Wednesday, July 13, 2016

1G ကွန်ရက်ဆက်သွယ်မှုမှသည် 5G ကွန်ရက်ချိတ်ဆက်မှုဆီသို့



ယနေ့လိုခေတ်သစ်တစ်ခုကိုရောက်ရှိလာတဲ့အချိန်မှာဆက်သွယ်ရေးဟာ လူသားတွေအတွက်အသုံးဝင်တဲ့ နည်းပညာရပ်တစ်ခုဖြစ်လာပါတယ်။လူသား တွေကိုဆက်သွယ်ရေးနဲ့ပတ်သက်လို့ဆန်းသစ်တဲ့ ခေတ်တစ်ခု ကို ထူထောင် ပေးနိုင်ခဲ့တဲ့အပြင်မိုဘိုင်းတစ်ခေတ်ကိုလည်း ပြောင်းလဲစေခဲ့ပါတယ်။

အီတလီလူမျိုးတီထွင်သူမာကိုနီရဲ့ကြိုးမဲ့ကြေးနန်းစနစ်ပေါ်ထွက်လာအပြီးမှာ တော့ဆက်သွယ်ရေးဟာ ကြီးမားစွာ ပြောင်းလဲလာခဲ့ပါပြီ၊ ၁၉၈၀ပြည့်နှစ် အလွန်မှာတော့ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေးရဲ့ပထမဆုံး အောင်မြင်မှု ဖြစ်တဲ့1Gစနစ်စတင်ပေါ်ထွက်လာခဲ့ပါတော့တယ်။လိုအပ်ချက်တွေနဲ့ထွက်ပေါ်လာခဲ့တာဖြစ်ပြီး၊အားလုံးရဲ့အစလို့လည်း ခေါ်ဆိုနိုင်ပါတယ်။၁၉၈၁ခုနှစ် မှာ တော့ဥရောပနိုင်ငံတွေမှာအတော်လေးပျံ့နှံ့နေပါပြီ။First Generation 1G မျိုးဆက်ဟာanalog telecommunication အမျိုးအစားပါ။ နောက်ပိုင်းမှာ2G
(ခေါ်) digital telecommunication က1G အစားဝင်ရောက်လာပါတယ်။1G အမျိုးအစားမှာanalog signal သက်သက်ကိုပဲကြိမ်နှုန်းမြှင့်ပြီးလွှင့်ပါတယ်။ ဖမ်းပါတယ်။2Gမျိုးဆက်မှာတော့analog signal ကိုdigital signal အဖြစ် encode လုပ်ပြီး ပြောင်းလဲအသုံးပြုပါတယ်။1G network (NMT.CNets, AMPS, TACS) ဟာပထမဆုံးAnalog Cellular System ပါ။1G ခေါ်First Generation မတိုင်ခင်ကတည်းကration telephone system တွေကရှိနှင့်ပြီး သားပါ။1Gကတော့အခြေခံအားဖြင့်150MHz ပါ။ 1G မိုဘိုင်းဖုန်းတွေဟာ အစောပိုင်းထွက်ပေါ်ထဲကပြီးပြည့်စုံတယ်လို့မဆိုနိုင်ခဲ့ပါဘူး။

အဲဒါဟာဘာကြောင့်လဲဆိုရင်မိုဘိုင်းဖုန်းတွေဟာပတ်ဝန်းကျင်ကထုတ်လွှတ်တဲ့အသံလှိုင်းအနှောင့်အယှက်တွေကိုမခံနိုင်လို့ပါပဲ။ပတ်ဝန်းကျင်လှိုင်းတွေရဲ့ ရိုက်ခတ်မှုကလည်းအမျိုးမျိုးပါပဲ။တစ်ခါတစ်ရံလျှပ်စစ်ဓာတ်အားလိုင်းတွေနားနဲ့လျှပ်စစ်မော်တာတွေဆီကနေထုတ်လွှတ်လိုက်တဲ့လှိုင်းတွေကြောင့်ပါပဲ။ပိုမိုဆိုးရွားတာကတော့တစ်ဦးနဲ့တစ်ဦးပြောတာကိုကြားဖြတ်နားထောင်လို့ရတဲ့ အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်လည်း1Gမျိုးဆက်ဟာ စောစီးစွာ ပျောက်ကွယ်သွားခဲ့ရတာပါ။2G ခေါ်Second Generation မှာတော့ (GSM, CDMA one, DAMPS) စသည့်digital cellular system တွေကတော့၁၉၉၀ ပြည့်နှစ်လွန်မှာစတင်ပါတယ်။2Gနည်းပညာမှာTDMA based နှင့်CDMA based ဆိုပြီးနှစ်ပိုင်းရှိပါတယ်။TDMA based မှာဆိုရင်GSM ဥရောပ၊PDC ဂျပန်၊iDEN အမေရိကန်၊ကနေဒါနဲ့D-AMPS စသည်တို့ဖြစ်ပါတယ်။CDMA-based ကတော့IS-95 ခေါ်CDMA one ဖြစ်ပြီးUS နှင့်အာရှတိုက်အချို့အစိတ် အပိုင်းတွေမှာသုံးပါတယ်။Code division multiple access CDMA နှင့်Time division multiple access TDMA နည်းပညာနှစ်မျိုးမှာအားနည်းချက်၊ အားသာချက်ကိုယ်စီရှိပါတယ်။2G မှာစတင်ပြီးSMS Text Messages ပို့လို့ ရတဲ့Data service အသုံးပြုလို့ရပါပြီ။2.5Gခေါ် (GPRS, CDMA 20001×) ကတော့2G network ကိုအဆင့်မြှင့်တင်ထားတာဖြစ်ပြီးdata rate 144kbite/s ရပါတယ်။တစ်နည်းအားဖြင့်ပြောရင်cellular service နဲ့GPRS စနစ်ပေါင်းစည်း ပြီး2.5G ဖြစ်လာတာပါ။2.5G မှာWireless application protocol (WAP), Multimedia Messaging Service (MMS) စသည့်အင်တာနက်ဆက်သွယ်ရေး ဆိုင်ရာProtocols တွေရပါပြီ။Enhanced GPRS (GPRS) ခေါ်EDGE (Enhanced Data rates for GSM Evolution) ကတော့2.75G ပါ။GDGE ခေါ်2.75 Gမှာpacket Switch application အားလုံးရပါပြီ။packet switch ဆိုတာအလွယ်တကူ ပြောရရင်Dataကိုအထုပ်လေးတွေထုပ်ပြီး အစီအစဉ် အတိုင်းပို့တာ/လက်ခံတာဖြစ်ပါတယ်။

3G Network ကတော့3rd Generation ပါ။International Mobile Tele communication 2000 (IMT-2000) လို့လည်းခေါ်ပါတယ်။၎င်းမှာပါဝင်သော နောက်ဆုံးပေါ်ဆက်သွယ်ရေးနည်းပညာတွေကတော့GSM EDGE, UMTS, CDMA 200 1× EVDD, CDMA 200 3× TD - SCDMA, WCDMA, IMT-2000 DECT နှင့်WMAX စသည်တို့ဖြစ်ပါတယ်။3G Network ဟာspeech နှင့်data ကိုတစ်ပြိုင်နက်မြန်နှုန်းမြင့်လွှင့်နိုင်/လက်ခံနိုင်ပါတယ်။Third Generation ခေါ်International Mobile Tele communication 2000 (IMT-2000) ၏Standard တွေကတော့EDGE (UWT-136) ဂျပန်နှင့် တောင်ကိုရီးယားမှလွဲ၍ကမ္ဘာတစ်ဝန်းအသုံးပြုပါတယ်။2.0 CDMA 2000 အမေရိကားနှင့်အာရှမှာအသုံးများပါတယ်။3.UMTS-WCDMA, UMTS TD-CDMA UMTS TD-SCDMAဥရောပ၊တရုတ်နဲ့ကမ္ဘာတစ်ဝန်းမှာသုံးပါတယ်။ 4.DECT ဥရောပနဲ့အမေရိကားမှာသုံးပါတယ်။5. WiMZX (IEEE 802.16)ကမ္ဘာတစ်ဝန်းမှာသုံးပါတယ်။3G network ဟာ2G network ထက်ပိုပြီး Security ကောင်းပါတယ်။3Gဟာကျယ်ပြန့်တဲ့bard-width နဲ့ မြန်ဆန်တဲ့ dataကူးပြောင်းနှုန်းကိုရပါတယ်။3Gရဲ့အသုံးချapplication တွေကတော့ mobile ဖုန်းမှာတီဗီကြည့်ရှုနိုင်ပါတယ်။Video Conferencing လည်းရပါ တယ်။Tele medicine လို့ခေါ်တဲ့အဝေးမှာရှိတဲ့လူနာကိုဆရာဝန်က ညွှန်ကြား ဆေးကုသနိုင်ပါတယ်။ရာသီဥတုဆိုင်ရာသတိပေးအချက်ပြမှု၊ယာဉ်ကြော ပိတ်ဆို့မှုဆိုင်ရာအချက်ပြမှုစသည်တို့ကိုအချိန်နှင့်တစ်ပြေးညီဖမ်းယူသိရှိနိုင် ပါတယ်။ဗီဒီယို၊ရုပ်ရှင်စသည်တို့ကိုလည်းOnline ကြည့်ရှုနိုင်ပါတယ်။3G Network ရဲ့အားသာချက်တွေကData Transfer rate မြန်ဆန်မှုနဲ့Security ကောင်းမွန်မှုပါ။

4G (Fourth Generation) ခေါ်Geyond 3G network ကတော့UltraBandwith ပါ။4Gအနေနဲ့Mobile အတွက်100 Mbit/S နဲ့Local Wireless access အတွက် 1Gbit/S ထောက်ပံ့နိုင်ပါတယ်။4G မှာIP telephony, Ultra-broadband Internet Access နဲ့HDTV multimedia တွေကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Mobile Wi MAX (iEEE 802 16e-2005) ကိုလည်း ထောက်ပံ့ပေးနိုင်မှာဖြစ်ပါ တယ်။ နောက်ထပ်နည်းပညာသစ်ကတော့ပိုမိုလျင်မြန်တဲ့အရှိန်အဟုန်နဲ့4G LTE ပါပဲ။5G air interface နည်းပညာအားOrthogonal Frequency Division Multiplexing (F-OFDM), Sparse Code Multiple Access (SCMA), 5G လိုအပ်ချက်နှင့်performance target တို့ကို ဖြည့်ဆည်းပေးသည့်Polar code ကဲ့သို့သောနည်းပညာလုပ်ငန်းသုံးခုတွင်အကောင်အထည်ဖော်နေပြီဖြစ်သည်။F-OFDM နည်းပညာသည်single radio နည်းပညာနှင့် အတူITU-R က ပြုလုပ် သော5G use-case scenarios အားလုံးနှင့်အဆင်ပြေစေမည့်ultra-flexible air interface ဖန်တီးရေးကိုအခြေခံထားသည်။၎င်းသည် မြောက်မြားစွာသော Radio numerologies နှင့်ကွဲပြားခြားနားသောဝန်ဆောင်မှုများ ပေးဝေနိုင်ရန် frame structure လည်းအသုံးပြုနိုင်သည်။F-OFDM သည်5Gစနစ်တီထွင် ဆန်းသစ်မှုများ ပေါ်ထွက်လာရေးအနာဂတ်အာမခံချက်ပေးနိုင်သည်။ အဆိုပါစမ်းသပ်မှုရလဒ်တွင်F-OFDM သည်LTE စနစ်guard band အသုံးပြု မှုကို၁၀ရာခိုင်နှုန်းတိုးမြှင့်နိုင်သည်။ထို့အပြင်F-OFDMသည်မတူညီသော အသုံးပြုသူများထံမှasynchronous transmission များကိုလည်း ထောက်ပံ့ ပေးသည်။စမ်းသပ်မှုရလဒ်များက၎င်းသည်radio numerologies များနှင့် အတူတူညီသောcarrier frequency ပါဝင်သည့်LTE စနစ်နှင့်နှိုင်းယှဉ်လျှင် system throughput ၁၀၀ရာခိုင်နှုန်း ထောက်ပံ့ပေးမည်ဖြစ်သည်။
SCMA သည်များပြားသောချိတ်ဆက်မှုများ ပြုလုပ်ပေးမည်ဖြစ်ပြီးSCMA codebook ဒီဇိုင်းနှင့်multi-dimensional အသံညှိစနစ်တို့ပါသောပူးတွဲစနစ် တို့မှတစ်ဆင့်system throughput အမြင့်ဆုံးအထိရရှိစေမည်ဖြစ်သည်။

၎င်းသည် နောက်ထပ်မတူညီသောSCMA layers များအထူးသဖြင့်system throughput တစ်ခုလုံးကိုတိုးတက်စေရန်downlink တို့ကြားတွင်စွမ်းအင် ခွဲဝေခြင်းများ ပြုလုပ်နိုင်ရန်လည်းထည့်သွင်းစဉ်းစားနေသည်။F-OFDM, SCMA နှင့်massive MIMO အမည်ရ5G air interface နည်းပညာတီထွင်မှုများ စွာတို့၏သင့်လျော်သည့်စနစ်ပေါင်းစည်းမှုကို5Gနည်းပညာစမ်းသပ်မှုပထမ ခြေလှမ်းတွင်အတည်ပြုခဲ့ပြီးဖြစ်သည်။အသုံးပြုသူများသောMIMO(MU-MIMI)သည်အသုံးပြုသူ (၂၄)ဦးမှ24 parallel layers transmission အထိကိုထောက်ပံ့ ပေးနိုင်သည်။စမ်းသပ်မှုရလဒ်တွင်MU-MIMO သည်100MHZ system bandwidth အသုံးပြုကာ3.6Gbps cell average Throughput ရရှိနိုင်သည်။ ထိုစမ်းသပ်မှုသည် ရေဒီယိုနည်းပညာသစ်များ၏အကောင်းဆုံးသော သက်သေ များဖြစ်ပြီး5G air-interface နည်းပညာကိုလည်းအသုံးပြုနိုင်မည် ဖြစ်သည်။အဆိုပါစမ်းသပ်မှုသည်ဆက်လက်လုပ်ဆောင်နေသော3GPP စံချိန်မီလုပ်ငန်းများကိုအထောက်အပံ့ပေးရန်technical rerisk အဖြစ်လည်း ဆောင်ရွက်ပေးသည်။နှစ်ဆယ့်တစ်ရာစုအစအလျင်အမြန် ပြောင်းလဲတိုးတက် နေတဲ့ကျွန်ုပ်တို့ကမ္ဘာကြီးမှာNGN (Next Generation Networking) ကို ပြောင်းလဲအသုံးပြုတော့မှာဖြစ်ပါတယ်။NGN မှာဆိုရင်အားလုံးသော ဆက်သွယ်ရေးဆိုင်ရာသတင်းအချက်အလက်၊တယ်လီဖုန်းအပါအ၀င်video phone, internet စတာတွေကိုIP အခြေခံပြီးPackets transport အနေနဲ့ အသုံးပြုတော့မှာဖြစ်ပါတယ်။တစ်နည်းအားဖြင့်အသုံးပြုသူတွေအနေနဲ့mobile အခြေအနေမှာအားလုံးသောဆက်သွယ်ရေးService တွေကိုInternet protocol အခြေခံဖြင့်ထိရောက်မြန်ဆန်စွာရရှိအသုံးပြုနိုင်မှာဖြစ်ပါတယ်။

ယနေ့ခေတ်လို့အချိန်မှာတော့လူသားတွေဟာဆက်သွယ်ရေးနည်းပညာရဲ့ ကောင်းကျိုးတွေကိုအပြည့်အ၀ခံစားနေရပြီဖြစ်ပါတယ်။ကမ္ဘာ့ပထမနိုင်ငံတွေ မှာတိုးတက်ပြောင်းလဲလာခဲ့တဲ့မိုဘိုင်းဆက်သွယ်ရေးစနစ်ဟာတတိယနိုင်ငံ တွေမှာပါလိုက်လံပြောင်းလဲလာခဲ့ပါပြီ။ဒါဟာဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာပဲ ရှိပါသေးတယ်။ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်းမိုဘိုင်းဖုန်းတွေကိုစီမံကိန်းတွေ ချမှတ်ပြီးအကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ယနေ့ အချိန်မှာ5Gအဆင့်ထိ ရောက်နေပြီဖြစ်တဲ့မိုဘိုင်းဆက်သွယ်ရေးဟာ ဘယ် အဆင့်ထိထပ်မံရောက်ရှိဦးမယ်ဆိုတာကိုမဝေးလှတဲ့အနာဂတ်မှာတွေ့မြင်ရ ပါတော့မယ်။လူသားတွေဟာရာစုသစ်များစွာကို ဖြတ်ကျော်ဦးမှာပါ။ ဒါကြောင့် တိုးတက်လာမယ့်ရာစုသစ်တွေနည်းတူဆက်သွယ်ရေးကွန်ရက်တွေကလည်း မြင့်သထက်မြင့်တက်လာမှာပါ။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Sunday, July 10, 2016

ပခန်းကြီးနှင့် ပခန်းငယ်

ပခန်းကြီးနှင့် ပခန်းငယ်
=================

မောင်သာ(ရှေးဟောင်းသုတေသန)
ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူများ အများဆုံးနေထိုင် သည့် မြန်မာ နိုင်ငံတွင် စေတီ၊ ပုထိုး၊ ကျောင်းကန်၊ သိမ်၊ ဇရပ်များအပါအဝင် ဘာသာရေး ဆိုင်ရာ အဆောက်အအုံများစွာကို နိုင်ငံနေရာအနှံ့ တွင် တွေ့မြင်ကြရပေသည်။
ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် မြန်မာတစ်နိုင်ငံ လုံးရှိ ရှေးဟောင်း စေတီပုထိုးများအားလုံးကို မှတ်တမ်းပြု မထားနိုင်သေးသော်လည်း ရှေးဟောင်း နေရာဒေသများတွင် တည်ရှိနေသည့် သမိုင်းဝင်အဆောက်အအုံများကို အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ် ကွင်းဆက်စာရင်းကောက်ယူလျက်ရှိသည်။
ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများသည် သက်တမ်းကြာရှည် လာသည် နှင့်အမျှ ရာသီဥတုဒဏ်နှင့် လူတို့၏ပယောဂများအပါအဝင် အကြောင်းအမျိုးမျိုး ကြောင့် ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်နိုင်သဖြင့် မှတ်တမ်းပြုစုကာ ရှေးမူမပျက် ထိန်းသိမ်းထားနိုင်ရန် ဆောင်ရွက်ကြရသည်။ ယင်းတို့အနက် ပခန်းကြီးနှင့် ပခန်း ငယ်ဒေသများမှ ရှေးဟောင်း အဆောက်အအုံများလည်း အပါအဝင် ဖြစ်ပေသည်။
ပခန်းကြီး ပခန်းကြီးသည် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် တွင် တည်ရှိပြီး ရေစကြို မှ ၁ဝ မိုင်၊ ပခုက္ကူမှ ၁၇ မိုင် ကွာဝေးသည်။ ပခန်းကြီး၏ မြေပုံအညွှန်းသည် မြောက်လတ္တီတွဒ်၂၁ ဒီဂရီ ၃၂ မိနစ် ၃ဝ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၂ မိနစ် ၁ဝ စက္ကန့် အကြား ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၅ဝ မြင့်သည့် ပခန်းကြီးမြို့ဟောင်း၏အရှေ့ဘက်သုံးမိုင်တွင် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံရှိပြီး အနောက်ဘက်ခြောက်မိုင်အကွာတွင် ရှင်မတောင်တန်း ရှိသည်။ ပခန်းကြီးသည် ချင်းတွင်းမြစ်၏အနောက်ဘက် တစ်မိုင်အကွာ ကုန်းတွင်းပိုင်းတွင် တည်ရှိသည်။ ချင်းတွင်းမြစ်ကမ်းပေါ်တွင် ပခန်းကြီး၏ ရေလမ်းထွက်ပေါက်ဖြစ်သည့် ဆိပ်ကမ်း ရွာဟုခေါ်နိုင်သော ပခန်းငယ်ရွာရှိပြီး ပခန်းငယ်သည် စလေအနီးတွင် တစ်ခုရှိသဖြင့် မကြာခဏ မှားယွင်းမိကြသည်။
ပခန်းကြီးသည် ယခုအချိန်တွင် အိမ်ခြေ ၆၇၇ အိမ်နှင့် လူဦးရေ ၃၇ဝဝ ကျော်နေ ထိုင်နေသည့် ရွာငယ်တစ်ခုသာ ဖြစ်သော်လည်း ပုဂံခေတ်တွင် ပုဂံနှင့်ခေတ်ပြိုင် တိုးတက်ထွန်းကားခဲ့ပြီး ကုန်းဘောင်ခေတ်တွင် ရတနာပုံပြီးလျှင် အဖွံ့ဖြိုးဆုံးဒေသ ဖြစ်ခဲ့သည်။
ပခန်းကြီးကျေးရွာအုပ်စုအတွင်း နဂါးတွင်း၊ မြောက်ပြင်၊ သက်ရွာ၊ ပြည်သာ ယာ၊ တောင်မင်းကျောင်းနှင့် ရွာသာတို့ ပါဝင်ပြီး ဒေသနေပြည်သူများ သည် တောင်သူ လုပ်ငန်းဖြင့် အသက်မွေးကြသည်။ ပခန်းကြီးကို ကုခန်းကြီး၊ ကူးသန်းကြီး၊ ပုခန်းကြီး၊ ပခန်းကြီးဟု ခေါ်ဆိုခဲ့ကြသည်။
ကျုံးနှင့်မြို့ရိုးများရှိသော ပခန်းကြီးသည် မြန်မာဘုရင်များလက်ထက်က ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းတွင် အကြီးဆုံးမြို့ ဖြစ်ခဲ့သည်။ မြန်မာ ရှင်ဘုရင်များလက်ထက်တွင် ပခန်းကြီးသည် စည်ကားသာယာခဲ့ သော မြို့တစ်မြို့ဖြစ်ခဲ့ကာ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးကျောင်းကန်များရှိသည့် နေရာတစ်ခုလည်းဖြစ်ပေသည်။
ရေစကြိုမြို့အထက်ပိုင်း နနွင်းကိုင်းအခွဲမှ မြေငယ်အထိ ဆက်သွယ်ထားသော တူးမြောင်းရှိသဖြင့် ပခန်းကြီးကို မြောင်းတူးဟု ခေါ်ဆိုခဲ့သည်။ ပုဂံခေတ် အနော် ရထာမင်းကြီးလက်ထက်တွင် စစ်သည် ၄ဝဝ စုစည်းပေးရသည့် မြို့ဖြစ်သောကြောင့် လေးရာပြုမြို့ဟုလည်း အမည်တွင်ခဲ့သည်။ ထို့ကြောင့် စာဆိုရှင်စ္တိကျော်သူဦးသြက သူ၏ “'ကဝိလက္ခဏ သတ်ပုံကျမ်း' တွင် 'လေးရာပြုဆန်း၊ မြို့ကူးခန်း၊ ပခန်းခေါ် တထွေ' ဟု ရေးဖွဲ့ခဲ့ သည်။ မြန်မာဘုရင်များလက်ထက်တွင် ယခုခေတ်ကဲ့သို့ အမြဲ ဖွဲ့စည်းထားသော လက်နက်ကိုင်တပ်မတော်တစ်ရပ်မရှိဘဲ စစ်တိုက်ရန် လိုအပ်လာချိန်များတွင် မြန်မာနိုင်ငံအနှံ့မှ စစ်သည်များကို စုဆောင်းကာ တပ်ထူထောင်လေ့ရှိခဲ့ သည်။
မြို့အရွယ်အစားနှင့် လူဦးရေအနည်းအများပေါ် မူတည်လျက် စစ်သည် အင်အားကို အရေအတွက် ရာဂဏန်းမှ သိန်းဂဏန်းအထိ စုဆောင်းပေးကြရသဖြင့် ရှေးခေတ် မြန်မာမြို့များသည် သိန်းပြုမြို့၊ သောင်းပြုမြို့၊ ထောင်ပြုမြို့၊ ရာပြုမြို့များဟု အမည်များတွင်ခဲ့သည်။
သက္ကရာဇ် ၄၃ဝ ပြည့်နှစ်တွင် ရေးထိုးခဲ့သည်ဟုဆိုသည့် ဂဝံကျောင်းကျောက်စာကို ပခန်းနှင့်ပတ်သက်သည့် အစောဆုံးကျောက်စာဖြစ်နိုင်ကြောင်းသမိုင်းပညာရှင် ဆရာကြီးဒေါက်တာတိုးလှက မှန်းဆခဲ့သည်။ ပုဂံသည် ပျူဂါမမှ ပျူဂံ၊ ပုဂံဖြစ်လာ ကြောင်းဆိုလျှင် ပုခန်းသည် ပျူခန်းမှ ဖြစ်လာနိုင်စရာမရှိပြီလောဟု ဆရာကြီးက သုံးသပ်ခဲ့ပြီး ပျူလူမျိုးများသည် ဤအရပ် တွင် နောက်ဆုံးနေခဲ့ကြပြီး ရှိနှင့်ပြီးသော မြန်မာများနှင့် သွေးနှော ထားကာ ကုန်ခန်းသွားခြင်းကြောင့်ဟု ယူဆနိုင်ပြီး ပျူခန်းမှ ပုခန်းဖြစ်လာသည်ဟု အဓိပ္ပာယ်ကောက်ယူနိုင်ကြောင်း ရေးသားခဲ့သည်။
စည်သူမင်းသည် ပခန်းသူကြီးအုပ်ချုပ်ရန် နယ်မြေသတ်မှတ်ပေးရာတွင် ပခန်း ကြီးနယ်ကို အရှေ့ဘက်နှင့် တောင်ဘက်တွင် ဧရာဝတီမြစ်၊ အနောက်ဘက် တွင် ရိုးမ တောင်ခြေအထိနှင့် မြောက်ဘက်တွင် ယမားချောင်း အထိဖြစ်ကြောင်း မင်းနေမျိုး ရဲထင်နော်ရထာ၏ ပခန်းကြီးစည်သူရှင် ဘုရားသမိုင်း ပေမူတွင် ရေးသားထားကာ ရွာကြီးရွာငယ်ပေါင်း ၂၉၉ ရွာရှိခဲ့သည်ဟု ဆိုသည်။ မဇ္ဈိမဒေသမှလာသော သီရိကြိ ဘဝနာ နရုဒ္ဓမဟာဓမ္မရာဇာဓိပတိဘွဲ့မည်ခံသော ဓနုသီဟမင်းသည် ချင်းတွင်းမြစ်၏ အနောက်ဘက်၊ တောင်မကြီးအရှေ့ဘက်တွင် မြို့ရံ ၅ဝ ရှိသော မဟာနာဂရမြို့ကြီးကို သာသနာသက္ကရာဇ် ၃၆ ခုနှစ် နတ်တော်လပြည့်ကျော် ၄ ရက်တွင် တည်ခဲ့ပြီး မင်းဆက်ခုနစ်ဆက် စိုးစံခဲ့သည်ဟု အဆိုရှိသည်။
ပခန်းကြီးကို အကြိမ်ကြိမ်တည်ခဲ့ကြရာ ပထမဆုံးပခန်းမြို့ကို ပုဂံသိန်းခိုမင်း လက်ထက် မြောက်နန်းမိဘုရား၏ သားတော်များဖြစ်သော စည်သူနှင့် ကျော်စွာတို့က ကောဇာသက္ကရာဇ် ၉၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ပခန်းကြီးမြို့ဟောင်းနေရာတွင် ကူဖြူဘုရား၊ ကုနီဘုရားနှင့် မြို့သုံးဌာနကို တစ်ပြိုင်တည်း တည်ခဲ့သည်။ မင်းစည်သူ နှင့် မင်းကျော်စွာတို့သည် ပခန်းကြီးကို ဒုတိယအကြိမ် ထပ်မံတည်ထားခဲ့ကာ ပခန်း ကြီးမြို့ ရေကျုံးအတွင်းသို့ ချင်းတွင်းမြစ်ရေကိုသွင်းယူရန် နနွင်းကိုင်းမှ တူးမြောင်း ဖောက်ခဲ့သည်။ ထိုသို့ တူးမြောင်းဖောက်လုပ်ရာတွင် ညီဖြစ်သူမင်းကျော်စွာသည် အရက်သေစာသောက်စား ပျော်ပါးနေကာ တာဝန်မကျေပွန်ခဲ့သဖြင့် နောင်တော် မင်းစည်သူက ညီတော်ကို ကွပ်မျက်ခဲ့သည်။ ကျော်စွာသည် နတ်ယုံကြည်ကြသူများ အကြား ပခန်းကိုကြီးကျော်အဖြစ် ထင်ရှားခဲ့သည်။
ပခန်းကြီးကို ပင်းယတစ်စီးရှင်သီဟသူက မြို့တာဝန်း ၅ဝဝ ရှိသော မြို့ကြီးအဖြစ် တတိယအကြိမ်တည်ထောင်စေခဲ့ရာ လက်မည်းအမတ်က ဦးဆောင်၍ သက္ကရာဇ် ၆၆၇ ခုနှစ် တပေါင်းလဆန်း ၇ ရက်တွင် စတင်တာဝန်ယူရွက်ဆောင်ခဲ့သည်။ မြို့တည် ခုနှစ်ကို 'သုသုတန်း၊ ပခန်းတည်' ဟု အမှတ်အသားပြုခဲ့ကြသည်။ စတုတ္ထပခန်း ကြီးကို သက္ကရာဇ် ၇၄၂ ခုနှစ်တွင် အင်းဝဘုရင် မင်းကြီးစွာစော်ကဲသည် ခံတပ်မြို့ တစ်မြို့အဖြစ် အမတ်စောမည်ကို စေလွှတ်တည်ထောင်စေပြီး စောမည်ကို မြို့စား အရာပေးခဲ့သည်။ ညောင်ရမ်းမင်းဆက်တွင် မဟာဓမ္မရာဇာဓိပတိဘွဲ့ခံ ဟံသာဝတီပါ မင်းသည် ပခန်းကြီး၏ ခံတပ်အုတ်ရိုးများ ထပ်မံပြုပြင်ခဲ့သည်။ ပခန်းမြို့ဟောင်းမြို့ ရိုးသည် မြန်မာနိုင်ငံ ရှေးဟောင်းမြို့ရိုးများတွင် အကြီးဆုံးဖြစ်ကြောင်း သင်ယူခဲ့ရဖူးပါသည်။
ပခန်းကြီးသည် ပုဂံခေတ်မှစ၍ ပင်းယ၊ အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင်မင်းဆက် များအထိ မြို့စားနယ်စားများ အုပ်ချုပ်ခဲ့ပြီး ခံတပ်မြို့တစ်ခုအဖြစ်လည်း ရပ်တည် ခဲ့သည်။ ထို့ကြောင့်လည်း မြို့စားနယ်စားများနှင့် ဘုရင်များတည်ထားခဲ့သည့် စေတီ ပုထိုးများ၊ သစ်သားဘုန်းတော်ကြီးကျောင်းများ၊ မြို့ရိုးဟောင်းများကို ယနေ့တိုင် တွေ့မြင်နိုင်ကြပေသည်။
ပခန်းကြီးဒေသရှိ ရှေးဟောင်းအဆောက်အအုံများကို ရှေးမူမပျက် ထိန်းသိမ်းနိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနက စာရင်းကောက်ယူထားရာ အဆောက်အအုံပေါင်း ၃၂၂ ခုရှိသည်။ ယင်း တို့အနက် ကျွန်းတိုင်လုံး ၂၅၄ လုံးအသုံးပြုကာ တည်ဆောက်ထားသည့် ရတနာပုံ ခေတ်လက်ရာ ပခန်းကျောင်းတော်ကြီးသည် အလွန်ထင်ရှားလှေ ပသည်။
ထို့အတူပင် ပုဂံမင်းဆက်မှ အလောင်းစည်သူမင်း(စည်သူ ၁၊ ခရစ်နှစ် ၁၁၁၃-၁၁၉၇)သည် ပခန်းတွင် သရက္ခန်သားဖြင့်ပြုလုပ်ထားသော စည်သူရှင်ဘုရားကို တည်ထားခဲ့ရာ သရက္ခန်ရုပ်ပွားများသည် ပြည်တွင်း ခရီးသွားများအကြား အလွန် ထင်ရှားသည်။ ပခန်းကြီး တွင် ရှေးဟောင်းသုတေသနပြတိုက် ဖွင့်လှစ်ပြသ ထားပြီး ကျောက်စာ၊ ပေစာဟောင်းများ၊ ဒင်္ဂါးများ၊ မြေအိုးမြေခွက်များ၊ ဆင်းတုတော် ရုပ်ပွားများ၊ မင်းတုန်းမင်းလက်ထက် တံကဲတော်များနှင့် ရှေးခေတ်စစ်သည်တော်သုံး လှံ၊ ဓား၊မောက်တို၊ မောက်ရှည်များကို ပြသထားသည်။
ပခန်းငယ် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင် ပခန်းကြီး၊ ပခန်းငယ်ရှိသကဲ့သို့ စလေ တွင်လည်း ပခန်းငယ်ရှိသည်။ ရေစကြိုမြို့နယ် ပခန်းကြီးအနီးမှ ပခန်းငယ်သည် ဆိပ်ကမ်းရွာငယ်တစ်ခု သာဖြစ်ပြီး ချောက်မြို့အနီးရှိ စလေမြို့သည် ကုန်းဘောင် ခေတ်စာဆို စလေဦးပုည၏ ဇာတိမြေအဖြစ် ထင်ရှားသကဲ့သို့ ကုန်းဘောင်ခေတ်နှင့် ရတနာပုံခေတ်လက်ရာ စေတီပုထိုးများ အများဆုံးရှိနေသည့် ဒေသ အဖြစ်လည်း ကျော်ကြားသည့် ရှေးဟောင်းနယ်မြေတစ်ခုဖြစ်သည်။
ပခန်းငယ်သည် ရွာ ၁၂ ရွာ စုစည်းထားသော ကျေးရွာအုပ်စုတစ်ခုဖြစ်ပြီး အိမ်ခြေ ၂ဝဝ ကျော်ရှိကာ လူဦးရေ ၁ဝဝဝ ဝန်းကျင် နေထိုင်လျက်ရှိသည်။
ပခန်းငယ်သည် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်အတွင်း ဧရာဝတီမြစ်၏အရှေ့ဘက်ကမ်း စလေနှင့် ကျောက်ရဲအကြားတွင် တည်ရှိသည်။ ပခန်းငယ်၏ မြေပုံ အညွှန်းသည် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၄၃ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၄ မိနစ်အကြားဖြစ်သည်။ ပခန်းငယ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၏ စာရင်းများအရ မြေတိုက်စေတီ ၂၄ ဆူနှင့် လိုဏ်ပါစေတီ ၁၁ ဆူအပါအဝင် စေတီ ၃၅ ဆူနှင့် ဘုရား ၃၈ ဆူရှိသည်။ ယင်းတို့အပြင် သိမ်နှစ်လုံး၊ ပိဋကတ်တိုက်သုံးခု၊ ခြေတော်ရာနှစ်ဆူနှင့် ဥမင်တစ်ခုလည်းရှိသဖြင့် စုစုပေါင်း ရှေးဟောင်းအဆောက်အအုံ ၈၁ ခုရှိသည်။
ပခန်းငယ်သည် ပုဂံနှင့်အပြိုင် ကုန်းဘောင်ခေတ်နှောင်းပိုင်း ရတနာပုံခေတ်မှ ကိုလိုနီခေတ်တိုင် စည်ကားဖွံ့ဖြိုးခဲ့ကာ မြို့စားနယ်စားများအုပ်ချုပ်ခဲ့သည့် မြို့ငယ် တစ်ခုဖြစ်ခဲ့သည်။
စလေပခန်းငယ်သည်လည်း ရေစကြိုပခန်းငယ်ကဲ့သို့ပင် ဆိပ်ကမ်း မြို့တစ်မြို့ဖြစ်ပြီး ကုန်းတွင်းပိုင်းဒေသမှ ထွက်ကုန်များကို ပခန်းငယ်မှတစ်ဆင့် ဧရာဝတီမြစ်ရိုးတစ်လျှောက် ရောင်းဝယ်ဖောက်ကားခဲ့သည်။
ပုဂံခေတ် အနော်ရထာမင်းလက်ထက်တွင် အရည်းကြီး များနှင့် နောက်လိုက် နောက်ပါများသည် ပခန်းငယ်သို့ ပြောင်းရွှေ့လာကာ ပုဂံငယ်ဟု တည်ထောင်နေထိုင် ခဲ့သည်ဟုလည်း ဆိုကြသည်။ စလေပခန်းငယ်ကားလမ်းမှ ပခန်းငယ်သို့အဝင်လမ်း၏ လက်ဝဲဘက်တွင် အရှေ့တောင်မှ အနောက်မြောက်ယွန်းယွန်းသို့ တန်းနေသည့် စေတီ သုံးဆူရှိရာ မြောက်ဘက်ဆုံးတွင် နာမ်တော်ပေါ်စေတီ၊ အလယ်တွင် ပုဂံမျှော် ဘုရားနှင့် တောင်ဘက်တွင် ရှင်ပင်ကာဆီးဘုရားရှိသည်။
ပါးစပ်ရာဇဝင်များအရ အရည်းကြီးများသည် ပုဂံကို လွမ်းဆွတ်တသကြသဖြင့် ပုဂံမျှော်ဘုရားကို တည်ခဲ့ကြရာ ပုဂံမြို့ရှိရာ မြောက်ဘက်အရပ်သို့ အာရုံခံမုခ်ပေါက် ပြုလုပ်ခဲ့သည်ဟု ဆိုကြသည်။ ထို့အပြင် ပုဂံမျှော်ဘုရားသည် အမြင့် ၄၆ ပေ ၁ဝ လက်မမြင့်ပြီး အုတ်တိုက်မခံဘဲ ကွမ်းတောင်ပေါက် ထားသည့် ဂူဘုရားတစ်ဆူ ဖြစ်သည်။
ပစ္စယာသုံးဆင့်ရှိပြီး ဖောင်းရစ်ခုနစ်ရစ် ပြုလုပ်ထားသည်။ ဂန္ဓကုဋိတိုက် အတွင်းတွင် ဘူမိဖဿမုဒြာ(လက်တော်မြေထိဟန်)ထုလုပ်ထားသည့် အင်္ဂတေ ရုပ်ပွားတော်တစ်ဆူ ရှိသည်။ ရှင်ပင်ကာဆီးဘုရားသည်လည်း ပုဂံမျှော်ဘုရားကဲ့သို့ပင် ရိုးရိုးကွမ်းတောင် ပေါက်ထားသော ဂူဘုရားတစ်ဆူဖြစ်ကာ ၇၅ ပေ ၃ လက်မမြင့်ပြီး အရှေ့ဘက်သို့ မျက်နှာမူထား၍ အုတ်ဇာပြူတင်း ပြုလုပ်ထားသည်။ ပစ္စယာသုံးဆင့်ပါရှိကာ အလယ်ပစ္စယံတွင် နတ်လမ်းမုခ်ကပ်များကို လေးမျက်နှာလုံးတွင် ထည့်သွင်းထား သည်။ လောကီပညာရပ်ဆိုင်ရာ အင်းအိုင်လက်ဖွဲ့များ ကစားရာအရပ်၌ ထုထည် ကြီးမားသော ရှင်ပင်ကာဆီးဂူဘုရားကို အဆီးအတားတစ်ရပ်အဖြစ် တည်ထားခဲ့ သည်ဟု အစဉ်အဆက်ပြောဆို ခဲ့ကြသည်။ ပညာရှင်များက ရှင်ပင်ကာဆီးဘုရားကို အေဒီ ၁၃ ရာစုလက်ရာဟု ခန့်မှန်းကြသည်။
နာမ်တော်ပေါက်စေတီသည် သာမန်မြေစိုက်စေတီတစ်ဆူဖြစ်ကာ အေဒီ ၁၉ ရာစု၊ ရတနာပုံခေတ်လက်ရာဖြစ်သည်။ နာမ်တော်ပေါက်စေတီကို မင်းတုန်းမင်းလက် ထက်တွင် ကုခန်းငယ်မြို့သူကြီး ဦးသိုက်တူက ရှင်ပင်ကာဆီးနှင့် ပုဂံမြော်ဘုရားတို့နှင့် တန်းလျက် အနောက်မြောက် ယွန်းယွန်းတွင် တည်ထားခဲ့သည်။ ပစ္စယံသုံးဆင့်ပြုလုပ် ထားကာ ရှစ်မြှောင့်ကြည့်ဝန်းခံ၍ စေတီပေါက် ထားပြီး စေတီတော်ထောင့်လေး ထောင့် တွင် ခြင်္သေ့ရုပ်တစ်ကောင်စီ တန်ဆာဆင်ထားသည်။ ခေါင်းလောင်းပုံနှင့် သပိတ်မှောက်တွင် အင်္ဂတေပန်းများ ထုလုပ်ထားသည်။
ရှင်ပင်ကာဆီးဘုရားသည် ပခန်းငယ်တွင်ရှိသော စေတီဘုရားများအနက် အမြင့်ဆုံးဖြစ်သည်။ ခိုင်မာသောအထောက်အထားများ မရှိသော်လည်း စိတ်ဝင်စား ဖွယ် ပါးစပ်ရာဇဝင်များကြောင့် ပုဂံမျှော်ဘုရားနှင့် ရှင်ပင်ကာဆီးဘုရားများသည် ပခန်းငယ်၏ အထင်ရှားဆုံး ရှေးဟောင်း အဆောက်အအုံများတွင် အပါအဝင် ဖြစ်ခဲ့သည်။ ထို့အတူပင် ပခန်းငယ်တွင် လက်ရာထူးခြားသော ၁၉ရာစု လက်ရာ ရွှေကျောင်း ဥမင်၊ ခြေတော်ရာ အုတ်တန်ဆောင်း၊ အုတ်ပြသာဒ်ဂူဘုရား၊ ထိန်ကန် ပိဋကတ်တိုက်ဘုရား အစရှိသည့် ကုန်းဘောင်ခေတ်နှောင်း၊ ရတနာပုံခေတ်လက်ရာ ရှေးဟောင်း သာသနိကအဆောက်အအုံများကို လေ့လာကြည့်ရှု ဖူးမြော်နိုင်ကြသည်။
ပခန်းကြီးသည်လည်းကောင်း၊ ပခန်းငယ်သည်လည်းကောင်း ပခန်းနှစ်နေရာလုံး သည် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်း အဆောက်အအုံများ ယနေ့တိုင် တည်ရှိနေသည့် ဒေသများဖြစ်ကြသည်။
ယင်းဒေသများသို့ ဘုရားဖူးခရီးသွားများ သာမက သမိုင်းနှင့် ရှေးဟောင်း သုတေသနပညာရှင်များလည်း သွားရောက်လေ့ရှိ ကြရာ ယခုထက် ပိုမိုခိုင်မာသည့် သမိုင်းအထောက်အထားများကို ဖော်ထုတ်လာနိုင် သည်နှင့်အမျှ သမိုင်းနှင့် ယဉ်ကျေးမှုတန်ဖိုးများ ပိုမိုမြင့်တက်လာ မည်ဖြစ်ပေသည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၂ဝ၁ဝ
ပခန်းငယ် ရှေးဟောင်းအဆောက်အအုံများ မှတ်တမ်း (ယဉ်ကျေးမှုဝန်ကြီးဌာန)

Credit to-MOI Webportal Myanmar

Credit to Mirror Daily