Showing posts with label Third Party နှင့် ရခိုင်ကော်မတီ အကြောင်း. Show all posts
Showing posts with label Third Party နှင့် ရခိုင်ကော်မတီ အကြောင်း. Show all posts

Thursday, September 8, 2016

Third Party နှင့် ရခိုင်ကော်မတီ အကြောင်း

Third Party နှင့် ရခိုင်ကော်မတီ အကြောင်း
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ စက်တင်ဘာ ၈၊ ၂၀၁၆

ကျွန်တော်ပြောပြမည့် Third Party အကြောင်းကို ကြိုက်လျှင်လည်း ယူပါ။ မကြိုက်လျှင်လည်း အားမနာပါးမနာ လွှင့်ပစ်လိုက်ပါ။ ဘာမှ အားနာစရာမရှိ။ သို့သော် ဟုတ်၊ မဟုတ် ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန် စဉ်းစားစေလိုပါသည်။

(၁)

ကျွန်တော်တို့ဆီမှလူများမှာ Third Party နှင့် လုပ်တာ အလေ့အကျင့်မရှိသေးပါ။ မရှိသေးဟု ထင်ပါသည်။

ထို့ကြောင့် ကျွန်တော် Third Party အကြောင်း နည်းနည်းပြောပါရစေ။ သိပြီးသူများ သည်းခံခွင့်လွှတ် နားဆင်ကြပါ။

အမေရိကန်ပြန်ကြားရေးဌာနက ဘာသာပြန်စာအုပ်တွေ ထုတ်သည်။ စာအုပ်များမှာ ရွေးချယ်ထုတ်တာဖြစ်သဖြင့် စာအုပ်ကောင်းများဖြစ်၏။ ယခင်ကတော့ ကျွန်တော် ထိုစာအုပ်များကို မပြတ်သွားဝယ်ဖတ်ဖြစ်သည်။ စာအုပ်များမှာ အခမဲ့ဖြန့်ဝေတာဖြစ်ပြီး စာပို့ခမျှသာ ပေးရသည်။ အမေရိကန်ပြန်ကြားရေးဌာနမှာ ယခင်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနဟောင်း နောက်ဖက်တွင်ရှိ၏။ ကျွန်တော်ရေဆင်းတွင်ရှိတုံးကတော့ စာတိုက်မှ မှာယူသည်။

ယခုတော့ဖြင့် ထိုစာအုပ်များနှင့် ဝေးသွားသည်မှာ ဆယ်စုနှစ်နှစ်ခုပင် တိုင်ခဲ့ပါပြီ။ အလုပ် အလုပ် အလုပ်နှင့် စာကို ဇိမ်နှင့် ကောင်းကောင်း မဖတ်ဖြစ်တော့သည်မှာလည်း ကြာလေပြီ။ ၀မ်းနည်းစရာ ကောင်းလေစွ။

ထိုစာအုပ်များထဲမှ တစ်အုပ်မှာ အမေရိကန်ရှိ ဒီမိုကရေစီ ဖြစ်သည်။ စာအုပ်မှာ အတော်ကောင်း၏။

ထိုစာအုပ်မှာ အမေရိကန်နိုင်ငံသားက ရေးခြင်းမဟုတ်မူ၍ ပြင်သစ်နိုင်ငံသားက အမေရိကန်နိုင်ငံသို့ ၉ လတာမျှ အလည်အပတ်သွားပြီး ရေးခဲ့ခြင်းဖြစ်၏။

အမေရိကန်နိုင်ငံသားတွေက သူရို့တိုင်းပြည်က ဒီမိုကရေစီစနစ်အကြောင်း ပြင်သစ်နိုင်ငံသားတွေထက် ပိုမသိသင့်ပါသလော။

သို့ဆိုလျှင် အမေရိကန်ရှိဒီမိုကရေစီစနစ်ကို အမေရိကန်နိုင်ငံသားတစ်ယောက်ယောက်က မရေးဘဲ အဘယ်ကြောင့် ပြင်သစ် နိုင်ငံသားက ၉ လလောက်သာနေပြီး ရေးရသနည်း။ သူက အမေရိကန်နိုင်ငံသားတွေထက် ပိုသိလို့ပါလော။

(၂)

လူနှစ်ယောက်၊ နှစ်ဖွဲ့၊ နှစ်ပါတီ၊ အဖွဲ့အစည်းနှစ်ခု အငြင်းအခုံဖြစ်ကြသည် ဆိုပါစို့။ ထိုအဖွဲ့ထဲမှလူများ ၀င်ဖြန်ဖြေဖို့ မဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော် လူဆိုသည်မှာ ခွေးကိုက်တာတောင် ကိုယ့်ခွေးကို နိုင်စေချင်ကြသူချည်း ဖြစ်၍တည်း။ သည်အဖွဲ့ထဲမှ လူများဝင်ပါလို့ကတော့ သူကလည်း သူမှန်သည်။ ငါကလည်း ငါမှန်သည်တွေချည်း ဖြစ်ကုန်မှာ မြေကြီးလက်ခတ်မလွဲပါ။

အဖွဲ့အစည်းတစ်ခုမှ စာရင်းဇယားများ မှန်မမှန် စစ်ရာတွင်လည်း ထိုအတိုင်းပင်ဖြစ်၏။ ထိုအဖွဲ့အစည်းနှင့် လုံးဝမပတ်သက် သော၊ ထိုအဖွဲ့အစည်းတွင်ပါသည့် သူများနှင့် ဆွေမျိုးသားချင်းမတော်သော၊ မိတ်ဆွေမဟုတ်သော၊ ဖြစ်နိုင်ပါက ထိုအဖွဲ့အစည်းနှင့် လုံးဝအဆက်အဆံမရှိသော အဖွဲ့က လာစစ်မှသာ အမှန်အကန် စစ်ဆေးခြင်း ဖြစ်ပေမည်။

စစ်ဆေးသူများသည် ဆန္ဒာဂတိ၊ ဒေါသဂတိ၊ မောဟဂတိ၊ ဘယာဂတိ ဟူသော ဂတိ (၄) မျိုးမှ ကင်းလွတ်ရမည်။ ဆန္ဒာဂတိဟူသည်မှာ ကိုယ်လိုချင်သည့်ဘက်လိုက်ပြီး ဆုံးဖြတ်ခြင်းဖြစ်၏။ ဒေါသဂတိဟူသည် အမျက်ဒေါသအလျောက် ဆုံးဖြတ်ခြင်းဖြစ်သည်။ မောဟဂတိဟူသည် ဘာမှ ကျိုးကြောင်းဆင်ခြင်ဉာဏ်မရှိဘဲ ယုတ်တမ်း၊ ရမ်းတုတ်ခြင်းဖြစ်၏။ ဘယာဂတိဟူသည် (ဟေ့ကောင်၊ မင်း ငါပြောထားတဲ့အတိုင်း ဆုံးဖြတ်နော်၊ ငါပြောတဲ့အတိုင်းမလုပ်လို့ကတော့ ဟင်း ဟင်း) အကြောက်တရားကို အခြေခံကာ ဆုံးဖြတ်ရခြင်းဖြစ်သည်။

ထိုဂတိလေးပါးမှ မလွတ်ကင်းလျှင် စုံစမ်းစစ်ဆေးမှု ရလဒ်အမှန်များ ထွက်လာမည် မဟုတ်ပါ။

(၃)

ကိုယ့်မျက်ချေး ကိုယ်မမြင်၊ သူများမျက်ချေးတော့ မြင် ဟူသော မြန်မာစကားပုံသည်ရှိ၏။ ဤသည်မှာ အမှန်ပင်ဖြစ်လေသည်။

လူဟူသည် ကိုယ့်အမှားကိုယ် မြင်ဘို့ ခဲယဉ်း၏။ အခြားသူများကသာ အလွယ်တကူ မြင်နိုင်လေသည်။

အမေရိကန်နိုင်ငံတွင် နေထိုင်ကြသူများအနေနှင့် သူတို့တိုင်းပြည်တွင် မွေးကတည်းက ဒီမိုကရေစီစနစ်နှင့် ရင်းနှီးနေထိုင်လာခဲ့ ကြရာ သူတို့အနေနှင့် ဒီမိုကရေစီစနစ် ကောင်းမှန်းဆိုးမှန်း မည်ကဲ့သို့ သိနိုင်ပါမည်နည်း။ ပြင်သစ်ကလာသူကတော့ ယခုမှ အမေရိကန်ဒီမိုကရေစီကို ထိတွေ့ဖူးသည်ဖြစ်ရာ သူသိထားသော ဒီမိုကရေစီစံနှုန်းများနှင့် ယှဉ်ထိုး ဆုံးဖြတ်နိုင်ပေမည်။ ထို့ကြောင့် အမေရိကန်ရှိဒီမိုကရေစီစာအုပ်ကို ရေးနိုင်ခြင်းဖြစ်၏။ (မယုံလျှင် စင်ကာပူ နိုင်ငံသားစစ်စစ်တစ်ဦးကို ကျွန်တော့်ဆီ ခေါ်လာခဲ့ပါ။ စင်ကာပူနိုင်ငံအကြောင်း ကျွန်တော်နှင့် ယှဉ်ပြောကြည့်ချင်ပါသည်။)

(သြော်ဒါထက် စကားဖြတ်ပြောရလျှင် အင်္ဂလန်နိုင်ငံမှ အင်္ဂလိပ်စကားပြောသူများကို ဆန်းစစ်ကြည့်ရာ အင်္ဂလန်တွင်မွေး၊ အင်္ဂလန်တွင်ကြီးပြင်းကြသူများထက် ဖိလစ်ပိုင်မှလာသူ အိမ်အကူက အင်္ဂလိပ်စကားကို ပိုပြီး သဒ္ဒါမှန်အောင်ပြောနိုင်ကြောင်း တွေ့ရသည် ဟူသတတ်။ ဤကား စကားချပ်)

ကမ္ဘာ့နိုင်ငံများတွင် မြန်မာနိုင်ငံသားမဟုတ်သည့် မြန်မာနိုင်ငံအရေးကျွမ်းကျင်သူများ အများအပြား ရှိလေသည်။ (ကျွန်တော် မမှားဘူးဆိုလျှင် တက္ကသိုလ်များမှ အရှေ့တိုင်းဌာန၊ အရှေ့တောင်အာရှနိုင်ငံများအကြောင်းလေ့လာသည့်ဌာန စသည်တို့မှ ဖြစ်ပါလိမ့်မည်။) ထိုသူများမှာ မြန်မာ့နိုင်ငံရေးအကြောင်းကို စနစ်တကျလေ့လာထားသူများဖြစ်သဖြင့် မြန်မာ့နိုင်ငံရေးကို ကျွန်ုပ်တို့ထက် အပုံကြီးပိုသိသည်ဆိုသည်ကို လက်ခံရပါမည်။ မြန်မာနိုင်ငံသားမဟုတ်တာနှင့် မြန်မာနိုင်ငံအကြောင်းမသိ ဆိုသည်မှာ လွန်ခဲ့သော ၁၇ ရာစုနှစ်လောက်က အယူအဆသာ ဖြစ်ပေလိမ့်မည်။

(ဒဲ့ပြောရလျှင် ထိုသူသည် ခေတ် ရေစီးကြောင်းအရ ၂၁ ရာစုတွင်နေထိုင်နေရသော်လည်း ၎င်း၏ အတွေးအခေါ်အယူအဆတို့မှာ ခေတ်ဟောင်း စနစ်ဟောင်း ထဲက ရုန်းမထွက်နိုင်ဖြစ်နေရလေသည်။)

သဟာလောက်ဆိုလျှင် မစ္စတာကော်ဖီအနမ်းကို ဘယ့်နှာကြောင့် ရခိုင်ကော်မတီထဲ ထည့်ရသည်ဆိုသည့်အကြောင်း မိတ်ဆွေတို့ နည်းနည်းလောက် ရိပ်မိလောက်ပါပြီ။

(၄)

ဗဟုသုတအဖြစ် နည်းနည်းလောက် ထပ်ပြောပါရစေဦး။

စိုက်ပျိုးရေးဝန်ကြီးဌာနအောက်တွင် နှစ်ရှည်ပင်ဌာန၊ စပါးဌာန၊ ပဲဌာန၊ သုတေသနဌာန စသည့်ဌာနများရှိသည် ဆိုကြပါစို့။

First Party – စိုက်ပျိုးရေးဝန်ကြီးဌာနအောက်တွင်ရှိသော စပါးဌာနမှ စစ်ဆေးရေးအဖွဲ့က ပဲဌာနကိုသွားရောက် စစ်ဆေးခြင်း အား First Party စစ်ဆေးခြင်းဟု ခေါ်၏။ (၀န်ကြီးဌာနတူ)

Second Party – မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနက စိုက်ပျိုးရေးဝန်ကြီးဌာနသို့ သွားရောက်စစ်ဆေးခြင်းကို Second Party စစ်ဆေးခြင်းဟု ခေါ်၏။ (အစိုးရအဖွဲ့အစည်းချင်းတူ)

Third Party – နိုင်ငံတော်က စာရင်းစစ်ရန် လိုင်စင်ချပေးထားသော အဖွဲ့က စိုက်ပျိုးရေးဝန်ကြီးဌာနသို့ ၀င်ရောက် စစ်ဆေးခြင်းကို Third Party စစ်ဆေးခြင်း ဟု ခေါ်လေသည်။ ထိုစစ်ဆေးရေးအဖွဲ့သည် မည်သည့်ဌာနအောက်ကမှ မဟုတ်။ လုပ်ငန်းစစ်ဆေးရန် သီးသန့်ဖွဲ့စည်းထားသော အဖွဲ့တစ်ခုသာ ဖြစ်လေသည်။ (မည်သူနှင့်မှ မပတ်သက်)

(၅)

ဤလောက၌ ကျွန်တော်တို့မသိသောကိစ္စများ အများအပြားရှိသည်။

ဘာကြောင့်လဲဆိုတာ သေသေချာချာမလေ့လာပါဘဲလျက် အလျင်စလို ရမ်းမတုတ်ပါနှင့်။

သူများတွေ လုပ်ကိုင်နေတာ လေ့လာပြီးမှ စဉ်းစားချင့်ချိန်ကာ ပြောသင့်လှ၏။

အရာရာကို ချင့်ချိန်နှိုင်းဆပြီးမှ ပြောတတ်၊ လုပ်တတ်သူများ ဖြစ်ကြပါစေသတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၈ စက်တင်ဘာ၊ ၂၀၁၆။ ၀၀း၂၆ နာရီ