Showing posts with label religion. Show all posts
Showing posts with label religion. Show all posts

Friday, September 2, 2016

ဘာသာပေါင်းစုံ နှီးနှောဖလှယ်ပွဲမှ သီတဂူ ဆရာတော်ကြီး၏ မိန့်ခွန်း (အပြည့်အစုံ)

ဘာသာပေါင်းစုံ နှီးနှောဖလှယ်ပွဲမှ သီတဂူ ဆရာတော်ကြီး၏ မိန့်ခွန်း (အပြည့်အစုံ)

နေပြည်တော်ရှိ Kempinski Hotel ၌ သြဂုတ် ၃၁ ရက်က ကျင်းပသည့် Interfaith Dialogue "ဘာသာပေါင်းစုံနှီးနှောဖလှယ်ပွဲ" တွင် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ မိန့်ကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။
သီတဂူ ဆရာတော်ကြီး မိန့်ကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံမှာ -
အားလုံးကျေးဇူးတင်ပါတယ်။ ဗမာလို ပြောပါမယ်။ ဒီကနေ့ မနက်ခင်း အလွန်ချစ်စရာကောင်းတဲ့ ဘာသာရေး ညီအစ်ကို မောင်နှမတွေအားလုံး နေပြည်တော်ဆိုတဲ့အရပ် ဒါပေမယ့် ဒီ Conference ဟာ ပင်လုံ-ဆိုတဲ့ နာမည်အောက်မှာပဲ ရှိလိမ့်မယ် ထင်တယ်။ ဘုန်းကြီး မနေ့က ညနေကမှ သိတယ်။ ပင်လုံကွန်ဖရင့်-ဆိုလို့ အကုန် ပင်လုံ-သွားကြတော့မယ် ထင်တာ ... မဟုတ်ဘူး။ အခုတော့ နေပြည်တော် conference -ြ ဖစ်နေတာ။

အဲ့ဒီတော့ နေပြည်တော် conference မှာ တွေ့ကြတဲ့ ညီအစ်ကို မောင်နှမတွေကို ဘုန်းကြီးက ရှေးဦးစွာ ဘာပြောမလဲဆိုလို့ ရှိရင် ဟိုး ၁၉၈၂-ခုနှစ်တုန်းက အင်္ဂလန်ကို သွားတုန်းက အင်္ဂလန် Oxford နားက Waltham st lawrence ဆိုတဲ့ ရွာကလေးတစ်ရွာက Church မှာ ရိုမန်ကတ်သလစ် ဘုန်းတော်ကြီးတစ်ပါး မနက်ခင်း (၉) နာရီကနေ (၁၀) ရီလောက်ထိ ခေါင်းလောင်းတလူလူ ထိုးတယ်။ (၁၀) နာရီလောက်ကြတော့ အဘိုးကြီး အဖွားကြီး (၃၀) လောက် သူတို့ Church ထဲမှာ စုမိတယ်။
ရွာထဲက ကလေးသူငယ် လူငယ်လူရွယ်တွေ တစ်ယောက်မှာ မလာဘူး။ အဲ့ဒီရွာမှာ ဘုန်းကြီးက အင်္ဂလိပ်စာသင်တုန်း ရောက်တာ။ အင်္ဂလိပ်စာ သင်ချင်လို့ ဗမာမရှိတဲ့နေရာ သွားနေတာ။ ပြောချင်တာက ဘာလဲဆိုတော့ လူကြီးအဘိုးကြီး (၃၀) လောက်ကို ခရစ်ယာန်ဘုန်းကြီးက တရားဟောတယ်။ ပြီးတော့ သူက ဘုန်းကြီးဆီ ရောက်လာတယ်။ ဘုန်းကြီးက အဘိုးကြီး၊ အဘွားကြီး နောက်ကနေ ထိုင်ပြီးတော့ သူဟောတာ နားစွင့်နေတာ။ ပြီးတော့ သူက မေးတယ်။
မင်းဘယ်ကလဲ? ... ဗမာပြည်က။
ဘာလာလုပ်လဲ? .... အင်္ဂလိပ်စာ လာသင်တာ။
အဲ့ဒါကြောင့် မင်းတို့ Church မှာ ဟောတာပြောတာ ငါလာထောင်နေတာ။
ဘုန်းကြီးက သူ့ကို ပြန်မေးတယ်။ မင်း တစ်မနက်လုံး ခေါင်းလောင်းထိုးတယ်။ အိမ်ခြေ ၈၀၀ လောက်ရှိတဲ့ ရွာတစ်ရွာမှာ လူ ၄၀ လောက်ပဲ လာတယ်။ အဘိုးကြီး၊ အဘွားကြီးပဲ လာတယ်။ လူငယ်တွေ မလာဘူး။
အဲ့ဒါဘာဖြစ်တာလဲဆိုတော့ ... ခရစ်ယာန်ဘုန်းကြီးက ပြန်ပြောတယ်။
"Today in the west the young generations are struggling from to be liberated from religion."
အလွန်စိုးရိမ်စရာ ကောင်းတယ်။ ဒီကနေ့ အနောက်တိုင်းက ကလေးတွေဟာ ဘာသာရေးက လွတ်မြောက်ဖို့ အကုန်လုံး ရုန်းကန်နေကြပြီ ကြိုးစားနေကြပြီ။
အာလုံးသော ဘာသာရေး ညီအစ်ကို မောင်နှမများ ဘာသာတရားတိုင်းမှာ အဲ့ဒီဒုက္ခကို ရင်ဆိုင်နေရပါတယ်။ အဲ့ဒီပြဿနာကို အာလုံး ရင်ဆိုင်နေကြတယ်။ အဲ့ဒါကြောင့် အားလုံးကို ရှေးဦးစွာ တိုက်တွန်းချင်ပါတယ်။ ဘာသာရေး ခေါင်းဆောင်တွေ အားလုံး မိမိတို့ရဲ့ ဘာသာရေး နောက်လိုက်များကို ဗုဒ္ဓဘာသာ အပါအဝင် ဘယ်ဘာသာဝင်မဆို မိမိတို့ ဘာသာတရားရဲ့ အဓိပ္ပာယ်မှန်တဲ့ အနှစ်သာရ ဒီကနေ့ လူငယ်တွေ သိရှိနားလည်အောင် နည်းမျိုးစုံနဲ့ စည်းရုံးရေး နည်းစနစ်မျိုးစုံနဲ့ နေရာမျိုးစုံမှာ စာအုပ်ပြုစု၍ ထုတ်ဝေပြီးတော့ သင်ကြားပေးကြပါ ဆိုတာကို ရှေးဦးစွာ တိုက်တွန်းလိုပါတယ်။
နောင်မကြာခင်သော နှစ် ၁၀၀၊ ၂၀၀ လောက်ကျရင် ဘုန်းကြီးက အနာဂတ်ကို မျှော်ပြီးတော့ စဉ်းစားကြည့်တယ်။ ဒီကမ္ဘာကြီးဟာ ဘာသာမဲ့ကမ္ဘာကြီး ဖြစ်သွားစရာအကြောင်း ရှိတယ်။ ဗုဒ္ဓဘာသာဝင်တွေမှာလည်း တဖြည်းဖြည်း လူငယ်တွေဟာ Science and technology ပေါ့၊ သိပ္ပံပညာနဲ့ နည်းပညာ ထွန်းကားလာသည်နှင့်အမျှ သူက လတွေ၊ နေတွေအထိ တက်တော့ ဘာသာရေးနဲ့ ယဉ်ကျေးမှုကတော့ တဖြည်းဖြည်းနဲ့ Underground ရောက်တော့မယ့် အနေအထားမှာ ရှိတယ်။ အဲ့ဒါကြောင့် ဘာသာရေး ခေါင်းဆောင်များ အားလုံး မိမိတို့ရဲ့ ဘာသာရေး နောက်လိုက်တွေကို မိမိတို့ သက်ဆိုင်ရာ ဘာသာတရားရဲ့ အနှစ်သာရကို သိရှိနားလည်အောင် သင်ကြားပေးကြပါ။ သင်ကြားတဲ့ နည်းစနစ်ကို လုပ်ကိုင်ကြပါ။
ဘုန်းကြီးတို့ နေ့တိုင်း ဗမာပြည်အနှံ့ ညစဉ်တရားပွဲများ ဟောသလိုပေါ့။ ဒေါက်တာအရှင်ဆေကိန္ဒ အရှင်မြတ်ကလည်း ကလေးတွေကို နေ့တိုင်း ဘာသာရေးသင်တန်း ပို့ချသလိုပေါ့။ ခရစ်ယာန်များ၊ အစ္စလာမ်များ၊ ဟိန္ဒူများ၊ ဂျူးများ၊ ဂျိမ်းများ အားလုံး မိမိတို့ သက်ဆိုင်ရာ ဘာသာတရားရဲ့ အနှစ်သာရကို ကလေးတွေစိတ်ထဲ ခေါင်းထဲရောက်အောင် သင်ကြားပေးကြပါ။
ပဋိပက္ခဖြစ်ခြင်းရဲ့ အကြောင်းအရင်းတွေ များစွာထဲက တစ်ခုဟာ ဒီအကြောင်းပါတယ်။ ဘာသာတရား အသီးသီးရှိတဲ့ အထဲက ဘာသာဝင်အချို့ဟာ မိမိတို့ ဘာသာတရားရဲ့ အနှစ်သာရ အဓိပ္ပာယ်မှန်ကို နားမလည်ကြတာဟာ ဘာသာရေး ပဋိပက္ခဖြစ်ခြင်းရဲ့ အကြောင်းတစ်ပါး ဖြစ်ပါတယ်လို့။ အဲ့ဒါကို ရှေးဦးစွာ တိုက်တွန်းလို့ ဒါတွေကို ဘယ်လိုသင်ကြားပေးကြမလဲ အဲ့ဒါနဲ့ တစ်ဆက်ထဲ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးက အခု ဘုန်းကြီးတို့နဲ့ ရှိတယ်။ ဘုန်းကြီးက အလေးအနက် တိုက်တွန်းတောင်းဆိုလိုပါတယ်။
စနစ်တကျ ကျောင်းတိုင်းကျောင်းတိုင်း နိုင်ငံတော်အစိုးရရဲ့ကျောင်းတိုင်းကျောင်းတိုင်းမှာ စင်ကာပူနိုင်ငံမှာ သင်ကြားနေကြတာကို ဒကာကြီးတို့ အားလုံး သိလိမ့်မယ်။ နိုင်ငံတစ်ခုမှာ ရှိတဲ့ နိုင်ငံသားတဲ့ ကိုးကွယ်တဲ့ ဘာသာတရား အားလုံးကို ကိုက်လျော်သော နည်းစနစ်နဲ့ သင်ကြားပို့ချတဲ့ နည်းစနစ် syllabus တို့၊ ရေးပြီးတော့ ခရစ်ယာန် ကျောင်းသားရော၊ အစ္စလာမ် ကျောင်းသားရော၊ ဟိန္ဒူကျောင်းသားရော၊ ဗုဒ္ဓကျောင်းသားရော၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ ဘာသာတရား အားလုံးကို မည်သည့်ဘာသာဝင်တွေက မည်သည့်ကျောင်းမှာမဆို အကုန်လုံး သင်ကြားပေးဖို့ ဒါဒီကနေ့ ဘုန်းကြီးတို့ အလေးအနက် တောင်းပန်းတယ် တိုက်တွန်းတယ်။
လူတွေကို ဘာသာတရားတစ်ခုမှ ဘာသာတရားတစ်ခုသို့ ပြောင်းလဲဖို့ ဒါစည်းရုံးတဲ့ နည်းစနစ် မဟုတ်ပါဘူး။ အချင်းချင်း အပြန်အလှန်နားလည်မှု၊ အချင်းချင်း အပြန်အလှန် မိတ်ဆွေဖြစ်ဖို့ mutual friendship and mutual understanding အဲ့ဒါကို စနစ်တကျ တည်ဆောက်ဖို့ရန်ဆိုလို့ ရှိရင် လူသားတိုင်းသည် ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် ကမ္ဘာမှာရှိတဲ့ ဘာသာတရားတိုင်းရဲ့ အနှစ်သာရ အစစ်အမှန်ကို အားလုံးနားလည်ဖို့ လိုပါတယ်။
အဲ့ဒါကြောင့်မို့လို့ ကျောင်းတိုင်းမှာ ဘာသာတရားတိုင်းကို သင်ရိုးညွှန်းတမ်းတစ်ခု ပြုလုပ်၍ သင်ကြားပြဋ္ဌာန်းပေးပါရန် ဘုန်းကြီး တောင်းဆိုတယ်။
ဘောလုံးပွဲတွေမှာ ဘောလုံးကန်လို့ရှိရင် ဘုန်းကြီးတို့ ရံခါတွေ့တယ်။ Extra time ဆိုတာလေး တွေ့တယ်။အဲ့ဒီတော့ ဘုန်းကြီးလည်း Extra Time လေး ရရင်တော့ ကောင်းမှာပဲ (ဆရာတော်ကြီးမှ ပြုံးရယ်လျက်)။
နောက်တစ်ခုက ဘာပြောမလဲဆိုလို့ ရှိရင် အိမ်တစ်အိမ်မှာ လင်မယားချင်း ရန်ဖြစ်ကြတယ်။ သူတို့နှစ်ယောက် ချစ်လို့ခင်လို့ ပေါင်းတာ။ သူတို့ဖြစ်ကြတာ ရန်ပွဲ။ ပေါင်းတုန်းကလည်းချစ်လို့ ပေါင်းတယ်။ ချစ်လွန်းအားကြီးရင် ရန်ဖြစ်တယ်ဆိုတဲ့ ဥပဒေသ တစ်ခုကိုတော့ အားလုံး လက်ခံထားပါ။ ဒီကနေ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ လူမျိုးစုပေါင်း ၁၀၀ကျော်၊ ဘာသာမျိုးပေါင်း ခုနစ်ခု ရှစ်ခုလောက် နေကြတယ်။ ချစ်လွန်းလို့ထင်ပါရဲ့ မကြာမကြာ ရန်ဖြစ်ကြတယ်။ အဲ့ဒီတော့ အိမ်တစ်အိမ်မှာ လင်မယားနှစ်ယောက် ရန်ဖြစ်ရင် အဲ့ဒီလင်ရော၊ မယားရော နှစ်ယောက်စလုံး အိမ်ရှေ့ထွက်ပြီး "ဟေး တို့ လင်မယားနှစ်ယောက် ရန်ဖြစ်ကြတာ လမ်းပေါ်က လူတွေ လာကြစမ်းပါ တို့ဖြေရှင်းပေးကြစမ်းပါ" ဆိုရင် အဲ့ဒါက သဘာဝကျတာ မဟုတ်ဘူး။
သူတို့နှစ်ယောက်ချစ်လို့ ပေါင်းလာတာ ဘယ်နေရာ ဘယ်ချောင်းကြားကစပြီး ဘယ်လိုရည်စားထားတယ် ဆိုတာ ဘယ်သူမှ မသိဘူး။ လမ်းပေါ်သွားနေတဲ့ သူတွေ မသိဘူး။ အဲ့ဒါကြောင့် ကိုယ့်အိမ်အတွင်းမှာ ဖြစ်တဲ့ရန်ပွဲကို ကိုယ့်လင်မယား အချင်းချင်း ဖြေရှင်းရမယ်။ အဲ့ဒါဘုန်းကြီးရဲ့ ခံယူချက်တစ်ခု ဖြစ်ပါတယ်။
သူတို့အချင်းချင်းတည့်လာတာ ...
(1) သည်းခံခြင်း (forbearance)
(2) ခွင့်လွတ်ခြင်း (forgiveness)
(3) forgetfulness တစ်ယောက်တစ်ယောက် ဘာတွေပဲမှားမှား။ အမှားရှိရင် တစ်ယောက်ကို တစ်ယောက်က အပြန်အလှန် တစ်ယောက်ရဲ့ အမှားအယွင်းကို တစ်ယောက်က (၁) သည်းခံ၊ (၂) ကတော့ ခွင့်လွတ်၊ (၃) ကတော့ အဲ့ဒီအမှားတွေကို တစ်ယောက်က တစ်ယောက်ကို မေ့ပျောက်ရမယ်။ ခွင့်လည်းမလွတ်နိုင်ဘူး၊ သည်းလည်း မခံနိုင်ဘူး။ တစ်စုံတစ်ခုသော အမှားကို တစ်စုံတစ်ယောက်သောသူက တစ်ယောက်သောသူရဲ့ အမှားကို တစ်ယောက်သောသူက မမေ့နိုင်ဘူး ဒါကိုပဲ မှတ်ထားမယ်ဆိုလို့ ရှိရင် ဒီရန်ပွဲဟာ ဘယ်တော့မှ ငြိမ်းမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ရန်ပွဲငြိမ်းဖို့ရန် အကောင်းဆုံးကတော့ မေ့ကြပါ။ အမှားအယွင်းများရှိရင် မေ့ကြပါ။ ရန်ဖြစ်တာလေးကို သည်းခံခွင့်လွတ်ခြင်းနှင့် ဖြေဖျောက်ကြပါ။
သီဟိုဠ်ကျွန်းက ဘိက္ခုနာရဒ ဆရာတော်ဘုရားကြီးက ရေးတဲ့ စာတစ်ပုဒ် ဘုန်းကြီးတို့ ဖတ်တယ်။
စာကြောင်းလေးတစ်ကြောင်း ကြိုက်လို့ ကျက်ထားတယ်။ All of the Fightings, all of the conflicts, any kind of the violence are due to the selfishness ဖြစ်သမျှ ရန်ပွဲတွေ ပဋိပက္ခတွေ တိုက်ခိုက်ခြင်းတွေဟာ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဓာတ်ကြောင့် ဖြစ်တာလို့ သီဟိုဠ်က နာရဒ ဆရာတော်ဘုရားကြီး ရေးဖူးပါတယ်။ အဲ့ဒါကြောင့် အားလုံး ဒီကနေ့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးကို တည်ဆောက်တဲ့ ဒီကနေ့အခါမှာ အားလုံးသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊ အားလုံးသော ဘာသာရေးခေါင်းဆောင် ညီအစ်ကို မောင်နှမတစ်တွေကို ပြောချင်တာက "ငါ" ဆိုတာကို ဘယ်နေရာမှာမှ ရှေ့တန်းမတင်ကြပါနဲ့ ငါဆိုတဲ့ စိတ်ဓာတ် selfishness- စိတ်ဓာတ်ကို အကုန်လုံးလျှော့ပြီးတော့ attention တွေကို လျှော့ပြီးတော့ တည်ငြိမ်ရေးနဲ့ ငြိမ်ချမ်းရေးအတွက် ဝိုင်းဝန်းပြီးတော့ ဘာသာရေး ခေါင်းဆောင်တွေ ဝိုင်းဝန်းပြီးတော့ တည်ဆောက်ကြဖို့ ဘုန်းကြီးတို့ အလေးအနက် တိုက်တွန်းတယ် အဲ့ဒါတစ်ချက်။
တစ်ချက်က ဘာပြောမလဲဆိုရင် လင်မယားချင်းဖြစ်တဲ့ အိမ်တွင်းရေးပဋိပက္ခ လင်မယားချင်း ဖြေရှင်းတာ အကောင်းဆုံး ဆိုတာနဲ့ ပတ်သက်လို့ သာဓကလေး တစ်ခုကို နည်းနည်းလေးပြောပြပေးပါမယ်။ ဒီကနေ့ အရှေ့အလယ်ပိုင်း ဆီးရီးယားကိစ္စ၊ အီရတ်ကိစ္စ နိုင်ငံတကာ ဝင်ပြီးတော့ ဖြေရှင်းနေကြတယ်။ အင်အားကြီးတဲ့ နိုင်ငံကြီးတွေ ဝင်ပြီးတော့ ဖြေရှင်းနေကြတယ်။ ဒကာကြီး ဘန်ကီမွန်း လက်ပိုက်ပြီး ဒီတိုင်းကြည့်နေရတယ် ဘာမှလုပ်လို့ မရဘူး။ အဲ့ဒီလိုတွေဖြေရှင်းပြီး နေ့စဉ်တိုက်ပွဲတွေ ပြင်းထန်။
အဲ့ဒီတော့ အကျိုးဆက်က ဘာလဲဆိုတော့ သတ်တာနဲ့ သေတာပဲ အကျိုးဆက်ကျန်ခဲ့တယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတိုင်းရင်းသား မောင်နှမတွေ ဒီအချက်ကို အလေးအနက် သတိပြုကြရင်ကောင်းတယ်လို့ ဒီအချက်ကို ဘုန်းကြီးက ဒီနေရာကနေ တိုက်တွန်းတယ်။
အဲ့ဒီနိုင်ငံတွေမှာ တိုက်လိုက်တဲ့ တိုက်ပွဲတွေ ထွက်ပြေးကုန်ကြတယ်။ စစ်ဘေးရှောင် ထွက်ပြေးကုန်ကြတယ်။ ထွက်ပြေးတဲ့ အဲ့ဒီစစ်ပြေးရှောင် ပုဂ္ဂိုလ်တွေ ဘယ်ရောက်ကုန်လဲဆိုတော့ Europe ကို ရောက်ကုန်တယ်။ Europe က ခေါင်းဆောင်ကြီး၊ ဂျာမဏီက ဒကာမကြီး အန်ဂျလာမာကယ် သနားဖို့ကောင်းတယ်။ Humanitarian Spirit ကိုယ်ချင်းစာ သနားတဲ့ စိတ်ဓာတ်အပြည့်အဝ မွေးထားတဲ့ ဒီဒကာမကြီး Human Right ရှုထောင့်က ကြည့်ပြီးတော့ လာသမျှ စစ်ပြေးတွေ အကုန်လုံး လက်ခံတယ်။ သူက ဥရောပရောက်လာတော့ ဝေပေးတယ်။ ဒတ်ခ်ျက ဒီလောက်ယူပါ။ ဒိန်းမတ်က ဒီလောက်ယူပါ။ ဘယ်လဂျီယံက ဘယ်လောက်ယူပါ။ ပြင်သစ်က ဘယ်လောက်ယူပါ။ အင်္ဂလန်က ဘယ်လောက်ယူပါ။ အင်္ဂလန်က တဖြည်းဖြည်းနဲ့ များလဲလာရော။ ဟေ့ မင်းတို့အစည်းအရုံးထဲ မနေတော့ဘူးဆိုပြီး ထွက်ရော။
သနားသဖြင့် ကယ်တင်စောင့်ရှောက်ခြင်း Human right လူတွေရဲ့ ပင်ကိုယ်ရပိုင်ခွင့် အခွင့်အရေးကို ကြည့်ပြီးတော့ စောင့်ရှောက်ထောက်ပံ့တာ အဲ့ဒီစစ်ဘေးရှောင်ကြတဲ့ Immigrants တွေနဲ့အတူ Terrorists တွေ ရောပါလာတယ်။ အဲ့ဒါ သိပ်သတိထားရမယ့် အချက်တွေ ဖြစ်ပါတယ်။ Terrorists ရောပါသွားလို့ ဥရောပတစ်ခွင်လုံး၊ ပြင်သစ်၊ ဘယ်လဂျီယံ၊ ဂျာမဏီ၊ တစ်ဘုန်းဘုန်းနဲ့ ဗုံးတွေခွဲပြီး လူတွေ တဖွဲဖွဲသေတာ။
အဲ့ဒါကြောင့် တိုတိုပြောရမယ်ဆိုလို့ ရှိရင် ပြဿနာတစ်ခုကို ဖြေရှင်းတဲ့နေရာမှာ Human Right ဆိုတဲ့ ရှုထောင့်တစ်ခုတည်းက ဖြေရှင်းလို့ ပြဿနာအားလုံး မပြေလည်နိုင်ဘူးဆိုတဲ့ ကိစ္စမှာ အဲ့ဒီတော့ စစ်ဘေးစစ်ဒဏ်တွေကိုလည်း ကြည့်ရမယ်။ economic standpoint စီးပွားရေးရှုထောင့်က ကြည့်ရမယ်။
ဘာသာရေးရှုထောင့်က ကြည့်ရမယ်။ လူမှုရေးရှုထောင့်က ကြည့်ရမယ်။ ကြည့်ရမယ့် ရှုထောင့်မျိုးစုံ ရှိပါတယ်။ ဘုန်းကြီးတို့ အရှေ့အာရှ ဒီကနေ့ ဖြစ်နေတာ တစ်နိုင်ငံကနေ တစ်နိုင်ငံ လူတွေ ကူးဝင်ခြင်းဆိုတာ အဓိက ဆင်းရဲတာ စစ်ကြောင့်မဟုတ်ဘူး။ ဆင်းရဲတာက အဓိကကျတယ်။ ဒါကြောင့် Poverty ဒီကိစ္စကို အဓိကထားပြီး ဆွေးနွေးပါ။
ဗမာနိုင်ငံက ဗမာလူငယ်တွေ ထိုင်းမှာ ငါးသန်းလောက်၊ မလေးရှားမှာ လေးသန်းလောက် ရောက်နေတယ်။
တခြားတိုင်းပြည်တွေမှာ တစ်သန်းလောက် ရှိမှာပေါ့။ ဗမာ့သားကောင်း၊ သမီးကောင်းတွေ ၁၀ သန်းလောက် တိုင်းပြည်အပြင်ဘက်ရောက်တာ တိုင်းပြည်ဆင်းရဲလို့။ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီတွေ ဗမာထဲ ဝင်လာတာ နိုင်ငံရေး၊ ဘာသာရေး ရည်ရွယ်ချက် သူတို့မှာ ဘာမှမပါဘူး။ တိုင်းပြည်ဆင်းရဲတာ။ အဲ့ဒီတော့ Economical Poverty စီးပွားရေးက ချွတ်ခြုံကျလို့ ဆင်းရဲလာရင် Educational Poverty ပါ ပညာရေးပါ ဆင်းရဲရော။ Educational Poverty ဖြစ်ရင် mentally၊ Character ရော Poverty အကုန်လုံး ကိုယ်ကျင့်တရားတွေရော စိတ်ဓာတ်တွေရော ဆင်းရဲမွဲတေတာတွေ ဖြစ်ကုန်ရော။
အဲ့ဒါကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့်တကွ ညီအစ်ကိုမောင်နှမ အားလုံးကို ဒီကနေ့ တောင်းပန်ချင်တာက ပြဿနာတွေကို ဖြေရှင်းတဲ့ နေရာမှာ ဆင်းရဲမွဲတေခြင်း အဓိကထား၍ ဖြေရှင်းကြပါမယ်လို့ အကြောင်းကို ဒီကနေ့ ဘုန်းကြီးတို့ အလေးအနက် တောင်းပန်ချင်တယ်။ တိုက်တွန်းလိုပါတယ်။ ဘုန်းကြီးရဲ့အချိန်စေ့ပါပြီ။
ကဲ...အားလုံးကို ကျေးဇူးတင်ပါတယ်။

Wednesday, April 27, 2016

မြိုင်ကြီးငူ ဆရာတော်(ဦးသုဇန)အကြောင်း

မြိုင်ကြီးငူ ဆရာတော်(ဦးသုဇန)အကြောင်း

မြိုင်ကြီးငူ ဆရာတော်ကို ကြည်ညိုလေးစားသူ တကာတကာမများကိုတော့
အားနာပါတယ်။ ရှေ့မျက်နှာ နောက်ထားပြီးတော့ နဲနဲတော့ ပြောချင်တယ်။
ဒီဘုန်းကြီး ဘယ်ကနေ ဖြစ်လာသလဲဆိုတာ ဒီကေဘီအေ ဖြစ်ပေါ်လာတဲ့
အချိန် ငါးနှစ် ခြောက်နှစ်လောက် ကလေးတွေ မသိနိုင်တော့ပါဘူး။ ဒီဘုန်း
ကြီးဟာ ဗိုလ်ခင်ညွှန့်ရဲ့ တည်ကြက်ဖြစ်တယ်။ ကေအင်ယူ မပြိုကွဲခင်မှာ
ကောင်းကောင်း သပ်လျိုပြီး တပည့်မွေးထားတဲ့ ဗိုလ်ခင်ညွှန့်ရဲ့ တည်ကြက်
တကောင်ပါပဲ။ ကေအင်ယူမှာ ဗုဒ္ဓဘာသာနဲ့ ခရိယန်အုပ်စု အစာမကြေမှု
တွေ စတင်ဖြစ်ပေါ်လာချိန်မှာ ဗိုလ်ခင်ညွှန့်ရဲ့ ကကလှမ်းက စတင်ခြေရှုပ်
ခဲ့တယ်ဆိုတာ ထောက်လှမ်းရေးဟောင်းတွေ ပြောဖူး၊ ရေးဖူးတာတွေကို
ကြားဖူး၊ ဖတ်ဖူးကြမှာပါ။

ဒီလို မကြေညက်မှုတွေ ကေအန်ယူအတွင်း ဖြစ်နေချိန်ရောက်တော့မှ အဲ့
ဒီ မြိုင်ကြီးငူ ဆရာတော်ဆိုတာ ဘွားကနဲ ပေါ်လာတော့တာပါပဲ။ မှတ်မိ
ပါသေးတယ်။ အဲ့ဒီအချိန်က ကျွန်တော်တို့ သူငယ်ချင်းတွေ လ္ဘက်ရည်ဆိုင်
ထိုင်ကြစဉ်အတွင်း သတင်းစာ၊ တီဗီတွေမှာ သူ့ပုံတွေ ပါလာတော့ ဒီဘုန်း
ကြီးကတုံးကလည်း လပ်လပ်ဆပ်ဆပ်လေးပါလား ဆိုပြီး သံသယစိတ်နဲ့
ဝေဖတ်ခဲ့ဖူးကြပါတယ်။ ဒီကေဘီအေ မဖွဲ့စည်းမှီအချိန်က ကေအင်ယူ
အဖွဲ့ထဲမှာ ရှိနေပါသေးတယ်။ ကေအင်ယူ ဗဟိုက ဗုဒ္ဓဘာသာတွေကို
နှိပ်ကွပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တဖြည်းဖြည်း တင်းမာလာနေပါ
တယ်။ ဒါကို အသုံးမကျတဲ့ ကေအင်ယူ ဗဟိုက မဖြေရှင်းနိုင်ခဲ့ဘူး။ အဲ့
ဒီအခွင့်ရေးကို စောင့်နေတဲ့ ဗိုလ်ခင်ညွှန့်က သပ်လျိုပြီး စတင်သွေးခွဲပါ
တော့တယ်။

တငွေ့ငွေ့လောင်မြိုကနေတဲ့ ဖွဲမီးပမာ ကေအင်ယူထဲမှာ ဟုန်းကနဲထ
လောင်စေတဲ့ ရေချိန်အမြင့်ဆုံး မီးပွါးကတော့ တောင်ကုန်းတခုပေါ်မှာ
စေတီတည်တဲ့ ကိစ္စပါပဲ။ ဒါဟာ မြိုင်ကြီးငူရဲ့ ပထမဆုံး စေတီတည်တဲ့
မီးစပါပဲ။ ဒီကိစ္စကို မှတ်မိသူတွေတော့ ရှိကြဦးမှာပါ။ အဲ့ဒီမှာ ကေအင်
ယူနဲ့ ထိပ်တိုက်တွေ့ပါပြီ။ ကေအင်ယူက ဘာသာရေး အခြေတည်တာ
ဖြစ်ပေမယ့်၊ ဘာသာရေးကို စိတ်မဝင်စားပါဘူး။ တောင်ထိပ်တည့်တည့်
ဖြူဖြူဖွေးဖွေး ဘုရားတည်တော့ မဟာဗျူဟာအရ အချက်ချာ ဖြစ်နေတာမို့
လက်မခံခြင်းဖြစ်ပါတယ်။ အဲ့ဒီမှာတင်ပဲ ကေအင်ယူက ရာဇသံပေးလာ
တော့ ခွေးအချောင်း ချောင်းနေတဲ့ ဗိုလ်ခင်ညွှန့်က စတင်ပြီးခွဲထုတ်ပလိုက်
ပါတော့တယ်။ အဲ့ဒီကနေ တိုက်ပွဲတွေ စတင်ဖြစ်ပြီးနောက် တပြိုင်နက်
ဒီကေဘီအေကို စတင်ဖွဲ့စည်း ထူထောင်လိုက်ပါတော့တယ်။

ဒါဟာ ကေအင်ယူရဲ့ မဟာဆုံးရှုံးမှုတခုဖြစ်သလို၊ ဗိုလ်ခင်ညွှန်အတွက်
မဟာ့မဟာ အောင်မြင်မှုကြီးပါပဲ။ နောက်ပိုင်း မြန်မာစစ်တပ်နဲ့ ဒီကေ
ဘီအေတို့ ပူးပေါင်းပြီး ကေအင်ယူအပေါ် ထိုးစစ်တွေ အကြီးအကျယ်
ဆင်နွှဲခဲ့ရာမှာ မဆလခေတ် တလျှောက်လုံး မသိမ်းပိုက်လိုက်နိုင်တဲ့
ဘုရားသုံးဆူ၊ မဲလ၊ မဲသဝေါ၊ ဝေါလေ၊ မော်ဖိုးကေ တို့လို နာမည်ကြီး
ကေအင်ယူတို့ရဲ့ စစ်စခန်းကြီးမှာ စစ်အစိုးရလက်ထဲ ကျရောက်သွား
ပါတော့တယ်။ အဲ့ဒီအချိန်ကစပြီး ရန်ကုန်လို မြို့ပြတွေပေါ်မှာ ပေါ်
တာဆွဲခြင်းကို ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့ကြတာပါပဲ။ အကျဉ်းထောင်
တွေကနေ ပေါ်တာတောင်းယူသွားတာတွေ စတင်ဖြစ်ပေါ်လာတယ်
ဆိုတာ မှီလိုက်သူများ မှတ်မိကြဦးမှာပါ။

ဆက်စပ်ဖြစ်ရပ်မို့ ထည့်ရေးလိုက်တာပါ။ လိုရင်းကို ဆက်ရလျှင်တော့
ဒီဘုန်းကြီးရဲ့ သမိုင်းကြောင်းဟာ ဘုရားတည်တာကနေ စပါတယ်။ ဒါ
ဟာ ဘာကို အမှတ်ရစေသလဲဆိုတာ အစပိုင်းမှာ ပြောခဲ့သလို တည်
ကြက်ဘုန်းကြီးကိုများ ထုတ်သုံးလာလေသလား။ ဒီဘုန်းကြီးဟာ စကြား
ဖူးကတည်းက ခွဲရေးကနေ စခဲ့တဲ့ ဘုန်းကြီးတပါးပါပဲ။ ခုလည်း တည်
ကြက်ထုတ်ပြီး မီးမွှေးလေပြီလား။ အစိုးရသစ်နဲ့ ဘာသာရေး လှည့်ခွေ
စေပြီး အကျဉ်းအကြပ်ကို ရောက်အောင် တွန်းပို့နေတာလား။ ပြည်သူ
နဲ့ အစိုးရသစ်(ဒီမိုကရက်တစ် အစိုးရ)ကြားမှာ သွေးခွဲရန်တိုက်ပေးပြီး
မတည်မငြိမ်ကို ဖန်တီးနေတာလား။ သူများပိုင်နက် အတွင်းမှာမှဝင်ပြီး
ဘုရားတည်တာဟာ ဘယ်တရားဥပဒေနဲ့ ညီညွတ်မှုရှိပါသလဲ။

နမူနာလေး တခုပေးပါမယ်။ အမေရိက ပြည်ထောင်စု၊ နယူးဂျာစီပြည်
နယ်၊ မာနာလပန်မြို့မှာ တည်ထားကိုးကွယ်တဲ့ မြန်မာဗုဒ္ဓဘာသာ အ
သင်းပိုင် ကျယ်ပြောလှတဲ့ မြေကွက်ကြီးထဲမှာ စေတီတော်တဆူ၊ ကျောင်း
တကျောင်း၊ ရောဂီဆောင်၊ တရားအားထုတ်ဆောင်၊ မီးဖိုဆောင်တွေ ရှိ
နေပါတယ်။ အမေရိက ပြည်ထောင်စုဆိုတာဟာ ခရိယန်တွေ အများစု
နေထိုင်ရာ နိုင်ငံကြီးတခု ဖြစ်ပါတယ်။ အဲ့ဒီ ဘုရားကျောင်း ပရဝုဏ်ထဲ
မှာ ခရိယာန် လက်ဝါးကပ်တိုင်ကြီးတခုများ လာစိုက်ကြမယ်ဆိုလျှင်
ဗုဒ္ဓဘာသာ အစွန်းရောက်တွေကို တခုတော့ မေးချင်တယ်။ ခင်ဗျားတို့
ရဲ့ စိတ်ထဲမှာ ဘယ်လိုများ ခံစားရမလဲ ဆိုတာပါပဲ။ (အမေရိကမှာ ဒီလို
မျိုး မင်းမဲ့စရိုက် လုပ်လို့မရပါ။ စကားပြော နမူနာ ပေးခြင်းသာ ဖြစ်ပါ
တယ်။) ကိုယ်ချင်းစာစိတ် ထားကြပါ။ ပြောတော့ ဗုဒ္ဓယဉ်ကျေးမှု အ
ဆုံအမတွေကြောင့် မြန်မာဟာ ယဉ်ကျေးတယ်ဆိုပြီး ဂုဏ်ယူနေပေ
မယ့် လုပ်နေတဲ့ လုပ်ရပ်တွေကတော့ ဟန်နာဘိခ်ျ ခေါင်းစဉ်တပ်တာ
အလျင်က မှားတယ်လို့ ထင်ခဲ့ပေမယ့် ခုတော့ မှန်နေသလိုလို ဖြစ်လာ
နေတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာအတွက် အင်မတန်မှ အရှက်ရစေ
ပါတယ်လို့ပဲ သုံးသပ်လိုက်ပါတယ်။

Stanley N Naing

ခရစ်ယာန် ကို မျက်ကွယ်ပြုခြင်းလော

အချိန်ယူဖြေရှင်းရမယ့် ပြဿနာ

ဒီရက်တွေအတောအတွင်း ကရင်ပြည်နယ်ထဲက ခရစ်ယာန် ဘုရားရှိခိုးကျောင်းဝင်းအတွင်း ဇွတ်အတင်းဝင်ပြီး စေတီတစ်ဆူ တည်ကြတဲ့သတင်းက လူအတော်တော်များများကို စိတ်ပျက်သွားစေပါတယ်။

မေးခွန်းတွေလည်း တန်းစီပြီး ထွက်လာပါတယ်။ ဗုဒ္ဓရဲ့ တရားတော်နဲ့ ကိုက်ညီမှု ရှိပါရဲ့လား။ ဥပဒေကို ပြောင်ဆန့်ကျင်တာ မဟုတ်ဘူးလား…အစရှိသော မေးခွန်းတွေကအစ ဘယ်လိုအရေးယူ ဆောင်ရွက်သင့်သလဲ၊ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေအနေနဲ့လည်း သတိကြီးစွာထားပြီး ကိုင်တွယ်ဖြေရှင်းနေရပုံရှိတယ် အစရှိတဲ့ ထင်မြင်ချက်များလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဦးစွာပထမ ပြောရမယ့် စကားကတော့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက သတိကြီးစွာထားပြီးမှ ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စဆိုတာ မှန်ကန်သင့်တော်တယ်လို့ မြင်ပါတယ်။ ဘာပြုလို့လည်းဆိုတော့ ဒါဟာ မသမာတဲ့သူတွေရဲ့ ဘာသာရေး အဓိကရုဏ်းဖြစ်ရလေအောင် တမင်ဖန်တီးတာ ဖြစ်နေခဲ့ရင် ကိုင်တွယ်ဖြေရှင်းမှု မှားတာနဲ့တပြိုင်နက် နောက်ဆက်တွဲ ပြဿနာတွေ မလွဲမသွေ တက်လာနိုင်တဲ့အတွက် တာဝန်ရှိသူများက သတိထားပြီး ကိုင်တွယ်ဖြေရှင်းသင့်တာ အမှန်ပါပဲ။

ဒါဆိုရင် ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလည်း။ ဘာ့ကြောင့် ဒီပြဿနာ ပေါ်လာရသလဲ။ ဘာသာရေး ရှုထောင့်ကပဲကြည့်ကြည့်၊ ကျင့်ဝတ်သိက္ခာအရပဲ ကြည့်ကြည့်၊ တည်ဆဲ ဥပဒေကြောင်းအရပဲကြည့်ကြည့် အခုလို အခြား ဘာသာရေး အဆောက်အဦးဝင်းထဲ အခုလို ဝင်ရောက်ပြီး ဘုရားတည်တဲ့လုပ်ရပ်ဟာ မှားပါတယ်။ ပိုပြီး စိတ်မချမ်းမြေ့ဖွယ် ဖြစ်စေတာက ဒီလိုလုပ်ရပ်ကို လူအများစုက လက်မခံဘူးဆိုတာ သိရဲ့သားနဲ့၊ ဥပဒေနဲ့ မညီဘူးဆိုတာ သိရဲ့လားနဲ့ ဘယ်လိုအကြောင်းခံနဲ့ ပြောင်ပြောင်တင်းတင်း ပြုလုပ်ရဲခဲ့ကြသလဲ။

တကယ်တော့ ရက်ပိုင်းအတွင်းသာ သက်တမ်းရှိသေးတဲ့ အစိုးရသစ်ကို စိန်ခေါ်တဲ့သဘောရှိတဲ့ ပြဿနာ များစွာအနက်က ဒီပြဿနာဟာ တစ်ခုသော စိန်ခေါ်မှု ဖြစ်ပါတယ်။ တရားဥပဒေက ခွင့်မပြုတဲ့အပြင် ကျင့်ဝတ်အရလည်း မှားယွင်းနေတဲ့ ဒီလုပ်ရပ်ကို ဘာ့ကြောင့် ဥပဒေအရပင် ဖြေရှင်းဖို့ လက်တွန့်နေကြရသလဲ။ ဝမ်းနည်းဖွယ်လည်းကောင်း စိတ်ပူပန်ဖို့လည်းကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။

တကယ်တော့ နှစ်ပေါင်း ၆၀ နီးပါး ယိုယွင်းပျက်စီးလာခဲ့တဲ့ အခြေအနေ အရပ်ရပ်အပေါ်မူတည်ပြီးမှ ဒီိလိုပြဿနာတွေ ရှင်သန်ခွင့် ခေါင်းထောင်ခွင့် ရလာခဲ့တဲ့သဘောပါပဲ။ ကျနော်တို့ရဲ့တိုင်းပြည်မှာ အာဏာအလွဲသုံးစားပြုခြင်း၊ အဂတိလိုက်စားခြင်း၊ တာဝန်ယူမှု တာဝန်ခံမှုမရှိခြင်း၊ ကိုယ့်အကျိုးစီးပွား၊ လူတစ်စု အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ခြင်း အစရှိတဲ့ အာဏာရှင်စနစ် ရေခံမြေခံအပေါ်မူတည်ပြီး ဥပဒေစိုးမိုးမှုမရှိခြင်း၊ မင်းမဲ့စရိုက်ပေါ်လာခြင်း၊ ကျင့်ဝတ်စည်းကမ်းများ လျှော့နည်း ကျဆင်းခြင်းနဲ့ အတူ အကြမ်းဖက်ခြင်း အစရှိတဲ့ သစ်ပင်ပန်းမာလ်တွေ ပေါက်ရောက်ရှင်သန်လာခဲ့ရတဲ့သဘောပါပဲ။

ကရင်ပြည်နယ်ထဲက ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းအတွင်း အခြား ဘာသာမတူတဲ့ လူတစ်စုက အတင်းအဓမ္မ ဝင်ရောက်ပြီး စေတီတည်ခြင်းတည်းဟူသော လုပ်ရပ်မှာလည်း နှစ်ပေါင်း ၆၀ နီးပါး ထွန်းကားခဲ့တဲ့ အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်များဖြစ်တဲ့ မင်းမဲ့စရိုက်နဲ့ တရားဥပဒစိုးမိုးမှု မရှိခြင်း အချက်တွေပေါ် မူတည်ပြီးမှ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ဒီနေရာမှာ မေးစရာမေးခွန်းရှိလာတာက ဒီလိုပြဿနာတွေကို ဖြေရှင်းလို့ မရနိုင်တော့ဘူးလား။ ဥပဒေအရပဲဖြစ်ဖြစ် ကျင့်ဝတ်စည်းကမ်းအရပဲဖြစ်ဖြစ် အရေးယူဆောင်ရွက်လို့ မရနိုင်တော့ ဘူးလားဆိုတဲ့ မေးခွန်းရှိလာပါတယ်။

တကယ်တော့ ဖြေရှင်းလို့ ရပါတယ်။ အနီိးဆုံး သာဓကပြရမယ်ဆိုရင် ဒီလို အလားတူ ပြဿနာတွေကို ၁၉၆၂ ခုမတိုင်ခင် တနည်းအားဖြင့် ပြောရရင် ကျနော်တို့နိုင်ငံမှာ အာဏာရှင်စနစ် မပေါ်ပေါက်ခင်အချိန်တုန်းက နိုင်နင်းအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဆိုတဲ့ သာဓက ရှိခဲ့ပါတယ်။ လူမျိုးရေး ဘာသာရေး ပဋိပက္ခ မဖြစ်ပွားရလေအောင် အောင်မြင်စွာ ကာကွယ်ထားနိုင်ခဲ့တဲ့ သာဓကတွေ ရှိပြီးဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ ကျနော်တို့ တိုင်းပြည် နှစ်ပေါင်းမြောက်များစွာ ရင့်သန်အားကောင်းလာခဲ့တဲ့ မင်းမဲ့စရိုက်တွေ၊ ကျင့်ဝတ်သီလ ကျဆုံးမှုတွေ၊ ဥပဒေမဲ့လုပ်ရပ်တွေက အရှိန်ကောင်းနေသေးတဲ့ အချိန်ဖြစ်ပါတယ်။ ဒါ့အပြင် ကျဆုံးစပြုတဲ့ အာဏာရှင်စနစ် ကိုယ်စားပြုသူများရဲ့ အဟန့်အတား အနှောင့်အယှက်တွေကလည်း အားကောင်းနေသေးတဲ့အတွက် အချိန်တိုတိုအတွင်းမှာတော့ ဒီလိုပြဿနာတွေကို အောင်မြင်ပြီးပြတ်အောင် ဖြေရှင်းဖို့ရာ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ အချိန်ယူဖြေရှင်းဖို့ လိုအပ်တဲ့ အခုလို အလားတူပြဿနာများအပေါ် စိတ်ရှည်သီးခံခြင်း၊ ပညာပေးခြင်း၊ ဝေဖန်ရှင်းပြခြင်း၊ ဥပဒေအရဆောင်ရွက်ခြင်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားခြင်း သည်သာ အကောင်းဆုံးဖြစ်ကြောင်း အကြံပြုလိုက်ပါတယ်။

အယ်ဒီတာအာဘော်
မဇ္ဈိမ