိုပါ 'လူသားချင်း စာနာမှုနှင့်ယှဉ်သော ကြားဝင်စွက်ဖက်မှု ဆောင်ရွက်ရာတွင် လိုက်နာရ မည့်မူလေးချက်ကိုလည်း ၀ါရင့်သံတမန် 'ဟင်နရီကစ်ဆင်းဂျား' က တင်ပြခဲ့သည်။ ဤသည်တို့မှာ

၁။ နိုင်ငံတကာမိသားစုအမြင်တွင် တရားမျှတသည်ဆိုသော ထင်မြင်ချက်မျိုးရှိစေရန်၊
၂။ အောင်မြင်ဖို့ အလားအလာအမြင့်ဆုံးရှိစေရန်၊
၃။ ပန်းတိုင်နှင့် နည်းလမ်းသဟဇာတဖြစ်စေရန် နှင့်
၎။ လူသားချင်းစာနာမှုအရ ဆောင်ရွက်ရာတွင် အခိုင်အမာရှိပြီးသား အမျိုးသားရေးအကျိုးစီးပွားတို့ဖြင့် ၀ိရောဓိမဖြစ်စေရန် (တစ်နည်း) ကုလသမဂ္ဂအခွင့်အာဏာနှင့်သာ ဆောင်ရွက်ရန်တို့ဖြစ်သည်။

ဤတွင် ကုလပဋိညာဉ်စာတမ်းကို ပြင်ဆင်ရန် အဓိကအဆိုပြုခဲ့ ကြသော အနောက်နိုင်ငံများက နံပါတ်လေးအချက်ကို မကျေနပ်ခဲ့ကြရာမှ ကိုဆိုဗိုအရေးအခင်းတွင် ကုလသမဂ္ဂကိုကျော်ပြီး 'နေတိုး' အဖွဲ့ဖြင့် ကြားဝင်ဆောင်ရွက်ခဲ့ကြသည်။ ဒုတိယပင်လယ်ကွေ့စစ်ပွဲ (အီရတ်စစ်ပွဲ) တွင်မူ 'အမေရိကအနေနှင့် ကုလသမဂ္ဂအပါအ၀င် မည်သည့်နိုင်ငံတကာ အဖွဲ့အစည်း၏ တုပ်နှောင်မှုမှမခံ' ဟုဆိုကာ တစ်ကိုယ်တော်ကျိတ်ခဲ့ဖူး သည်။ ဤနေရာတွင် အဓိကပြောလိုသည်မှာ ကုလသမဂ္ဂအဖွဲ့ကြီးသည် ပင်လျှင် 'နိုင်ငံများ၏ လုံခြုံရေး' နှင့် 'လူသားထုလုံခြုံရေး' ကို ဘယ်ဘက် မှ တစ်ဖက်သတ်မလိုက်ဘဲ မျှမျှတတ ဆောင်ရွက်ခဲ့ဖူးသည့် သာဓကကို တင်ပြလိုရင်းဖြစ်သည်။ ဤသည်ပင် ရခိုင်ပြည်နယ်အရေးအပါအ၀င် ကမ္ဘာပေါ်ရှိ ပြဿနာတော်တော်များများနှင့် ဆက်စပ်နေသော နောက်ခံ သမိုင်းအခင်းအကျင်းဖြစ်ပါသည်။

အာနန်ကော်မရှင် လို - မလို

တကယ်တော့ ယခုတစ်ပတ် The Voice အတွက် စာရေးသူ ရေးနေသည်မှာ '၂၁ ရာစုပင်လုံအကြောင်း' ဖြစ်သည်။ ဤဆောင်းပါးရေး နေရင်းမှပင် တီဗီဖွင့်လိုက်ရာ 'ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်' (အာနန်ကော်မရှင်) နှင့်ပတ်သက်သော အရေးကြီးအဆို ဆွေးနွေးပွဲနှင့် တိုးနေ၍ စိတ်ဝင်စားသွားသည်။ အထက်ပါအဆိုကို လွှတ်တော်ကိုယ်စား လှယ် ၃၄ ဦးဆွေးနွေးခဲ့ကြရာ အချို့သောဆွေးနွေးချက်များတွင် 'လူသား ချင်းစာနာမှုနှင့်ယှဉ်သော ကြားဝင်စွက်ဖက်မှု' အကြောင်းပါသွားသည်။ လက်ရှိရခိုင်ပြည်နယ်အရေးနှင့် ဆက်စပ်စဉ်းစားနိုင်စေရန် ကုလသမဂ္ဂ အဖွဲ့ကြီးအတွင်း ကြုံခဲ့ရသော 'ဒီဘိတ်' များကို နောက်ခံကားသဘော စတင် 'ခင်းပြ' လိုက်သည်။ ပြီးမှ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်သော စာရေးသူ စဉ်းစားမိသည်များကို ဖော်ပြသွားဖို့ ရည်ရွယ်ထားသည်။

ပြောကြစတမ်းဆိုလျှင် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး ယခင် ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည်။ အဆိုပါကော်မရှင်၏ တွေ့ရှိချက်အစီရင်ခံစာကို လည်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ စာရေးသူအမြင်ကိုပြောရလျှင် ဆိုခဲ့ပါ အစီရင်ခံစာမှာ ပြည့်စုံကောင်းမွန်သည်ဟုလည်း ထင်သည်။ သို့တိုင် လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့ပါ။ အဓိကအဟန့်အတား ဖြစ်ရသည်မှာ နိုင်ငံတကာ၏ ထောက်ခံစာနာမှုမရခဲ့သောကြောင့်ဟု မြင်သည်။ သို့အတွက် လက်ရှိအစိုးရ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပျောက်ဆုံးနေသော နိုင်ငံတကာထောက်ခံမှု ပြန်လည်ရရှိစေရန် ကိုဖီ အာနန်လို ကမ္ဘာသိပုဂ္ဂိုလ်မျိုးကို ဥက္ကဋ္ဌတင်၍ ကော်မရှင်သစ်ဖွဲ့စေခဲ့ သည်ဟု စဉ်းစားမိပါသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် ယုံကြည် အားကိုးစိတ်၊ မစ္စတာကိုဖီအာနန်အပေါ် လေးစားမျှော်လင့်စိတ်တို့ကြောင့် ဘက်စုံထောင့်စုံ မစဉ်းစားဘဲ ခပ်လွယ်လွယ်ကောက်ချက်ချမိသည်ကို တော့ ၀န်ခံရပါလိမ့်မည်။

သို့တစေ ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်သူငယ်ချင်း ဆီဖုန်းဆက်မေးမြန်းတော့မှ သူ့အမြင်ကို ကြားရသည်။ ဆက်စပ်စဉ်းစားစရာ တွေလည်း မနည်းမနောရလာပါသည်။ အာနန်ကော်မရှင်နှင့်ပတ်သက်၍ သူငယ်ချင်းက ယခုလိုဆိုသည်။ ''ကျွန်တော် စိုးရိမ်တာက အဲဒီကိုဖီအာနန်ပဲဗျ။ ခင်ဗျားသိတဲ့အတိုင်း သူက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း၊ ပြီးတော့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်။  ခုချိန်မှာ သူ့သဘောထား ဘယ်လို ရှိမယ်ဆိုတာ ကျွန်တော်တို့ ဘယ်လိုမှ ကြိုမသိနိုင်ဘူး။ တကယ်လို့သာ သူက ရိုဟင်ဂျာရှိတယ်ဆိုတဲ့ဘက်က ရပ်ခံလိုက်ရင်သွားပြီ။ သူ့အမြင်ဟာ နိုင်ငံတကာမိသားစုအမြင်ဖြစ်လာမှာပဲ။ နိုင်ငံတကာမျက်နှာစာမှာတော့  ကျွန်တော်တို့ရှုံးပြီ။ ကျွန်တော်အဓိကစိုးရိမ်တာ ဒါပဲဗျ ...။'' သူ့စကားတွင် စဉ်းစားစရာတွေ အပြည့်ရှိလိမ့်မည်ဟုထင်သည်။

အားလုံးသိကြသည့်အတိုင်း နိုင်ငံတကာမီဒီယာလောကတွင်  နှစ်ပေါင်းမြောက်မြားစွာ အပိတ်ဆို့ခံထားရတာ ကျွန်တော်တို့ မြန်မာ မီဒီယာသမားတွေ ဘယ်လိုမှမထိုးဖောက်နိုင်သေးပါ။ နိုင်ငံတကာမီဒီယာမှ ပေးသောအသိတွင် ရိုဟင်ဂျာမှာ အခိုင်အမာရှိနေပါလိမ့်မည်။ ထို့ထက် နှစ်ပေါင်းမြောက်မြားစွာ ပညာရေးနောက်ကျခဲ့ရသော ကျွန်တော်တို့ မြန်မာပညာရှင်များအနေနှင့်လည်း နိုင်ငံတကာပညာရေးလောကတွင် အာဘော်ဖန်တီးနိုင်စွမ်း အားနည်းနေဆဲဟုထင်ပါသည်။ အနောက်တိုင်း တက္ကသိုလ်ကြီးများတွင် ပညာသင်ကြားခွင့်ရခဲ့သော မြန်မာစစ်စစ် ပညာရှင် များကိုယ်တိုင်ကပင် 'ရိုဟင်ဂျာအမှန်ရှိသည်' ဆိုသော စာသိကို စွဲလန်း နေရာ ကိုဖီအာနန် ဘယ်လိုသဘောထားမည်ကို မှန်းဆဖို့ခက်လှပါသည်။ ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်အနေနှင့် ခေတ်မီ 'နည်းနာဗေဒ' (Methodology)  များကို အသုံးပြုပါလိမ့်မည်။ သို့နှင့်တိုင် အဆိုပါနည်းနာများဖြင့် ရခိုင်လူထု၏ ရင်ထဲအသည်းထဲမှ ခံစားမှုများကို အရင်းအတိုင်း ဘာသာပြန်နိုင်ပါမည်လော။ ထို့ထက် မြန်မာတိုင်းရင်းသားအများစုအနေ နှင့် ဆာဗေးယဉ်ကျေးမှုနှင့် မနီးလှသေးသည်ကိုလည်း ထည့်သွင်းတွက်ချက် ဖို့ လိုပါလိမ့်မည်။

နိုင်ငံရေး၊ ဥပဒေရေး၊ ဆက်စပ်တွေးစရာများ

သူငယ်ချင်းက သူ့ရင်ထဲတွင် ကြိတ်မှိတ်မြိုသိပ်ထားရဟန်တူသော ခံစားမှုတွေကို တယ်လီဖုန်းမှတစ်ဆင့် ဆက်လက်သွန်ချနေသည်။
''ကျွန်တော်တို့က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ရင်းရင်းနှီးနှီးတွေ့ပြီး ကျွန်တော်တို့မှာရှိနေတဲ့ စိုးရိမ်စိတ်တွေကို ပြောပြချင်တယ်။ ကျွန်တော်တို့ ရခိုင်လူထုရဲ့ ခံစားမှုတွေကို ဖွင့်ပြချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ တွေ့ခွင့် မရခဲ့ဘူး။ ဒီလိုဖြစ်တာ အခုမှမဟုတ်ဘူး။ ကျွန်တော်တို့ပါတီက တစ်ယောက် ကို အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌခန့်တုန်းကလည်း ကျွန်တော်တို့ပါတီကို တရားဝင်အသိပေးတိုင်ပင်တာမျိုး မရှိဘူး။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ခန့် တုန်းကလည်း ဒီအတိုင်းပဲ။ အခုလည်း ကော်မရှင်ကိစ္စ ကျွန်တော်တို့နဲ့ ဘာမှမတိုင်ပင်ဘူးဗျာ။ ကျွန်တော်တို့က နေရာအတွက်ပြောနေတာ မဟုတ်ဘူး။ ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင် သွားချင်တာပါ...။'' စာရေးသူ အနေနှင့်မူ လက်ပံတောင်းကိစ္စ အရှိန်တက်စဉ်က ပြောဆိုခဲ့သော နိုင်ငံတော်  အတိုင်ပင်ခံပုဂ္ဂိုလ်၏စကားကို ပြန်လည်ကြားယောင်နေမိသည်။ ''ဒီမိုကရေစီဆိုတာ မတူတဲ့အမြင်တွေ၊ အချင်းချင်းညှိကြရမှာပဲ။ အပြန်အလှန် အလျှော့ပေးစေ့စပ်ရမှာပဲ ...''

မည်သို့ပင်ဆိုစေ ရခိုင်အမျိုးသားပါတီမှ တင်သွင်းသော အရေးကြီး အဆိုကား ထောက်ခံမဲ ၁၄၈ မဲ၊ ကန့်ကွက်မဲ ၂၅၀ မဲ၊ ကြားနေ တစ်မဲဖြင့် ရှုံးနိမ့်သွားပါပြီ။ ပါဝင်ဆွေးနွေးကြသူ ၃၄ ဦးရှိသည့်အနက် NLD မှ ၂၂ ဦး၊ UPSD မှ ငါးဦး၊ ရခိုင်အမျိုးသားပါတီ (ANP) မှ သုံးဦး၊ တပ်မတော်မှ လေးဦး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ မဲအရဆိုလျှင် NLD အနိုင်ရပြီး ANP ရှုံးပါသည်။ စာရေးသူအမြင်အရတော့ နှစ်ဖက်လုံးရှုံးသည်။ မပြီး ပြတ်သေးသော ဒီမိုကရေစီရေးအတွက် မိတ်ဆွေအချင်းချင်း မဲခွဲဆုံးဖြတ် ရသည်မှာ မဖြစ်သင့် မဖြစ်ထိုက်ဟုထင်သည်။ ဒီမိုကရေစီနိုင်ငံရေးတွင် မလွှဲမရှောင်သာ ကြုံတွေ့ရသော 'ပွတ်တိုက်မှု' ဆိုသည့်စကားလုံးလှလှ လေးဖြင့်ပင် ဖြေလို့မရချင်။ မြန်မာ့နိုင်ငံရေးတွင် ကွဲကြပြီဆိုမှတော့ အပြတ်ချေမှုန်းကြသည့် အစဉ်အလာရှိသည်။ အချင်းချင်းတွေ့ဆုံဆွေးနွေး လိုက်လျှင် ပြီးမည့်ကိစ္စကို အကျယ်ကျယ်ဖြစ်ခဲ့ရသည်မှာ ၀မ်းနည်းစရာ ကောင်းလှသည်။

စာရေးသူမှာ ဥပဒေပညာနှင့် နီးစပ်သူမဟုတ်လေရာ ဥပဒေကိစ္စ ဆိုလျှင် တော်တော်များများ သဘောထားမပေးခဲ့ပါ။ သို့နှင့်တိုင် စာရေးသူ ဖတ်ရသောသတင်းစာသုံးစောင် (အစိုးရသတင်းစာတစ်စောင်နှင့် ပုဂ္ဂလိက သတင်းစာနှစ်စောင်) လုံးတွင် လုံးဝဖော်ပြမထားသော သတင်းတစ်ပုဒ် မှာ ဥပဒေနှင့်ဆက်စပ်နေ၍ မေးစရာအချို့ရှိနေသည်။ မြောက်ဦးအမတ် ဦးဦးလှစော၏ ထောက်ပြချက်နှင့် ပတ်သက်ပါသည်။ ဦးဦးလှစောက
'နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ' ပါ။ အတိုင်ပင်ခံပုဂ္ဂိုလ်၏ 'တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များ' တွင် 'ကော်မရှင်' ဖွဲ့စည်းခွင့်မပါ၍ Legitimacy မဖြစ်ဟု ထောက်ပြထားသည်။ ဤကိစ္စကို NLD အမတ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်က အဆိုပါဥပဒေ၊ အခန်း ၆၊ ပုဒ်မ ၅၊ ပုဒ်မခွဲ (ဂ) အရ ပြန်ရှင်းသော်လည်း ပြေလည်မသွားဟုထင်သည်။ အဆိုပါ  ပုဒ်မခွဲ (ဂ) တွင် 'အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဤဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်'' ဟူ၍သာပါရာ ကော်မရှင်ဖွဲ့ခွင့်ရှိသည်ဟု မတွေ့ရပါချေ။ NLD ပါတီမှ ဦးထွန်းထွန်းဟိန်ကလည်း အဆိုပါထောက်ကွက်ကို ဆိုခဲ့ပါအတိုင်းဖြင့်ပင် ဖြေရှင်းသွားပါသည်။ ပွင့်ပွင့်လင်းလင်းဝန်ခံရလျှင် စာရေးသူအနေနှင့် ဘ၀င်မကျလှပါ။

ထို့ထက်ပို၍အရေးကြီးသည့် ပြဿနာရှိနိုင်ပါသေးသည်။ ယခု  ပြည်ထောင်စုအဆင့် (ပြည်သူ့လွှတ်တော်တွင်) မူ ANP ၏ အရေးကြီး အဆို ရှုံးသွားခဲ့ပါပြီ။ ရခိုင်ပြည်နယ်လွှတ်တော်တွင်လည်း အလားတူ အဆိုမျိုးတင်လိမ့်မည်ဟု မှန်းဆရသည်။ အကယ်၍များ တင်ဖြစ်လျှင် ပြည်နယ်လွှတ်တော်တွင် ဗဏြ က အများစုဖြစ်၍ အနိုင်ရဖို့များပါလိမ့် မည်။ ဤသို့ဖြစ်လာခဲ့လျှင် ဘယ်လိုဆုံးဖြတ်ကြမည်နည်း။ ပြည်ထောင်စု အဆင့် ဆုံးဖြတ်ချက်ကို အတည်ပြုလျှင် ပြည်နယ်ကို ကိုယ်စားပြုသော ပြည်နယ်လွှတ်တော်၏ဆန္ဒကို ပစ်ပယ်ရာရောက်ပါလိမ့်မည်။ ဤအတိုင်း ဆိုလျှင် 'ဖက်ဒရယ် ဟုတ် - မဟုတ်' မေးခွန်းထုတ်စရာဖြစ်ပါလိမ့်မည်။

အလားတူပြဿနာများနှင့် ကစ်ဆင်းဂျားစကား

ပြောကြစတမ်းဆိုလျှင် မြန်မာနိုင်ငံ ကံမကောင်းခဲ့ပါ။ အမှန်စင်စစ် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊မောင်းတော လို ‘ထိစပ်နယ်မြေများ’(Border Lands)မှာ ကမ္ဘာပေါ်တွင်မနည်းမနော ရှိသည်သာဖြစ်ပါသည်။‘ထိစပ်နယ်မြေ’ ဆိုသည်မှာ သာမန်နယ်စပ်ဒေသ(Fromtier)နှင့်မတူပါ။အိမ်နီးချင်းနိုင်ငံနှစ်ခု၏ ဆက်စပ်နယ်မြေဖြစ်သည့်တိုင် အချုပ်အခြာအာဏာပိုင်ဆိုင်မှု အကြိမ်ကြိမ် အပြောင်းအလဲရှိသည့်ဒေသမျိုးဖြစ်သည်။ ထွေပြားသော ယဉ်ကျေး မှုမျိုးစုံရှိနေတတ်သလို သစ္စာခံမှုအမျိုးမျိုးလည်း ရှိနေတတ်ရာ မတည်ငြိမ်မှု၏ ရေခံမြေခံများအပြည့်ရှိနေတတ် သည်။ ပြင်သစ်နှင့်ဂျာမနီကြားမှ အဲလ်ဆက်နှင့်လော်ရိန်း၊ အိန္ဒိယနှင့်ပါကစ္စတန်ကြားမှ ကတ်ရှမီးယား၊ဆားဗီး ယားနှင့် အယ်လ်ဘေးနီးယားကြားမှ ကိုဆိုဗို၊ မက္ကဆီကိုနှင့် အမေရိကန်နယ်စပ်ဒေသတို့မှာ ထင်ရှားသောထိစပ် နယ်မြေများဖြစ်သည်။

အမေရိကအပါအ၀င်နိုင်ငံအများစုအနေနှင့်မိမိတို့သက်ဆိုင်ရာ ထိစပ်နယ်မြေများကိုမိမိတို့အချုပ်အခြာအာဏာ ဘောင်ထဲမှပင် အဆင်သင့်သလို ဖြေရှင်းခဲ့ကြရာ မည်သည့်နိုင်ငံတကာ မိသားစုကမှ ကြားဝင်စွက်ဖက်၊ ဖိအား ပေးသည်မျိုး မရှိခဲ့ပါ။ အမှန်စင်စစ် ဘူးသီးတောင်၊မောင်းတောကိစ္စမှာ အချုပ်အခြာအာဏာနှင့် ဆက်စပ်နေ သော နယ်မြေ ပြဿနာဖြစ်ရာ လူမျိုးရေးမဟုတ်သလို ဘာသာရေးလဲလုံးဝမဟုတ်ပါချေ။ သို့ဖြစ်လင့်ကစားလူ မျိုးခွဲခြားမှုလိုလို၊ ဘာသာရေးခွဲခြားမှုလိုလို ဖြစ်အောင်ရည်ရွယ်ချက်ရှိရှိ ကျုံးသွင်းယူကြသည်များ အမှန်ပင်ရှိ နေပါသည်။ ရှုတ်ထွေး၊ပွေလီ၊ထွေပြား၊ကောက်ကျစ်လှသော ကမ္ဘာ့နိုင်ငံရေးဝဲဂယက်တွင် နှစ်ပေါင်းမြောက်မြား စွာ နိုင်ငံရေးသားကြော ဖြတ်ခံရမှု၏ အကျိုးဆက်ကြောင့် ရိုးသားထုံအ သလိုဖြစ်ခဲ့ရသော မိမိတို့ဘက်မှ မပါး နပ် မှုများလည်း ပါသလောက် ပါပါသည်။

ယခုစာစုကို မျက်မှောက်ခေတ်၏ အထင်ရှားဆုံး ‘သရုပ်မှန်ဝါဒီ’(Realist)တစ်ဦးဖြစ်သူ ဟင်နရီကစ်ဆင်းဂျား၏ စကားတစ်ခွန်းနှင့် နိဂုံးချုပ်ပါမည်။ “ကမ္ဘာကြီးမှာ ယနေ့အချိန်အထိ သရုပ်မှန်ဝါဒ နယ်ပယ်ထဲက မထွက်သေး” ဟုကစ်ဆင်းဂျားက ဆိုသည်။ ဤအတွက် အထောက်အထားသုံးရပ်ကို ယခုလိုတင်ပြသည်။
၁။ ကမ္ဘာပေါ်တွင် ‘အမျိုးသားနိုင်ငံများ’(Nation State) ‘အမျိုးသားများနိုင်ငံများ’(State Nations)ရှိနေဆဲ ဖြစ်ရာ ‘အမျိုးသား အကျိုးစီးပွား’ကို မည်သည့်နိုင်ငံမှ မပစ်ပယ်။
၂။ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများမရှိမဟုတ်၊ ရှိပါ၏။သို့တစေ ကုလသမဂ္ဂကိုယ်တိုင် သည်ပင် ‘ကမ္ဘာလုံးအတိုင်းအတာ လုပ်ပိုင်ခွင့်’ (Gl0bal Power)မရှိ။ ‘စကားပြောဆိုင်’ သက်သက်မျှသာဖြစ် သည်။ (အထူးသဖြင့်-နိုင်ငံငယ်လေးများ)အတွက် အားမကိုးလောက်။
၃။ မည်သည့်နိုင်ငံမဆို ဒီမိုကရက်တစ်တန်ဖိုးနှင့် အမျိုးသားအကျိုးစီးပွားအပြိုင်ဖြစ်လာလျှင် အကျိုးစီးပွား ဘက်မှ ရပ်ခံကြသည်သာများသည်။
သို့အတွက် “ကမ္ဘာကြီးမှာ Realism ဘောင်ထဲမှ ယနေ့ထက်တိုင် မထွက်နိုင်သေး”ဟု ဆိုပါကြောင်း…..။

ကျော်ဝင်း

credit##myanmar breaking news

Thursday, September 8, 2016

ပြည်သူ့လွှတ်တော်နှင့် ရခိုင် နိုင်ငံခြားသာကော်မရှင် - Myanmar Now media ၏အမြင်

ရန်ကုန် (Myanmar Now) – နိုင်ငံခြားသားများ ပါဝင်နေသော ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းရန် အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်တွင် အင်္ဂါနေ့က အကြိတ်အနယ် ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၄၈ မဲ၊ ထောက်ခံမဲ ၂၅ဝ ဖြင့် ရှုံးနိမ့်သွားသည်။

ရခိုင်အမျိုးသားပါတီအမတ်တစ်ဦးတင်သွင်းသည့် အဆိုဘက်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ ရပ်တည်ဆွေးနွေးကြပြီး ပြည်တွင်းရေးတွင် နိုင်ငံခြားသား ပါဝင်နေခြင်းသည် နိုင်ငံအချုပ်အခြာအာဏာကို ထိပါးစေကြောင်း၊ ပြည်တွင်း ပညာရှင်များဖြင့်သာ ပြင်ဆင် ဖွဲ့စည်းသင့်ကြောင်း ဆွေးနွေးကြသည်။

ဝင်ရောက်ဆွေးနွေးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်များက နိုင်ငံတကာ လေးစားယုံကြည်မှု ရရှိထားသူ ဦးဆောင်သည့် ကော်မရှင်သည် ရခိုင်ပြည်နယ်ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြကြောင်း ပြောသည်။

အာဏာရ NLD ပါတီ အင်အားကောင်းသော လွှတ်တော်တွင် တင်သွင်းမည့်အဆို ရှုံးနိမ့်မည်ကို ကြိုတင် သိရှိသော်လည်း ကော်မရှင်အပေါ် သဘောထားကို အများ သိရှိစေလိုသောကြောင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု လွှတ်တော်အမတ်များက သတင်းထောက်များကို ပြောသည်။

ပြည်တွင်း ပြည်ပ ပညာရှင် ၉ ဦးပါဝင်သော အကြံပေးကော်မရှင်ကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက သြဂုတ်လ ၂၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေမှူးချုပ်၏ အထူးအကြံပေးအရာရှိဟောင်း၊ နယ်သာလန် သံအမတ်ကြီးဟောင်း တို့လည်း ပါဝင်သည်။ အကြံပေးကော်မရှင်သည် ဝန်ကြီးဌာနမှတစ်ဆင့် အစိုးရထံ ၁ နှစ်အတွင်း အစီရင်ခံစာ တင်သွင်းရမည် ဖြစ်သည်။

လွှတ်တော်ပြင်ပကန့်ကွက်မှု
ကော်မရှင်ဖွဲ့စည်းသည့်သတင်း ထွက်ပေါ်လာပြီးနောက်တွင် ရခိုင်အမျိုးသားပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးရေးပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ စသည့် ပါတီများက သဘောမတူကြောင်း၊ ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ခဲ့ကြသည်။

ရခိုင်အမျိုးသားပါတီ၏ ထုတ်ပြန်ချက်တွင် “ပြည်သူအများစုက ရွှေးချယ်တင်မြှောက်ထားသော အစိုးရသစ်တစ်ရပ်အနေဖြင့် အလွန်အရေးကြီးသော ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွံဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး စသည့်ကဏ္ဍများကို ဦးစားပေးပြီး လုပ်ဆောင်ရမည့်အစား အလွန်ထိလွယ်ရှလွယ်သော ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီအရေးကိုသာ ရှေ့တန်းတင်ဇောင်းပေး၊ လုပ်ဆောင်နေခြင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိပါးခြင်းများဖြစ် လာနိုင်သည်” ဟု ဖော်ပြထားသည်။

ကော်မရှင်တွင် ရခိုင်တို့၏နောက်ခံသမိုင်း၊ ဖြစ်တည်နေမှုတို့ကို နားလည်နိုင်စွမ်းမရှိသည့် နိုင်ငံတကာမှ ပုဂ္ဂိုလ် ၃ ဦး ပါဝင်နေခြင်းကို လုံးဝ ကန့်ကွက်သည်ဟု ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။

စစ်တွေမြို့မှ နိုင်ငံရေး ဆောင်းပါးရှင် ဦးမောင်မောင်စော (ရခိုင်ညွန့်ဖူး) က ကော်မရှင်ထံမှ ပြည်သူအများစု လက်ခံနိုင်မည့် ရလဒ်ကောင်းတစ်ခု ထွက်လာမည်မဟုတ်ဟု သုံးသပ်သည်။

“ အရင်သမ္မတ လက်ထက် အစီရင်ခံစာဟာ နိုင်ငံတကာကလည်း လက်ခံတယ်လို့ သိခဲ့ရပါတယ်။ ယခင်က လုပ်ခဲ့တဲ့ အစီရင်ခံစာကို လစ်လျူရှုလိုက်ပြီးတော့ ကော်မရှင်အသစ်တစ်ခုကို ထပ်မံ ဖွဲ့စည်းလိုက်တာဟာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုဖြစ်တယ်” ဟု ဦးမောင်မောင်စောက Myanmar Now ကို ပြောသည်။

“ဒီအစီရင်ခံထဲ အားနည်းချက်တွေ ရှိရင်တောင်မှ ဘယ်အပိုင်းက အားနည်းချက်တွေရှိနေတာလဲဆို တာကို ပြန်လှည်လေ့လာမွမ်းမံပြီးမှ ဖွဲ့စည်းသင့်တယ်”

အင်္ဂါနေ့က မစ္စတာ ကိုဖီအာနန်နှင့် ကော်မရှင်အဖွဲ့ဝင်များ ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး ပြည်နယ် အာဏာပိုင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံများကို တွေ့ဆုံခဲ့သည်။ ရာနှင့်ချီသော ဒေသခံများက ကော်မရှင်တွင် ပြည်ပ နိုင်ငံသား ပါဝင်နေမှုနှင့် ပတ်သက်ပြီး ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြသည်ဟု သတင်းများတွင် ဖော်ပြထားသည်။

စောင့်ကြည့်နေသူများ
ရခိုင်ပြည်နယ်လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ဦးဝင်းနိုင်က အကြံပေးကော်မရှင်ကို စောင့်ကြည့်ရဦးမည်ဟု ဆိုသည်။

“ပြသာနာတွေကို ဘယ်လိုငြိမ်းချမ်းအောင်လုပ်မယ်၊ ရခိုင်ပြည်နယ်ကို ဘယ်လိုတိုးတက်အောင် လုပ်မယ် လို့ အဖြေရှာဖို့ လာတဲ့အဖွဲ့ ကို ကျွန်တော်ကတော့ ထောက်ခံပါတယ်။ ဒီလိုမျိုး မဟုတ်ဘဲ သူတို့ အမှား လုပ်ခဲ့မယ် ဆိုရင် ကျွန်တော်အနေနဲ့ ကန့်ကွက်ပါမယ်။ မတရားတာ လုပ်ရင်၊ ဘက်လိုက်တာလုပ်ရင်တော့ တစ်ပြည်လုံးက ဆန္ဒပြကြမှာပဲ” ဟု NLD ပါတီမှ ဦးဝင်းနိုင်က Myanmar Now ကို ပြောသည်။

ယခင်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဦးရဲထွဋ်က ကော်မရှင်တွင် မစ္စတာကိုဖီအာနန်၏ ဦးဆောင်နေမှုကြောင့် ကောင်းကျိုး သာမက ဆိုးကျိုးလည်း ရှိသည်ဟု သုံးသပ်သည်။

“အာနန်ကော်မရှင်က ပေးတဲ့အကြံဥာဏ်တွေ နည်းလမ်းတွေ ဟာ နိုင်ငံ တကာစင်မြင့်ပေါ်မှာ ပိုပြီး အားကောင်းတယ်၊ ပြည်တွင်းက ကော်မရှင်တွေ ထက်ပိုပြီး ပေါက်ရောက်တဲ့ အတွက် နိုင်ငံတကာက လက်ခံဖို့ ပိုပြီးအခွင့်အရေးများတာပေါ့” ဟု ဝန်ကြီးဟောင်းက သူ၏ facebook စာမျက်နှာတွင် ရေးသားထားသည်။

“အပြစ်ကတော့ အဲဒီကော်မရှင်ကပေးတဲ့ အကြံဥာဏ်တွေကို သက်ဆိုင်သူတွေက လက်မခံဘူး။ ဒါမှမဟုတ် အစိုးရကိုယ်တိုင်က လက်မခံနိုင်ဘူး။ အကောင် အထည် မဖော်နိုင်ဘူးဆိုရင် ဘာဖြစ်မလဲ။ ဟာ သူတို့ဖွဲ့ပေးတဲ့ ကိုဖီအာနန် ကော်မရှင်က ပေးတဲ့ အကြံဥာဏ်ကိုတောင်လက်မခံဘူး ဆိုပြီး အပြစ်တင်ခံရ မှာပဲ။ အဲဒါက ကော်မရှင်မဖွဲ့ပဲ ထားတာထက် ပိုပြီး အပြစ်တင်ခံရမယ့်အခြေ အနေမှာရှိတယ်”

တနင်္လာနေ့က ရန်ကုန်တွင် ပြုလုပ်သည့် ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင် အစည်းအဝေးတွင် တွေ့ရသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – ထက်ခေါင်လင်း / Myanmar Now)