Sunday, March 6, 2016

Are you born Gay? မွေးကတည်းက (ဂေး) ဖြစ်နေတာလား


ရောဂါတွေဟာ ဖြစ်စရာရှိရင် စုပြုံဖြစ်တတ်တယ်။ ကူးစက်ရောဂါတွေမှမဟုတ်ပါ။ သမတကြီးဓါတ်ပုံတပုံလည်းတွေ့တယ်။ ရုပ်ရှင်တကားရိုက်နေတယ်လို့ပြောတာ ဖတ်ရတယ်။ ဒီမေးခွန်းလည်းလာတယ်။

ဆရာခင်ဗျား ယောက်ျားပီသချင်ပါတယ်။ အခြောက် မဖြစ်ခြင်ပါဘူး။ ဖြတ်ချင်ပါပြီ။ ဘာဆေးစားရမလဲ။ ဆရာဝန်နဲ့ မပြရဲဘူး။ ဖြေပေးပါအုံး။ တည်တည်တန့်တန့် နေခြင်တာပါ။ သောက်ဆေးဖြစ်ဖြစ်ပါ။

လိင်တူကျန်းမာရေးကို မမေးကြလို့လဲ မရေးဖြစ်သေးသလို အထောက်အထား အကိုးအကားတွေဟာ အနောက်နိုင်ငံတွေ ကသာဖြစ်တော့ သိတဲ့အတိုင်း စီးပွါးချမ်းသာကွာတာမဟုတ်ဘဲ လူမှုရေးအယူအဆတွေကလဲ အရှေ့-အနောက်က မတူကြဘူး။ လိင်တူအရေးမှာ လုပ်သင့်တယ်-မလုပ်သင့်ဘူး ဆိုတာတွေကိုပြောရင် သူတို့ဆီကရတဲ့ အကိုးအကားတွေနဲ့ ကိုယ့်ဆီကလူတွေအတွက် မှန်မယ်လဲမထင်လို့ ဖြစ်ပါတယ်။ စာရင်းအင်းမရှိလို့ ကိုယ့်ဆီကသာတာတွေကို ချန်ရတာလဲ မကောင်းဘူး။

လူတယောက်ဟာ တချိန်မှာ ဒါမှမဟုတ် တသက်လုံး (၁) Heterosexual ဆန့်ကျင်ဘက်လိင်ကိုသာ လိုလားတာ၊ (၂) Homosexual လိင်တူကိုစိတ်ပါတာ နဲ့ (၃) Bisexual နှစ်ခွ-နှစ်မျိုးလုံး ရှိနေတာဆိုပြီး ဖြစ်ရတယ်။ (၄) Asexual ဘာစိတ်မှ မရှိတာလဲ ထည့်ချင် ထည့်နိုင်ပါသေးတယ်။ အနောက်နိုင်ငံတွေမှာ ၂-၁၃% ဟာ Homosexual ဖြစ်တယ်။

(ဟိုမိုဆက်ကျူရယ်လ်) ထဲမှာ အင်္ဂါ (၃) ရပ်ရှိတယ်။ စိတ်လှုပ်ရှားမှု၊ လိင်စိတ်နဲ့ အမူအယာတွေ ဖြစ်တယ်။ တချို့မှာ တမျိုးထဲ၊ တချို့မှာ နှစ်မျိုးတွဲ၊ တချို့မှာ သုံးမျိုးလုံးရှိတယ်။ အဆင့်ကလျော့ကျသွားနိုင်သလို အဆင့်တိုးသွားနိုင်တယ်။

အတော်များများက ကိုယ့်ကိုယ်ရော သူများကိုပါ မေးတတ်ကြတယ်။ ငါ (ဂေး) ဖြစ်နေပြီလား၊ မွေးကတည်းက (ဂေး) ဖြစ်နေတာလား၊ ဘာ့ကြောင် (ဂေး) ဖြစ်သွားရတာလဲ။ အဖြေက မလွယ်ပါ။ တယောက်ချင်းအပေါ် မူတည်တယ်။ သီအိုရီတွေတော့ ရှိတာပေါ့။ သုတေသနတွေလဲ ရှိတယ်။ အားလုံးကို အများက သဘောတူတာတော့ မဟုတ်ပါ။

လိင်တူအရေးဟာ နိုင်ငံရေးငြင်းခုံမှုတခု ဖြစ်လာနေတာ အမေရိကားမှာပါ။ ခရစ်ယန်အခြေခံ နိုင်ငံရေး အသင်းတွေက စိတ်စွမ်းအားနဲ့ ပြောင်းပြစ်လို့ ရတယ်၊ အောင်မြင်မှုတွေ ထောင်နဲ့ချီ ရှိတယ်လို့ ဆိုပါတယ်။ (ဂေး) နဲ့ (လက်စဘီယန်) အခွင့်အရေးသမားတွေကတော့ တခြား လူတွေက သူတို့ကို နည်းလည်မှု လွဲနေကြပြီး၊ ခွဲခြားဆက်ဆံမှု ပြုနေကြတယ်လို့ ပြောကြတယ်။

၂ဝဝ၄ ခုနှစ်မှာ American Academy of Pediatrics ကနေပြောတာက လိင်အမူအကျင့်ဆိုတာ အချက်တခုထဲကနေ ဆုံးဖြတ်တာမဟုတ်။ မျိုးဗီဇ၊ ဟော်မုန်းနဲ့ ပတ်ဝန်းကျင် လွှမ်းမိုးမှုတွေ ပေါင်းစပ်လို့ ဖြစ်ရတာ။ ဘယ်အချက်ကြောင့် ဖြစ်ရတယ်ဆိုတာ သိပ္ပံနည်းကျ ပြောမရပါ။  ဇီဝသဘော၊ စိတ္ကသဘောနဲ့ ဆိုရှယ်သဘောတွေ ပါနိုင်လောက်တယ်။ မိဘတွေထိန်းသိမ်းမှုနဲ့ ကလေးဘဝ အတွေ့အကြုံတွေကြောင့်ဖြစ်ရတယ်ဆိုတာ သက်သေမပြနိုင်ပါ။ လိင်တူမိဘတွေကနေ မွေးတိုင်း လိင်တူကလေးဖြစ်မလာပါ။ ဇီဝသဘောနဲ့ မျိုးဗီဇတွေရောဖြစ်တာ ဖြစ်နိုင်တယ်။

Homosexual တွေဟာ ပုံမှန်ဖြစ်ချင်ကြတဲ့စိတ် ပေါ်ခဲ့ဘူးသူတွေချည်းပါဘဲ။ အသိုင်းအဝိုင်းထဲ ကုန်ကုန်ပြောရရင် မိသားစုထဲမှာပါ အဝိုင်းပယ်ခံတွေလို့ သတ်မှတ်ခံကြရတာများတယ်။ သွေလှူဘဏ်တချို့တောင် သူတို့ကနေ သွေးလှူတာ မယူချင်ကြဘူး။ ဒါကို မခံချင်ကြဘူး။

(ဂေး) ဘဝကနေ ပြောင်းနိုင်ပါသလား၊ တချို့က ယူဆတာကတော့ Homosexuality ဆိုတာ ဝေဒနာတခုဖြစ်တယ်။ ဒါ့ကြောင့် ကုသရင် ပျောက်ရမယ်။ အဲဒီအယူအဆသမားတွေက ဆန့်ကျင်ဖက်လိင်သမားဖြစ်လာအောင် စိတ်ပိုင်း-ကုသနည်းတွေကို အားကိုးကြတယ်။ ထိရောက်မှုကို အထောက်အထားကိန်းဂဏန်း မများလှသေးပါ။

လူအများ ပိုပြီးစိတ်ဝင်စားလာကြတာကတော့ လက်ရှိ လိင်သတ်မှတ်ချက်ကို ကာယကံရှင်ရဲ့ သဘောဆန္ဒနဲ့ ပြောင်းလို့ ရမလား-မရနိုင်ဘူးလားဆိုတာ ဖြစ်ပါတယ်။ ဒီလို လိင်တူစိတ်ရှိနေသူတွေကို ကူညီပြုပြင်ပေးတဲ့ အဖွဲ့အစည်းတွေကြားမှာ အမြင် (၂) မျိုး ကွဲနေတယ်။ စိတ်ပိုင်းကုသနည်းနဲ့ ဘာသာရေးနဲ့ ကုသနည်းတွေ ဖြစ်ပါတယ်။

လူတယောက်ရဲ့လိင် (ကျား) လား၊ (မ) လား ဆိုတာဟာ အစကတည်းကပါလာပြီးသား ဖြစ်တယ်၊ ဒါပေမဲ့ အချိန်မရွေးလဲ ပြောင်းသွားနိုင်တယ်ဆိုတဲ့ အယူအဆကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာနေကြတယ်။

၁၉၇ဝ ကျော်လောက်ကတည်းက နည်းမျိုးစုံ သုံးပြီး ကုပေးခဲ့ကြတာမှာ သင်းကွပ်နည်း၊ အိပ်မွေ့ချနည်း၊ စိတ်ကုသနည်း၊ အန်စေတဲ့ဆေးပေးနည်း။ လျှပ်စစ် (ရှော့ခ်) နည်းနဲ့ ဦးနှောက်ခွဲစိတ်နည်းတွေပါတယ်။ နောက်ဆုံးပေါ်ပြူလာနည်းကို ပြုပြင်ပေးနည်းလို့ ခေါ်တယ်။ ဒါက အမူအကျင့်ပြုပြင်ပေးနည်း၊ စိတ်ခွဲခြမ်းစိတ်ဖြာနည်းနဲ့ ဘာသာရေးနည်းတွေ ရောထားတာပါ။ သိပ္ပံနည်းကျပြောရရင် စာရင်းဇယားအားနည်းတယ်။ အောင်မြင်မှုနှုန်းနည်းပေမဲ့ သုညမဟုတ်တာ သတိပြုသင့်တယ်။

အမေရိကန် စိတ်ပညာအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်က လိင်တူချင်း စိတ်ဝင်စားခြင်းသည် စိတ်ရောဂါမဟုတ်။ (ဂေး)၊ (လက်စဘီယံ)၊ (လိင်နှစ်ခွ) မှန်သမျှသည် စိတ်ဝေဒနာဖြစ်သည်၊ ထိုကဲ့သို့ ဖြစ်နေသဖြင့် လိင်ပြောင်းလဲဘို့ ကုသရန်လိုအပ်သည်ဟူ၍ ဖေါ်ပြချက်မှန်သမျှကို ဆန့်ကျင်သည်။

ဘာသာရေး ပြင်းပြသူတွေကတော့ အကုသိုလ်လို့ သတ်မှတ်ကြတယ်။ သမ္မာကျမ်းစာကို ချိုးဖေါက်ရာ ရောက်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆုတောင်းပေးနည်းနဲ့ ပျောက်ကင်းတယ် ဆိုတာမှာ သိပ္ပံနည်းကျ သက်သေပြစရာ မရှိပါ။ ရှိရင်လဲ နည်းနည်းသာ ရှိပါမယ်။ ဒါပေမဲ့ ဒီလိုလုပ်ပေးတာကနေ တတ်နိုင်လောက်တဲ့နေရာ ၃ မျိုးရှိပါတယ်။

၁။ Bisexuals လိင်နှစ်ခွဖြစ်သူတွေမှာ သူနဲ့ ဆန့်ကျင်ဘက်လိင်နဲ့ လိင်ကိစ္စကို နည်းနှိုင်သမျှ နည်းပါးစေတာ။
၂။ Homosexuals တွေကို Celibate လိင်မှုကိစ္စ နည်းနိုင်သမျှ နည်းပါးစေဘို့နဲ့ လိင်တူချင်းလက်ထပ်တာကို ရှောင်ရှားစေဘို့။
၃။ Gay men (ဂေး) ယောက်ျားတွေ နဲ့ Lesbians (ဂေး) မိန်မတွေကို လက်ရှိ အမူအကျင့်တွေသာမက သူတို့နဲ့ ဆန့်ကျင်ဘက် လိင်တွေနဲ့ပါ တွဲနေစေဘို့။

လိင်စိတ်သဘာဝမှာ ထူးဆန်းတာလေးတွေ ရှိသေးတယ်။ ပုံမှန်လူတချို့မှာ လိင်တူကို တခါတလေ စိတ်ဝင်စားမှု ရှိလာတတ်သလို (ဂေး) တွေမှာလဲ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတာပါ ဖြစ်တတ်တယ်။ (ကင်ဆေး-ရီပို့တ်) အရ လူတွေဟာ အဲလိုစိတ်အပြောင်းအလဲဖြစ်တာ တသက်မှာ တခါကမဖြစ်တတ်ပါသတဲ့။ သတိပြုဘို့က အဲလို အပြောင်းအလဲကို အတင်းလုပ်ယူလို့ ဖြစ်စေတာ မဟုတ်ပါ။ ဥပမာ (စတားဘတ်ခ်) မှာ အလုပ်နေပေမဲ့ ကော်ဖီကို ကြိုက်ချင်မှကြိုက်တယ် မဟုတ်ပါလား။

နောက်အရေးကြီးတဲ့ အချက်တခုက (ဂေး) တယောက်ကို အတင်း လိင်တူချင်းဆက်ဆံပါလို့ တိုက်တွန်းလို့ မရပါ။ ဆိုပါစို့ (ဂေး) ပေမဲ့ ဘာသာရေးကို အလွန်ကိုင်းရှိုင်းသူဖြစ်နေရင် သူများတွေထက် ပိုပြီး ရှောင်ကြဉ်ပါလိမ့်မယ်။ ဓမ္မဆရာ အဆင့် ရှိနေသူဟာ (ဂေး) ဖြစ်နေပေမဲ့ နီတိနဲ့ဆန့်ကျင်တယ်လို့ ယုံကြည်သူမို့ လုံးဝရှောင်တာအထိ ဖြစ်နိုင်တယ်။

(ဂေး) ဟောင်းများလှုပ်ရှားမှုနဲ့ ပြုပြင်ကုသပေးရေး အဖွဲ့အစည်းတွေမှာ အောင်မြင်တဲ့ဇာတ်လမ်းတွေ မရှိဘူးတော့ မဟုတ်ပါ။ ကုသပေးတဲ့ အဖွဲ့အစည်းတွေထဲကို ဝင်ဘို့၊ မဝင်ဘို့တော့ အတင်း မတိုက်တွန်းချင်ပါ။ (ဂေး) အရေအတွက်က နည်းပါးတယ်။ ဒါကြောင့် ကိုယ်လိုလူမျိုး ရှာရတာ ခက်တယ်။ အထီးကျန်စိတ်ဝင်လာမယ်။ အဆင်မသင့်သူတွေမှာ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း များလို့ ဖြစ်ပါတယ်။ လူတွေဟာ အစားအသောက် အကြိုက်ပြောင်းတတ်ကြသလို ဒီအရေးမှာလဲ ပြောင်းနိုင်ပါတယ်။ ဆိုပါစို့ ကောလိပ်ကျောင်းသူဘဝတုံးက (လက်ဘီယန်) လိုနေခဲ့တဲ့ မိန်းကလေး ကျောင်းပြီးတော့ ယောက်ျားလေးနဲ့ပဲ တွဲတော့တယ်။

Love in Action ဆိုတာကို ၁၉၇၃ ကစဖွဲ့ခဲ့တယ်။ နောက်ပိုင်း ထပ်ဖွဲ့လာကြတဲ့ (ဂေး) ဟောင်းများ အဖွဲ့တွေ ရှိလာပြီး၊ Exodus International ဆိုတာ အကြီးဆုံးဖြစ်လာတယ်။ လမ်းညွှန်ချက်ကတော့ လိင်တူအမူအကျင့်တွေကနေ ရှောင်ရှားရန်၊ လိင်တူစိတ် ဖြစ်ပေါ်လာမျိုး လျှော့နည်းစေရန်၊ ယောက်ျားပီသမှု၊ မိန်းမပီသမှုတွေကို အဖြောင့်အတိုင်း ခံယူစေရန်နဲ့ ကိုယ်နဲ့ လိင်အတူတူ ရှိသူတွေအပေါ်မှာ တလွဲယူဆတဲ့ ဆက်ဆံမှုပုံစံတွေကို ပြုပြင်ရန် ဆိုတာတွေ ဖြစ်တယ်။

နိုင်ငံတကာ ကုသမှုအဖွဲ့ကြီးက ပြောင်းပြစ်တာ ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ (ဂေး) ယောက်ျား ကျန်းမာရေးအသင်းကလဲ ဘဝတူချင်းကူညီမှုနဲ့ AIDS ရောဂါကအစ ကျန်းမာရေးကောင်းစေအာင် ကူညီနေပါတယ်။

အမေရိကား၊ ယူကေ နဲ့ ဥရောပမှာ HIV နဲ့ AIDS တွေဟာ အရွယ်ကောင်း (ဂေး) ယောက်ျားတွေမှာ ပိုဖြစ်ကြတယ်။ အမေရိကားမှာ လိင်တူဆက်ဆံမှု ပြုကြတဲ့ ယောက်ျားပေါင်း ၂၅၅ဝဝဝ လောက်မှာ HIV/AIDS ရှိတယ်။ ဒီရောဂါနဲ့ သေဆုံးရသူပေါင်း ၅၄ဝဝဝ ရှိနေပါပြီ။ ဒါက ၂ဝဝ၇ စာရင်းသာ ဖြစ်ပါသေးတယ်။ ၂ဝဝ၉ တုံးက (ယူကေ)မှာ HIV ရှိသူ ၄၅၉၄၇ ယောက်က ဒီအမျိုးအစားဖြစ်တယ်။ ၅၃% ဟာ အသက် ၃၅ နှစ်အောက်တွေ ဖြစ်တယ်။

တခြားတိုင်းပြည်တွေမှာ သူတို့ကိုယ်သူတို့ (ဂေး) လို့ မပြောဘဲ ဒီလိုဖြစ်နေကြတာ များတယ်။ ဥပမာ ဘရာဇီးလ် မှာ AIDS ရောဂါသည်တွေရဲ့ ၄ဝ% ဟာ ဒါဘဲ။ ဒီလို HIV & AIDS ကျန်းမာရေးအသိပညာ လူငယ်တွေကြားမှာ (ယူကေ) လို နိုင်ငံမျိုးမှာတောင် နည်းလာနေတယ်။ အဖြစ်များပြီး အသိနည်းလာတာဟာ ကြောက်စရာကောင်းလှတယ်။ လိင်ကတဆင့် ကူးစက်စေတဲ့ရောဂါတွေဟာ ၁၉၉ဝ နောက်ပိုင်း ၁ဝဝ% များလာတယ်။ ဒါလဲ စာရင်းဇယားထားတဲ့ (ယူကေ) မှာပါ။

ဘာတွေ လုပ်ပေးကြရမလဲ -
၁။ HIV & AIDS ကျန်းမာရေး အသိပညာပေးမှု ပိုလုပ်ဘို့၊
၂။ တတ်ကျွမ်း နားလည်မှုတွေရော အခွင့်အလမ်းတွေပါ တိုးပေးဘို့ နဲ့
၃။ ကျန်းမာရေးစောင်ရှောက်မှု နဲ့ (ကွန်ဒွမ်) လို အကာအကွယ်ပေးတာကို လက်လှမ်းမီစေအောင် ဆောင်ရွက်ပေးတာမျိုးတွေ လုပ်ကြဘို့ လိုပါတယ်။

ဆွဲဆောင်မှုဖြစ်ကြတယ်ဆိုတာ တလမ်းသွားမဟုတ်ပါ။ အပြန်အလှန်သဘော ပါရတယ်။ လူတိုင်းကို လိုက်ကြိုက်နေတာမျိုး မရှိနိုင်ပါ။ သိတဲ့အတိုင်းဘဲ မျိုးပွါးစေဘို့ တခုထဲအတွက် လိင်ဆက်ဆံမှု ပြုကြတာ မဟုတ်ပါ။ သာယာမှု ရှာချင်တဲ့စိတ်ကနေ စေ့ဆော်တယ်။ (ဂေး) တွေမှာလဲ အဲလိုဘဲ။ သာယာမှုနောက် လိုက်ချင်တယ်။

ဘာသာရေးကနေ မလိုလားအပ်တဲ့ စိတ်နဲ့ အပြုအမူတွေ နည်းပါးအောင်၊ ကင်းစင်အောင် သင်ပြပေးနိုင်တယ် ဆိုတာ မှန်တယ်။ ဗုဒ္ဓဘာသာရော တခြားဘာသာတွေမှာရော အများကြီး ရှိတယ်။ ဘာသာရေးတခုတည်းမဟုတ်ပါ။ လူကြီးသူမ အဆုံးအမ၊ မိတ်ဆွေကောင်းတွေရဲ့ အကူအညီ၊ ကျောင်းတွေကလဲ ကောင်းတဲ့ဘက်၊ ကောင်းတဲ့ဆီ ကူညီ ဖေးမပေးနိုင်ကြတာပါဘဲ။

ကာယကံရှင်ကနေ ဒီတောထဲက ထွက်ချင်နေပြီ ဆိုသူမျိုးဟာ ကောင်းလာနိုင်တဲ့ အခွင့်အလမ်း သိပ်များပါတယ်။ ပျောက်ချင်နည်းချင်ရင် ဖဲရိုက်တဲ့အကျင့်ကို ပျောက်ချင်သူဟာ ဖဲဝိုင်းရှိရာမသွားတာကစရသလို (ဂေး) ဖြစ်နေတာကို အားပေးသူတွေနဲ့ ကင်းကင်းရှင်းရှင်း နေသင့်တယ်။ (ဂေး) အခွင့်အရေးအသင်းဝင်တွေဟာ တသက်လုံး ဒီဘဝကိုသာ ကျေနပ်နေတော့နိုင်တယ်။ လိင်စိတ်ထကြွစေတာ မှန်သမျှရှောင်ရမယ်။ တခြားပတ်ဝန်းကျင်မှာ ကျင်လည်သင့်တယ်။ အားကစား၊ လူမှုရေး၊ စာပေ၊ အနုပညာ စတာတွေကနေ စိတ်ကိုအများကြီး ပြုပြင်နိုင်တယ်။ လူတွေဟာ မွေးကတည်းက ကွန်မြူနစ်အနေနဲ့ မွေးလာကြတာ မဟုတ်ပါ။ နောက်ပြီး ဘာလင်တံတိုင်းအရှေ့ဖက်ကနေ အနောက်ဖက် ရောက်တာနဲ့ ဘဝပါ ပြောင်းသွားကြပါတယ်။

Dr. တင့်ဆွေ

No comments:

Post a Comment