Thursday, September 29, 2016

ငြိမ်းချမ်းရေးမလိုလာတဲ့ ဗိုလ်ချုပ်ဂွန်မော်

ြ ငြငြိမ်းချမ်းရေးမလိုလာတဲ့ ဗိုလ်ချုပ်ဂွန်မော်

မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိခဲ့သည်မှာ ယခုအခါ ၆၈ နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။ သို့သော် လွတ်လပ်ရေးရသည့် အချိန်မှစ၍ ပြည်တွင်းစစ်မီးကြီး တောက်လောင်နေသည်မှာ ဆယ်စုနှစ် ခြောက်ခုကျော်ခဲ့ပြီဖြစ်သည်။
ပြည်တွင်းစစ်သည် ပြည်ထောင်စုသား သွေးချင်းညီနောင်တို့၏ အသက်သွေးတို့ကို ၀ါးမျိုစတေးခဲ့သလို တိုင်းပြည်ဘဏ္ဍာငွေ အမြောက်အမြားကိုလည်း ဖြုန်းတီးပစ်ခဲ့လေသည်။ ထို့ကြောင့် ပြည်တွင်းစစ်ကြီးကို ငြှိမ်းသတ်ရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ကို ပြန်လည် တည်ဆောက်ရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကို ၂၀၁၆ သြဂုတ် ၃၁ မှ စတင်ကာ ၃ ရက်နေ့အထိ ၄ ရက်တိုင်တိုင် နေပြည်တော်ရှိ MICC-2 တွင် ကျင်းပနိုင်ခဲ့သည်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် ၂၁ ရာစု ပင်လုံညီလာခံသည် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၃၁ ရက်တွင် စတင်ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ပထမနေ့တွင် ပြောကြားခဲ့သည်။
၁၉၄၇ ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည့် ပင်လုံညီလာခံနှင့် တူညီသော ၂၁ ရာစု ပင်လုံညီလာခံသည် ပြည်သူလူထုအားလုံး မျှော်မှန်းနေသည့် ထာဝရငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်အတွက် စုပေါင်းဆွေးနွေးညှိနှိုင်း အဖြေရှာမည့် ညီလာခံအဖြစ် ရှုမြင်ထားခဲ့ကြသည်။
သို့သော် ၂၁ ရာစု ပင်လုံညီလာခံအတွင်း အနှစ်သာရဟု ဆိုအပ်သည့် တိုင်းရင်းသား ညီအစ်ကိုများ အကြား စစ်ပွဲများကို ရပ်တန့်ရေး၊ ဥမကွဲသိုက်မပျက်မှုဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို လက်ရှိ တပ်မတော် ခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ၏ ခေါင်းဆောင်များက သဘောထားကြီးကြီးဖြင့် စစ်မှန်သော စိတ်ကောင်းစေတနာဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို  တည်ဆောက်နိုင်မှသာ ပြည်တွင်းစစ်ကြီး ရပ်စဲ၍ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။
မြန်မာပြည်သူလူထုကြီး သာမက တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံသို့ ကချင်လွတ်ခြောက်ရေး အဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂) ဗိုလ်ချုပ် ဂွန်မော်လည်း တက်ရောက်ခဲ့သည်။ ညီလာခံအပြီး၌ ကချင်ပြည်နယ် လိုင်ဇာသို့ ပြန်လည် ထွက်ခွာတော့မည့် ဗိုလ်ချုပ်ဂွန်မော်က “၂၁ ရာစု ပင်လုံညီလာခံ ကျင်းပသွားတဲ့ ပုံစံကိုတော့ သဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံး အတူတကွ တွေ့ဆုံခွင့်ရခဲ့တယ်။ မိမိတို့ အဖွဲ့ရဲ့ သဘောထားတွေ မူဝါဒတွေကို တစ်နိုင်ငံလုံးကို မီဒီယာမှတစ်ဆင့် တင်ပြပေးခဲ့တဲ့အတွက် ဒီအခင်းအကျင်းအပေါ် ကျနော်တို့ အားရကျေနပ်ခဲ့မိပါတယ်။
ညီလာခံမှာ တပ်မတော်ကိုယ် စားလှယ်တွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖက်ဒရယ်စနစ်ရဲ့ ၀ိသေသ လက္ခဏာရှိနေတယ်လို့ ပြောသွားတဲ့အပေါ်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဖက်ဒရယ်စနစ်နဲ့ ဆင်တူယိုးမှားလို့ပဲ ကျနော်နားလည်ပါတယ်။ အမျိုးသား ညီလာခံတုန်းကလည်း ကျနော် တက်ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက အခင်းအကျင်းတွေရယ်၊ ပါဝင်သင့်တဲ့ အခြေခံမူ ၁၀၄ ချက်အပေါ်မှာလည်း ကျနော်တို့ ကျေနပ်မှုမရှိခဲ့ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် ပြည့်စုံမှု မရှိဘူးလို့ အဲဒီကတည်းက ကျနော်တို့ ကြားဝင် ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။
ကျွန်တော်တို့ကတော့ ဖက်ဒရယ်ဒီမိုကရေစီ အနေနဲ့ သွားတဲ့မူကိုပဲ လိုချင်ပါတယ်။ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ အခြေခံမူတွေ လိုအပ်တယ်။ သမိုင်းဝင်ဖြစ်တဲ့ ပင်လုံစာချုပ်စာတမ်းနဲ့ ကတိတွေမှာရှိ အခြေခံမူတွေ လိုအပ်ပါတယ်။ အခြားသော စံချိန်စံနှုန်းအရ ပါဝင်သင့်တဲ့မူလေးတွေ၊ တန်းတူရေးတွေကို ပိုပြီး ထည့်ချင်ပါတယ်။
အခုကျင်းပခဲ့တဲ့ ၂၁ရာစု ပင်လုံညီလာခံမှာ ကျနော်တို့ အပါအ၀င် လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ကိုးဖွဲ့ရဲ့ကိုယ်စား မူဝါဒ စာတမ်းကိုတင်ပြခဲ့ပါတယ်။ နောက် မိုင်ဂျာယန်မှာ အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း စုစည်းပြီး ရေးထားတဲ့မူတွေ အပေါ်မှာ အခြေပြုပြီး ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
KIO က တင်သွင်းခဲ့တဲ့ စာတမ်းမှာ အချက်နှစ်ချက်ကို အဓိက ထားတင်ပြခဲ့ပါတယ်။ ပထမအချက်က ၁၉၄၇ ပင်လုံမှာပါတဲ့ အချက်တွေကို အပြည့်အ၀ အကောင်အထည် မဖော်နိုင်လို့ ကျနော်တို့ လက်နက်ကိုင်ခဲ့၊ တော်လှန်ရေး လုပ်ခဲ့တာပါ။ နောက် ဒုတိယအချက်က KIO အနေနဲ့ ၂၁ ရာစုပင်လုံကို လာတက်တာဟာ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ချင်လို့ပါ။ ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ်ပုံစံကတော့ နိုင်ငံတော်မှာ ရှိပြီးသားဖြစ်တဲ့ တိုင်းရင်းသား လူမျိုးတွေရဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေအပေါ်မှာ တည်ဆောက်မယ့် ဖက်ဒရယ်ပုံစံ ဖြစ်ပါတယ်။ နောက် ဖက်ဒရယ် စံချိန်စံနှုန်းနဲ့ ပြည့်မီတဲ့ အခြေခံ ဥပဒေတွေကို လိုချင်တာပါ။
လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ဆောင်ရွက်တဲ့အခါမှာ ဘာအခက်အခဲတွေ ကြုံနေရသလဲဆိုတော့ ပထမအချက်က အစိုးရနဲ့ ညှိနှိုင်းတဲ့အခါမှာ တစ်ဖက်နဲ့တစ်ဖက် နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ရေးမှာ အခက်အခဲ ကြုံတွေ့နေရပါတယ်။ ဒုတိယအချက်ကတော့  ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ကျနော်တို့ KIOရဲ့ ဆန္ဒကို ပေါင်းစည်းတဲ့အခါမှာ အချင်းချင်း အပြန်အလှန် ဆက်သွယ်မှုခက်ခဲတဲ့ အတွက်ကြောင့် ဆုံးဖြတ်ချက်တွေချရတာ ခက်ပါတယ်။ တတိယ အချက်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နိုင်ငံတော် အစိုးရအနေနဲ့ သွားနေတဲ့ အခါမှာ တချို့ ကျနော်တို့ လက်မှတ် မထိုးရသေးဘူး။ ပြည်သူလူထုနဲ့ လွတ်လွတ်လပ်လပ် မတွေ့ရဘူးဆိုတော့ ဒီအရှိန်တွေကို အချိန်မီ လိုက်နိုင်ဖို့ဆိုတဲ့ အခက်အခဲတွေပါပဲ။
 
၁၉၄၇ ခုနှစ်ပင်လုံနဲ့ ၂၁ ရာစု ပင်လုံဟာ နိုင်ငံရေး အခြေအနေအရ ကွာခြားသွားပြီ ဆိုပေမယ့် ၁၉၄၇ ခုနှစ် ပင်လုံဟာ ကျနော်တို့ရဲ့ သမိုင်းကြောင်းအရ ရှိခဲ့တဲ့ သမိုင်းမှတ်တိုင် တစ်ခုပေါ့။ အဲဒီမှာ လွတ်လပ်ရေးကို အတူတကွ ရရှိခဲ့တယ်။ ပြီးရင် ဒီအခြေခံပေါ်မှာ တည်ဆောက်တာ ဖြစ်ပါတယ်။ အခု ၂၀၁၆မှာ ကျင်းပတဲ့ ၂၁ ရာစုပင်လုံကတော့  မူလနဂိုရှိပြီးသား အခြေခံ အုတ်မြစ်တွေကို ပိုပြီးခိုင်မာအောင် တကယ်တော့ ရှေ့ကိုသွားတဲ့အခါမှာ အရင်ပုံစံတွေကို ကြည့်ပြီး ပိုကောင်းအောင်ဆိုတဲ့ တိုးတက်မှုတွေ လုပ်နိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အရင်တုန်းက အားလုံး မစုစည်းနိုင်ခဲ့ဘူးဆိုရင် ဒီအချိန်မှာ စုစည်းမယ်။ လူမျိုးစုတွေ အရရော၊ သဘောထားအမြင်တွေအရပါ စုစည်းပြီး ရှေ့ကိုသွားမယ့် အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီသဘောထားအမြင်အရ တူပေမယ့် လုပ်ထုံးလုပ်နည်းမှာ အနည်းငယ် ကွဲပြားမှုရှိပါလိမ့်မယ်။
အရင်အစိုးရ လက်ထက်မှာရော၊ အခုအစိုးရ လက်ထက်မှာပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေပေမယ့် အောက်ခြေမှာ တိုက်ပွဲလေးတွေ၊ ထိတွေ့မှုလေးတွေ ရှိနေတာဟာ အဓိကကတော့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြားက အားပြိုင်မှုလို့ပဲ မြင်ပါတယ်။ မခံချင်စိတ်လည်းပါမယ်။ ကျနော်တို့ဟာ လက်နက်နဲ့ ဖြေရှင်းချင်တဲ့ ယဉ်ကျေးမှု စရိုက်လက္ခဏာတွေကို မကျော်လွှားနိုင်သေးဘူးဆိုတာ ထင်ရှားနေပါတယ်။ အဲဒီတော့ မကြာခဏ ထိတွေ့မှုတွေ ဖြစ်လာခဲ့ရပါတယ်။ နောက်တစ်ခုက ကျနော်တို့ နိုင်ငံရေး ဆွေးနွေးနေတဲ့ အချိန်မှာ တစ်ဖက်နဲ့တစ်ဖက် တိုက်ပွဲတွေ ဆင်နွှဲပြီး ဖိအားပေးတာမျိုး မဖြစ်အောင် နှစ်ဖက်စလုံးက ရှောင်ကြဉ်ကြဖို့ လိုပါတယ်။ ကျနော်တို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း နိုင်ငံတော် အစိုးရဘက်ကလည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲကြောင်း ကြေညာပေးဖို့ တောင်းဆိုထားပါတယ်။ တိုက်ပွဲမဖြစ်အောင် ထိန်းသိမ်းကြမယ်ဆိုတဲ့ ခံယူချက်နဲ့ ကတိတွေပြုဖို့ လိုပါတယ်။ အဲဒီလို ကတိတွေပြုလို့ရှိရင် ဒီတိုက်ပွဲတွေဟာ ပျောက်သွားမှာ ဖြစ်ပါတယ်။
၆ လအတွင်း ပြန်ကျင်းပမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲတွေ KIO အနေနဲ့ တက်မတက် ဆိုတာကတော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မှာ လက်မှတ်မထိုးတဲ့ အဖွဲ့တွေကို ပါဝင်ခွင့်၊ ပတ်သက်ခွင့် မပေးဘူးလို့ ပြောနေပါတယ်။ တကယ်လို့ လက်မှတ် မထိုးဘဲနဲ့ ပါဝင်ခွင့်ရမယ် ဆိုရင်လည်း ဒီအပေါ်မှာ သွားမှာဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ လက်မှတ်မထိုးရင် ပါဝင်ခွင့် မရဘူးဆိုရင်တော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို နှစ်ဖက်သဘော တူပြီး လက်မှတ် ထိုးနိုင်တဲ့အဆင့်ကို အရင်ကြိုးစားရမှာ ဖြစ်ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံလို ပွင့်ပွင့်လင်းလင်းနဲ့ နှစ်ဖက် သဘောထား အမြင်တွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်မယ်ဆိုရင် တက်ဖို့ အဆင်သင့်ပါပဲ။ အဲဒီတော့ ဒီနှစ်ခုကို ကျွန်တော်တို့ ဘယ်လောက် ညှိနှိုင်းနိုင်မလဲ။ လက်မှတ်ထိုးနိုင်တဲ့ အဆင့်ရောက်အောင် ညှိနှိုင်းနိုင်မှာလား။ ဒါမှမဟုတ် အစိုးရဘက်က လက်မှတ် ထိုးစရာ မလိုသော်လည်းဘဲ ဒီအဆင့်မှာ ပါဝင်ခွင့်ပြုမယ်လို့ ဆုံးဖြတ်မလား ဆိုတာကတော့ မကြာခင် ခြောက်လအတွင်းမှာ ဆွေးနွေးမယ့်အပေါ်မှာ မူတည်ပါတယ်။
အခု ၂၁ ရာစုပင်လုံဟာ အစဖြစ်တယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောကြားပါတယ်။ ကျွန်တော်တို့ နားလည်တာကလည်း နောက်သွားမယ့် နိုင်ငံရေးဖြစ်စဉ်တွေ အတွက် အစဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အခု အစမှာတောင် ဒီလောက် ကောင်းအောင် ကြိုးစားနိုင်ခဲ့ပြီဆိုတော့ နောက်ပိုင်းမှာပြုလုပ်မယ့် အပိုင်းတွေမှာလည်း တပ်မတော်ကရော၊ အစိုးရဘက်ကရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကရော ကောင်းမွန်တဲ့ အနေအထားမျိုး ရောက်အောင် ၀ိုင်းဝန်းသိန်းသိမ်းကြဖို့ လိုပါတယ်။
ကျွန်တော်ကတော့ ငြိမ်းချမ်းရေးကို လက်နက်နဲ့ ဖြေရှင်းတဲ့ ယဉ်ကျေးမှုကို ဆန့်ကျင်ပြီး၊ နိုင်ငံရေးအရ ဆွေးနွေးတဲ့ ယဉ်ကျေးမှုကိုပဲ ပိုပြီးနှစ်သက်ပါတယ်”ဟူ၍ သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားခဲ့လေသည်။
ဤသို့ ငြိမ်းချမ်းရေးကို လက်နက်ဖြင့် မဖြေရှင်းဘဲ ဂုဏ်သိက္ခာရှိရှိ နိုင်ငံရေးဆွေးနွေးပွဲများ ဖြေရှင်းလိုသော ဗိုလ်ချုပ်ဂွန်မော်၏ဘ၀ တစေ့တစောင်းမှာလည်း စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (Kachin Independence Organization - KIO) ၏ ဒုတိယဥက္ကဋ္ဌ (၂) တာဝန်ယူထားသော ဗိုလ်ချုပ် အက်စ်ဂွန်မော်ကို ၁၉၆၃ခု ဇန်န၀ါရီလ ၅ရက် စနေနေ့တွင် အဖ ဦးဆွမ်လွတ်တူး၊ အမိ ဒေါ်ဂျီစောလွီတို့မှ မြစ်ကြီးနားမြို့ ဒူကထောင် ရပ်ကွက်၌ ဖွားမြင်ခဲ့သည်။ မွေးချင်း ငါးဦးအနက် သားအကြီးဆုံးဖြစ်သည်။
မိခင်သည် ကျန်းမာရေး ဆရာမ ဖြစ်သောကြောင့် မိခင်တာဝန်ကျရာ ဒေသများသို့ လိုက်ပါခဲ့ရရာ၊ မူလတန်း၊ အလယ်တန်းပညာကို ပင်းဘော၊ မိုးညှင်း၊ တရုံ၊ ရှင်ဘွေယန်၊ တနိုင်းမြို့များ၌ ပညာသင် ကြားခဲ့ရသည်။ ၁၉၇၇ခုနှစ်တွင် အဋ္ဌမတန်း အောင်မြင်ပြီးနောက် န၀မတန်းကို မြစ်ကြီးနား အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၁)သို့ ပြောင်းရွှေ့ ဆက်လက်သင်ကြားသည်။ အဆိုပါကျောင်းမှပင် တက္ကသိုလ်ဝင်တန်း (ဒသမတန်း) စာမေးပွဲကို ၁၉၇၉ ခုနှစ်တွင် အောင်မြင်သည်။
ထို့နောက် ၁၉၇၉ခုနှစ် ဒီဇင်ဘာလတွင် မြစ်ကြီးနား ဒေသကောလိပ်၌ ဆက်လက် ပညာသင်ကြားပြီး ၁၉၈၇တွင် မန္တလေး တက္ကသိုလ်မှ ရူပဗေဒဘာသာရပ်ဖြင့် သိပ္ပံဘွဲ့ (B.Sc) ရရှိခဲ့သည်။
တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ကချင်လွတ်မြောက်ရေး တပ်မတော်သို့ ၁၉၈၇ မတ်လတွင် တပ်သားအဆင့်မှ ၀င်ရောက် စစ်မှုထမ်းခဲ့သည်။ ထို့နောက် ၁၉၈၈တွင် ဒုတပ်ကြပ်၊ ၁၉၉၀တွင် တပ်ကြပ်ကြီး၊ ၁၉၉၁တွင် ပြန်တမ်းဝင်အရာရှိ ဒုဗိုလ်၊ ၁၉၉၃တွင် ဗိုလ်၊ ၂၀၀၁တွင် ဗိုလ်ကြီး၊ ၂၀၀၂တွင် ဗိုလ်မှူး အဆင့်ဆင့်အထိ ရာထူးတိုးမြှင့်ခြင်းခံရသည်။
ထိုမှတစ်ဖန် ၂၀၀၃မှ ၂၀၀၄အထိ တပ်မဟာမှူး တာဝန်နှင့် KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး တာဝန်များကို ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် ၂၀၀၅တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်ခံရကာ မဟာဗျူဟာဌာန ညွှန်ကြားရေးမှူး တာဝန်ကို ထမ်းရွက်ခဲ့သည်။
ဤသို့စစ်မှုထမ်းရင်း စစ်စည်းကမ်း ကောင်းမွန်မှုနှင့် အထက်မှ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းရွက်ခဲ့သောကြောင့် ၂၀၀၆ ဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်ခံရပြီး KIO ဗဟိုကော်မတီဝင်အဖြစ် သုံးနှစ်ခန့် ထမ်းရွက်ပြီးသောအခါ ၂၀၀၉တွင် KIO အမြဲတမ်း ဗဟိုကော်မတီဝင်နှင့် ဗိုလ်မှူးချုပ် အဆင့်ဖြင့် ဒုတိယစစ်ဦးစီးချုပ် အဆင့်သို့ တိုးမြှင့်ခံရသည်။
ထို့နောက် ၂၀၁၂ ခုနှစ်တွင် ဗိုလ်ချုပ်အဆင့်သို့ တိုးမြှင့်ခံရသည်။ ၂၀၁၆ ဇန်န၀ါရီလတွင် ကျင်းပခဲ့သော KIO ဗဟိုကော်မတီအစည်း အဝေးတွင် KIO ဒုဥက္ကဋ္ဌ (၂) အဖြစ် ခန့်အပ်ခြင်းခံရသည်။
ဗိုလ်ချုပ်ဂွန်မော်သည် စာပေအနုပညာကိုလည်း ၀ါသနာပါသူ ဖြစ်သည်။ တက္ကသိုလ် အပျော်တမ်း ဂီတ၀ိုင်း၌ ဒရမ်မာ (Drummer) သမားတစ်ဦးလည်း ဖြစ်သည်။ သူသည် တက္ကသိုလ်ကျောင်းသား ဘ၀ကပင် မြန်မာပြည်သိန်းတန်၊ လေးဖြူ၊ ဇော်ဝင်းထွဋ်တို့နှင့်အတူ စင်တင်တေးဂီတအဖွဲ့များ၌ အတူတကွ သီဆိုတီးခတ်ခဲ့ဖူးသည်။
သူသည် တက္ကသိုလ် ကျောင်းသားဘ၀က ကချင်တက္ကသိုလ် ကျောင်းသားများ စုစည်းထုတ်ဝေသော Chyurum Shalat ခေါ် တိုင်းရင်းသားမျက်ပွင့် မဂ္ဂဇင်း၌ တာဝန်ခံ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။ အထောက်တော်လှအောင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သော “သောင်းပြောင်း ထွေလာ” ရယ်စရာ မဂ္ဂဇင်း၌လည်း ဆောင်းပါးများ ရေးခဲ့ဖူးသည်။
သူသည် စာပေ၀ါသနာ ထုံသလို အားကစားကိုလည်း ငယ်စဉ်ကတည်းကပင် လိုက်စားခဲ့သည်။ ကရာတေးဒို ကိုယ်ခံပညာ၌ ခါးပတ်နက်အဆင့် ရရှိထားသူ ဖြစ်သည်။ အားလျှင် အားကစား လေ့ကျင့်နေတတ်သည်။ စာပေ၀ါသနာပါသောကြောင့် လိုင်ဇာမြို့ သူ့အိမ်နား၌ ကိုယ်ပိုင် စာကြည့်တိုက်တစ်ခု တည်ထောင်ထားသည်။ သူ့စာကြည့်တိုက်၌ အင်္ဂလိပ်၊ ကချင်၊ မြန်မာ ဘာသာဖြင့် ထုတ်ဝေထားသော စာအုပ်ပေါင်း နှစ်သောင်းခန့် စုဆောင်းထားသည်။ စာကြည့်တိုက်သို့ မည်သူမဆို အခမဲ့လာရောက် ဖတ်ရှု ငှားရမ်းနိုင်ရန် စီစဉ်ပေးထားသည်။
မည်သို့ဆိုစေ ...ပြည်တွင်း စစ်မီးချုပ်ငြိမ်း၍ ထာဝရငြိမ်းချမ်းရေး ရရှိစေရန် ကျင်းပလျက်ရှိသော ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးမှုများ၌ တန်းတူရည်တူ ဆွေးနွေးနိုင်မှု ရရှိရေးနှင့် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရန် အလွန်အရေးကြီးပေသည်။
သို့သော် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပစဉ်ကပင် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ ရှေ့တွင် စစ်ရာထူးများဖြုတ်၍ မြန်မာ့ယဉ်ကျေးမှုအရ ဦး၊ ကို၊ မောင်ကိုပင် မထည့်ဘဲ နာမည်အရင်းအတိုင်း ခေါ်ဝေါ်သုံးစွဲနေမှုသည် ယဉ်ကျေးမှုနှင့် ဖီလာဖြစ်သလို ယုံကြည်မှု တည်ဆောက်မှုကိုလည်း အဟန့်အတား ဖြစ်စေခဲ့သည်။ ဤကဲ့သို့ အသေးအမွှား ကိစ္စလေးများကိုပင် သဘောထား မကြီးနိုင်ဘဲ လက်နက်ကိုင် ပဋိပက္ခပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ပါဟု ရိုးသားစွာ ယုံကြည်နေမိပါသည်။ ယင်းနှင့်ပတ်သက်၍ ပအို့ဝ်လွတ်မြောက်ရေးအဖွဲ့မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက -
“အရင် ဦးသိန်းစိန် လက်ထက်မှာဆိုရင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားတဲ့ အချိန်ဆိုရင် ဦးသိန်းစိန်က ကျွန်တော်တို့ ရာထူးအားလုံးကို ထည့်ပေးတယ်။ ဗိုလ်မှူးကြီးဆိုရင် ဗိုလ်မှူးကြီးပေါ့။ ယုံကြည်မှု တည်ဆောက်တဲ့ အချိန်မှာဆိုရင် အခြေခံ တစ်ချက်ကတော့ အပြန်အလှန် အသိအမှတ်ပြုတဲ့ နေရာမှာ အရှိကိုအရှိအတိုင်း အသိအမှတ်ပြုပေးဖို့တော့ လိုတယ်။ ဗိုလ်ချုပ်ကြီး မူတူးစေဖိုးပဲ ခေါ်ခေါ်၊ စောမူတူးစေးဖိုးပဲ ခေါ်ခေါ်၊ ဦးမူတူးပဲခေါ်ခေါ် ဘာမှ မဖြစ်ပါဘူး။ သူ့ဆီမှာ ရင့်ကျက်မှု ရှိပါတယ်။ ဒါပေမဲ့ ခေါ်ဝေါ်သုံးစွဲတဲ့ဘက်က ဘယ်လောက်အထိ သူ့အပေါ်မှာ လေးစားမှု၊ အသိအမှတ်ပြုမှု ရှိသလဲဆိုတဲ့ အပေါ်မှာတော့ ပြောစရာရှိပါတယ်”ဟူ၍ ပြောကြားသွားသည်။
မှန်လေသည်။ နိုင်ငံရေး ပြဿနာများကြောင့် ဖြစ်ပွားခဲ့သော နှစ်ပေါင်း ၇၀ နီးပါး တောက်လောင်နေသည့် ပြည်တွင်းစစ်မီးကို ငြိမ်းသတ်၍ ထာဝရငြိမ်းချမ်းရေး ရရှိစေရန် တပ်မတော်မှ ဆွဲကိုင်ထားသော မူဝါဒနှင့် လက်ရှိ အစိုးရခေါင်းဆောင်များသည် သဘောထားပြည့်ဝ၍ ပါးပါးနပ်နပ် ဉာဏ်ရည်အပြည့် အ၀ဖြင့် လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းရာ၌ မိမိတို့အခြေခံ အကျိုးစီးပွားနှင့် သဘောထားကို မပြင်သရွေ့ ထာဝရငြိမ်းချမ်းရေးသည် ရွှေပြည်တော် မျှော်တိုင်းဝေးပမာ ဖြစ်နေဦးမည်မှာ မလွဲဧကန်ပင်တည်း။
သန်းဝင်းလှိုင်

credit#tomorrow

Tuesday, September 27, 2016

နယ်သာလန်နိုင်ငံက စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေက မိုးရေနဲ့ လုပ်တဲ့ ဘီယာကို စတင်ထုတ်လုပ်လိုက်ပါပြီ။ 

Sunday, September 25, 2016

ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ လက်ရှိ မြန်မာနိုင်ငံမှာ လုံလောက်တဲ့ တိုးတက် မှုတွေရှိနေပြီး ရှေ့လျောက် နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေ မလိုအပ်တော့ ဘူးလို့ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့ထိပ်တန်း သတင်းမီဒီယာတခုဖြစ်တဲ့ CNN နဲ့တွေ့ဆုံမေးမြန်းခန်း မှာ ပြော ကြားလိုက် ပါတယ်။ ဒါ့အပြင် လွှတ်တော်မှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုလည်း ပြင်ဆင်နိုင်အောင် သူ့အနေနဲ့ ဆက်လက် ကြိုးပမ်းသွား မှာဖြစ်တယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
တနင်္ဂနွေနေ့က ထုတ်လွှင့်ပြသခဲ့တဲ့ အမေရိကန်အခြေစိုက် CNN ရုပ်သံဌာနက သတင်းထောက် Fareed Zakaria နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ သီးခြားတွေ့ဆုံမေးမြန်းခန်းကို မအင်ကြင်းနိုင်က ကောက်နုတ်တင်ပြမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို သူရဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ကုလသမဂ္ဂခရီးစဉ် အဆုံး မသတ်ခင် နယူးရောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲ တမ်းကိုယ်စား လှယ်ရုံးမှာ CNN သတင်းထောက် Fareed Zakaria က သီးခြားတွေ့ ဆုံမေးမြန်းခဲ့ တာပါ။
လက်ရှိမြန်မာနိုင်ငံမှာ သဘောထားတင်းမာတဲ့ စစ်အာဏာရှင်အုပ်ချုပ်တဲ့စနစ်ကနေ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ဆောင်နေတဲ့ ကာလမှာ နိုင်ငံတကာ ဖိအားပေးမှုတွေ လိုအပ်နေသေးတယ်လို့ အများကထင်နေချိန် တဘက်မှာလည်း ပိတ်ဆို့အရေးယူမှုအားလုံးကို ရုတ်သိမ်းဖို့ အမေရိကန်ဘက်က ဒီသတင်းပတ် အတွင်းဆုံးဖြတ်ခဲ့တာဆိုတော့ တကယ်ပဲ မြန်မာနိုင်ငံအနေနဲ့ ဖိအားပေးတာမျိုး မလိုရလောက်အောင် တကယ့် တိုးတက်မှုတွေရှိနေသလားလို့ Mr. Zakaria က ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့ပါတယ်။
ဒီမေးခွန်းကို ဒေါ်အောင်ဆန်းစုကြည် တုန့်ပြန်တာကတော့
“ကျမတို့ လုံလောက်တဲ့ တိုးတက်မှုတွေကို လုပ်ပြီးခဲ့ပြီလို့ ထင်ပါ တယ်။ နောက်ထပ် အဆင့်တက်လှမ်းဖို့ ကျမတို့ ကြိုးစားနေတာပါ။ အားလုံးပြီး တဲ့နောက်မှာ ပိတ်ဆို့ အရေးယူမှုဆိုတာ ကျမတို့ရဲ့ လုပ်ဆောင်မှုတွေမှာ အကူအညီပေးရုံပဲ ဖြစ်ခဲ့ပါတယ်။ (အမေရိကန်) ကွန်ဂရက်က ကျမတို့မိတ်ဆွေတွေကို ကျမရှင်းပြခဲ့တာက ပိတ် ဆို့အရေးယူမှုဆိုတာ ကျမတို့ အင်အားချိနဲ့ပြီး သန်မာမှုမရှိတဲ့ အချိန်မှာ ချိုင်းထောက် လိုပဲ အထောက်အကူပေးခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ ဒီချိုင်းထောက် ကို ဖြုတ်ြ ပီးတော့ ကိုယ်ရဲ့ကြွက်သွားတွေ သန်မာလာအောင် လုပ်ကိုလုပ်ရပါတော့ မယ်။”
ဒါပေမဲ့လည်း လွှတ်တော်မှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် စစ်တပ်ကို ကျော်လွန်ပြီး ဆောင်ရွက်လို့မ ရတဲ့အခြေအနေရှိနေတဲ့အချက်ကို Mr. Zakaria ကထောက်ပြီးမေးမြန်းရာ မှာတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေဆိုပါတယ်။
“ဟုတ်ပါတယ်။ စစ်တပ်ကရှိနေပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့အနေနဲ့ တရား ဥပဒေစိုးမိုးရေးမှာ ယုံကြည်မှုအပြည့်အ၀ရှိနေပြီး လတ်တလော အခြေအနေ အရ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်ဝင်နေသေးသရွေ့ ကျမတို့ ဒီဖွဲ့စည်းပုံကို လက်ခံထားပါတယ်။ ဒါပေမဲ့ လည်း ကျမတို့ ဒီဖွဲ့စည်းပုံ ကို ပြင်ဆင်ချင်ပါတယ်။ ကျမတို့ ရွေးကောက်ပွဲကာလတုန်းက ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကတိပေးခဲ့တာပါ။”
ဒါ့ပြင် ဖွဲ့စည်းပုံမှာ ဒီမိုကရေစီမရှိပဲနဲ့ ဒီမိုကရေစီ အတွက် ဆောင်ရွက်နေ ပါပြီလို့ ပြောလို့မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်ရင် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက အစဉ်တစိုက်ထောက် ပြနေတဲ့ ရခိုင်ပြည်နယ်ပြဿနာကိစ္စ ကိုလည်း Mr. Zakaria ကဒေါ်အောင်ဆန်း စုကြည်ကိုမေး ခဲ့ပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာ သာနိုင် ငံဖြစ်ပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တဦး ဦးဆောင်နေတဲ့ နိုင်ငံမှာ မွတ်စလင်လူ နည်းစုတွေကို ညှမ်းပန်းနှိပ်စက်တာ၊ အကြမ်းဖက်တာတွေ ဘာကြောင့် ဖြစ်နေရ သလဲဆိုတဲ့ မေးခွန်းအပေါ်မှာတော့
“ဒီ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကလည်း ပြီးခဲ့တဲ့ မတ်လကမှာ နိုင်ငံကို ဦးဆောင်ရ တာပါ။ ကျမဆန္ဒပြုသလို သဟဇာတဖြစ်မှု၊ နားလည်မှုနဲ့ သည်းခံခွင့် လွှတ်မှုစတဲ့ အချက်တွေဖြစ်လာဖို့ ကြိုးစားတဲ့နေရာမှာ ကျမတို့ ပြဿနာတွေ အများကြီးရှိပါတယ်။ ရခိုင်ပြည်နယ်က ပြဿနာကိုအဖြေရှာဖို့ ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေးကော်မရှင် ဖွဲ့စည်းခဲ့တာကို ကြားမိမှာပါ။ အဲဒီတုန်းကလည်း ဒီလိုပဲ ပြဿနာတွေက ဘာတွေလဲ၊ ဒါတွေဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ ရှင်မေးတဲ့မေးခွန်းတွေအတိုင်း ကျမတို့မေးခံရ ပါတယ်။ အခုလိုကြုံကြိုက်တုန်း ပြောပြရရင် ကျမတို့ရင်ဆိုင်နေရတဲ့ ဒီပြဿနာတခု တည်းမဟုတ်ပါဘူး။ ဒါပေမဲ့လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဒီတခုတည်းကိုပဲ အာရုံစိုက်နေတာပါ။ ဒါကြောင့် ကျမတို့အနေနဲ့ ရခိုင်အကြံပေးကော်မရှင်ကို ဖွဲ့စည်း ချိန်မှာ နိုင်ငံရေးပါတီအတော်များများ ဆန့်ကျင်ခဲ့ကြပါတယ်။ အခုလဲ အကြောင်း အမျိုးမျိုးနဲ့ ဆန့်ကျင်နေတုန်းပါပဲ။ ဒါကြောင့် အခက်အခဲတွေနဲ့ ကျမတို့ရုန်းကန်နေရ ပါတယ်။”
အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ မြန်မာအပေါ်လွှမ်းမိုးမှုနဲ့ အများစိုးရိမ်နေ တဲ့ မြစ်ဆုံ ဆည်စီမံကိန်း အကြောင်းကိုလည်း Mr. Zakaria က ဒေါ်အောင်ဆန်း စုကြည်ကို မေးရာမှာတော့-
“တရုတ်ဟာ ကျမတို့ကိုလွှမ်းမိုးမှုရှိအောင် ကြိုးစားနေတယ်လို့ ကျမမထင်ပါဘူး။ ဘယ်နေရာမှာမဆို အင်အားကြီးနိုင်ငံတွေက စီးပွားရေးအရ လက်ဦးမှုရှိအောင် သူတို့စွမ်းနိုင်သလောက် ကြိုးစားကြတယ်လို့ ကျမမြင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခုခေတ်ဟာ သံတမန်ရေးနည်း နဲ့ လုပ်ဆောင်တဲ့ ခေတ်ရောက်နေပါပြီ။ တရုတ်ဟာ ကျမတို့ရဲ့ အိမ်နီးချင်းနိုင်ငံပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးက တည်းက တရုတ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပြီး အဲဒီအတိုင်း ကျမတို့ ဆက်ပြီးတည်ဆောက်သွားမှာပါ။”
အမေရိကန်သမ္မတ အိုဘားမားနဲ့တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး မေးရာမှာတော့ သူ့အနေနဲ့ မစ္စတာအိုဘားမားကို လေးစားကြောင်းနဲ့ ပိတ်ဆို့အရေးယူ ထားတဲ့ ကိစ္စအပါဝင် မြန်မာနိုင်ငံဒီမိုကရေစီအ သွင်ကူးပြောင်းရေးအခြေအနေတွေ ကို ဆွေးနွေးခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တုန့်ပြန်ပြောဆိုသွားပါတယ်။
ဒါ့အပြင် အတိုက်အခံ ခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာနေအိမ်အကျယ်ချုပ် ခံထားရတဲ့အခြေအနေကနေ အခု တိုင်းပြည်ရဲ့ ခေါင်းဆောင်ဖြစ်လာတဲ့အချိန်မှာ ဘယ်လို ကွာခြားချက်တွေရှိခဲ့သလဲဆိုတဲ့ မေးခွန်းကိုတော့ ကွာခြားမှုသိပ် မရှိကြောင်းနဲ့ နေအိမ်အကျယ်ချုပ်ခံရထားရစဉ်မှာ ဆုံးဖြတ်ချက် အများအပြားကို ကိုယ့်ဘာသာကိုယ်ပဲ ပိုပြီးချမှတ်ခဲ့ရကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုခဲ့ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နှင့် အမေရိကန် သွားရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ အပတ်က ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတို့ကို သွားရောက်ခဲ့ပြီး မနေ့ညက ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ကြေညာချက်အပြည့်စုံ ဖတ်ရှုရန်
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ တက်ရောက်ရန် နယူးယောက်မြို့သို့ (၁၆-၉-၂ဝ၁၆) ရက် နေ့မှ (၂၄-၉-၂ဝ၁၆) ရက်နေ့အထိ သွားရောက်ခဲ့ပြီး ယနေ့ (၂၅-၉-၂ဝ၁၆) ရက်နေ့ ည (ဝ၉း၅ဝ) နာရီတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိခဲ့ပါသည်။
၂။ နယူးယောက်မြို့တွင် ရောက်ရှိနေစဉ်ကာလအတွင်း (၁၇-၉-၂ဝ၁၆) ရက်နေ့၌ နယူးယောက်မြို့ရှိ မြန်မာအသိုက်အဝန်းများနှင့် တွေ့ဆုံခဲ့ပြီး ယင်းနေ့တွင်ပင် ဘော့စတွန်မြို့ရှိ ဟားဗတ်တက္ကသိုလ် မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အားချီးမြှင့်သည့် 2016 Humanitarian of the Year Award ကို လက်ခံရယူခဲ့ပါသည်။
၃။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် (၁၈-၉-၂ဝ၁၆) ရက်နေ့ တွင် နယူးယောက်မြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ ဝန်ထမ်းမိသားစုများနှင့်လည်းကောင်း၊ (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်လျက်ရှိသည့် မြန်မာကိုယ်စားလှယ် အဖွဲ့နှင့်လည်းကောင်း၊ (၁၉-၉-၂ဝ၁၆) ရက်နေ့တွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO) ၏ ညွှန်ကြားရေးမှူးချုပ် Ms. Irina Bokova ၊ ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Lars Lokke Rasmussen ၊ မက္ကဆီကိုသမ္မတ H.E. Mr. Enrique Pena Nieto ၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် H.E. Ms. Sheikh Hasina တို့နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံခဲ့ပါသည်။(၂ဝ-၉-၂ဝ၁၆) ရက်နေ့တွင် “Together for the 2030 Agenda: Partnering for Women, Children and Adolescents, to Thrive and Transform the World ” အဆင့်မြင့် အစည်းအဝေး၌ တက်ရောက်၍ Panelist အဖြစ် ပါဝင်တက်ရောက်ဆွေးနွေးပြောကြားခဲ့ပြီး အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ အတွင်းရေးမှူးချုပ် H.E. Mr. Lyad Ameen Madani အား လက်ခံတွေ့ဆုံခဲ့ပါသည်။
၎။ (၂၁-၉-၂ဝ၁၆) ရက်နေ့တွင် (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းတစ်ရပ် ကို ပြောကြားခဲ့ပါသည်။ ယင်းနေ့တွင်ပင် နျူကလီးယားလက်နက်စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ် (Comprehensive Nuclear-Test-Ban Treaty- CTBT) သို့ အတည်ပြုပါဝင်သည့် စာချွန်လွှာပေးအပ်ပွဲသို့ တက်ရောက်ပေးအပ်ခဲ့ပြီး Asia Society က စီစဉ်ကျင်းပသည့် လူထုဟောပြောပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။
၅။ (၂၂-၉-၂ဝ၁၆) ရက်နေ့တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ရုံး၌ CNN သတင်းဌာနမှ တွေ့ဆုံမေးမြန်းမှုကိုလက်ခံဖြေကြားခဲ့ပြီး ကမ္ဘာ့စီးပွားရေးဖိုရမ် ဥက္ကဋ္ဌ Prof. Klaus Schwab? Open Society Foundation တည်ထောင်သူနှင့်ဥက္ကဋ္ဌ Mr. George Soros ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီး H.E. Mr. ZeidRa’ad Al Hussein တို့အားသီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။ ယင်းနေ့ညနေပိုင်းတွင် New York Public Library ၌ Academy of Achievement အဖွဲ့မှ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် အား ပေးအပ်ချီးမြှင့်သည့် Academy’s Golden Plate Award ကိုတက်ရောက်လက်ခံခဲ့ပါသည်။
၆။ နယူးယောက်မြို့သို့ မသွားရောက်မီ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ (၁ဝ-၉-၂ဝ၁၆) ရက်နေ့မှ (၁၃- ၉-၂ဝ၁၆) ရက်နေ့အထိ သွားရောက်ကာ လန်ဒန်မြို့ရှိ မြန်မာသံရုံး၌ ဥရောပဒေသ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသတို့မှ မြန်မာသံအမတ်ကြီး ၁၂ ဦးနှင့်တွေ့ဆုံခဲ့ပြီး ဗြိတိန်နိုင်ငံအကြီးအကဲများနှင့် လည်း တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စု အစိုးရ၏ ဖိတ်ကြားချက်အရ ဝါရှင်တန်မြို့သို့ (၁၃-၉-၂ဝ၁၆) ရက်နေ့မှ (၁၆-၉-၂ဝ၁၆) ရက်နေ့အထိ တရားဝင်ခရီးစဉ်သွားရောက်ကာ အမေရိကန် သမ္မတ မစ္စတာ ဘာရက်ခ်အိုဘားမားအပါအဝင် အစိုးရအဖွဲ့အကြီးအကဲများ၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အနော်ခရီးစဉ်
credit##DvB

M.Div Final in BCBS
Yangon

လူ့အခွင့်အရေးချိုးဖောက်တာ အင်းဝအပ်ချုပ်ဆိုင်တခုတည်းလာ?

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် လမ်း ၄၀ တွင် ဖွင့်လှစ်ထားသည့် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုက အိမ်အကူ ကလေး ၂ ဦးကို ဓားဖြင့်ထိုးခြင်း၊ ကတ်ကြေးဖြင့်ထိုးခြင်း၊ လက်များကျိုးသည်အထိ နှိပ်စက်ခြင်းကို ၄ နှစ်နီးပါး ပြုလုပ်ခဲ့ပြီး အိမ်နီးချင်းများက မကျေနပ်၍ Myanmar News Now သို့ သတင်းပေးခဲ့ရာမှ ရဲတပ်ဖွဲ့၊ လူ့အခွင့်အရေး ကော်မရှင်ထံသို့ တိုင်ကြားမှုအဆင့်ဆင့် ပေါ်ပေါက်ခဲ့သော်လည်း အရေးယူမှုအပိုင်း အားနည်းခဲ့သည့်အတွက် ဝေဖန်မှု များစွာ ထွက်ပေါ် လျက်ရှိသည်။ အိမ်ရှင်များက အိမ်အကူ ကလေးများကို နှိပ်စက်ညှင်းပန်းသည့် ကိစ္စသည် အင်းဝအပ်ချုပ်ဆိုင် တမှုတည်း မဟုတ်ပေ။ ပဲခူးမြို့နယ် ဒုတရားသူကြီး၏ ဇနီးက မီးပူဖြင့်ကပ်ကာ နှိပ်စက်ညှင်းပန်းခံရသည့် အိမ်အကူ အသက် ၁၃ နှစ်အရွယ် မအေးယုအောင် အမှုတွင် တရားသူကြီး၏ ဇနီးကို ယနေ့အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

ဧရာဝတီတိုင်းဒေသကြီးနေ မော်ဒယ် သီရိကိုကိုနိုင်၏ နေအိမ်တွင် နှိပ်စက်ခံရသူ အိမ်အကူ အသက် ၁၃ နှစ် အရွယ် မနော်ထက်ထက် အမှု၊ မန္တလေးမြို့နေ အထည်ဆိုင်ပိုင်ရှင် တရုတ်လင်မယားက ရေနွေးပူဖြင့် ပက်သဖြင့် ဒဏ်ရာများရရှိခဲ့သည့် အသက် ၁၂ နှစ်အရွယ် အိမ်အကူ မအေးအေးအောင် အမှုများလည်း ရှိသည်။

၂၀၁၄ ခုနှစ်က မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်နေ ဆရာဝန်လင်မယား နှင့် မိသားစုက အသက် ၁၄ နှစ်အရွယ် အိမ်အကူ မသန်းသန်းစိုးကို ငရုတ်ကျည်ပွေ့ဖြင့် ပါးစပ်အတွင်း ထိုးထည့် နှိပ်စက်ခြင်း၊ မီးပူဖြင့်ကပ်ခြင်း၊ ရိုက်နှက်မှုများကြောင့် ရုပ်ပျက် ဆင်းပျက် ဖြစ်ခဲ့သည်။ ရဲတပ်ဖွဲ့က ယင်းကိစ္စကို သက်ဆိုင်ရာ ဝန်ကြီးဌာနထံ အကြောင်းကြားစာ တင်ပြထား သည်ဟုဆိုခဲ့သော်လည်း အရေးယူမှုအပေါ် အတိအကျ မေးမြန်း၍ မရခဲ့ပေ။

၂၀၁၆ ခုနှစ်အတွင်း က မန္တလေးမြို့ရှိ ပန်ဒိုရာ အဆီချလုပ်ငန်းတွင် လုပ်ကိုင်ခဲ့သည့် ဝန်ထမ်း မိန်းကလေးငယ်ကို ပါးရိုးကျိုးသည် အထိ ရိုက်နှက်နှိပ်စက်ခြင်း၊ ခွေးလှောင်အိမ်အတွင်း ထည့်သွင်းပိတ်လှောင်ခြင်း လုပ်ဆောင်ခဲ့သည့် ပန်ဒိုရာ အဆီချလုပ်ငန်းပိုင်ရှင်နှင့် အပေါင်းအပါများကို တရားစွဲဆိုထားသည့် အမှုမှာလည်း ယနေ့အထိ ပြီးပြတ်မှု မရှိသေးကြောင်း သိရသည်။

အဆိုပါအမှုများအားလုံး ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အိမ်အကူ မိန်းကလေးများ၏ နှိပ်စက်ခံရသည့် အမှုများဖြစ်သည်။ ယင်း အမှုများတွင် ရဲတပ်ဖွဲ့က တရားခံလုံးဝမမိသည့် အမှုများရှိနေသလို အချို့မှာ အမှုရင်ဆိုင်နေဆဲ၊ သက်သေခေါ်ယူ စစ်ဆေးဆဲ အခြေအနေများတွင်သာ ရှိသည်။ ရက်စက်စွာ ညှင်းပန်းနှိပ်စက်ခံရသော်လည်း လျော်ကြေး ပေးကာ ကျေအေးလိုက်သဖြင့် လူသူမသိ ပြီးသွားသည့် အမှုများလည်း ရှိသည်။

“တာဝန်သိ ပြည်သူက တိုင်ပေမယ့် ရဲဘက်က အရေးမယူတာတွေ့ရတယ်။ ဖော်ထုတ်ဖို့ ပျက်ကွက်ခြင်းက လာဘ်စား ထား သလား ပေါ့လေ။ အိမ်အကူတွေကို ကျနော်တို့က အိမ်တွင်း အလုပ်သမားတွေလို့ သတ်မှတ်တယ်။ အဲဒီအိမ်တွင်း အလုပ် သမား တွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေ ရှိဖို့ လိုအပ်တယ်။ သူတို့ကိုလည်း အလုပ်သမားအဖြစ် သတ်မှတ် ရမှာ ဖြစ်တယ်။ အလုပ်သမားတွေဘက်ကလည်း ဝန်ဆောင်မှုကောင်းရမှာပေါ့။ အဲဒီလို ဥပဒေတွေပေါ်လာဖို့လည်း တောင်း ဆို ဖို့ရှိတယ်”ဟု ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစု၏ နှိပ်စက် ညှင်းပန်းမှုကို ခံခဲ့ရသည့် အိမ်အကူ ကလေး ၂ ဦးဖြစ်သော အသက် ၁၆ နှစ် အရွယ် မစန်းကေခိုင်နှင့် အသက် ၁၇ နှစ်ရှိ မသဇင်တို့ကို ဥပဒေပိုင်းဆိုင်ရာ၊ တရားရေုးဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကူ အညီ များပေးရန်လည်း လူ့အခွင့်အရေးလှုပ်ရှားသူများက လုပ်ဆောင်နေကြသည်။

နိုင်ငံတွင်းရှိ အိမ်အကူလုပ်သားများ ကို အိမ်တွင်းအလုပ်သမားများအဖြစ် သတ်မှတ်ကာ ဥပဒေအရ အကာအကွယ် ပေးနိုင်ရေး၊ ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက လုပ်ဆောင်သင့်ကြောင်း ထောက်ပြ ပြောဆိုမှုများလည်း ရှိသည်။

ဦးအောင်မျိုးမင်းက “အိမ်တွင်းအလုပ်သမားတွေဖြစ်နေတဲ့ ပြဿနာတွေမှာ အများစုက အသက်မပြည့်သေး တဲ့ကလေး တွေဖြစ်နေတယ်။ သူတို့မှာ စားစရာကမရှိတော့ အလုပ်လုပ်ရတယ်။ အိမ်ရှင်တွေက သူတို့ကို အိမ်ကျွန်တွေလို့ သတ်မှတ် ပြီး ခိုင်းနေကြတာ။ အိမ်တွင်းအလုပ်သမားတွေအတွက် ဥပဒေတွေကို ပြဋ္ဌာန်းဖို့ ထောက်ပြဖို့ရှိတယ်။ ဒါတွေဟာ ရေရှည် လုပ်ဆောင်ရမယ့် ကိစ္စလည်းဖြစ်တယ်”ဟု သုံးသပ်သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းက ရန်ကုန်မြို့၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ တိုးချဲ့ရပ်ကွက် ဦးဝိစာရလမ်းရှိ နေအိမ်တခုတွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် အသက် ၁၅ နှစ်အရွယ် မသန်းသန်း၏ ဦးခေါင်း၊ လက်၊ ခြေနှင့် ကျောဘက်တို့ကို အိမ်ရှင်က သံဆူးကြိုး၊ သံယောင်းမတို့ဖြင့် ရိုက်နှက် နှိပ်စက်မှု သဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရသည်။ ယင်းအိမ်ရှင် ဒေါ်အေးဝင်းကို ဖမ်းဆီးထားသော်လည်း ယနေ့အချိန်ထိ အမိန့်ချမှတ်ကာ ထိရောက်သည့် ပြစ်ဒဏ်ချမှတ်ရခြင်း မရှိသေးကြောင်း သိရသည်။

နှိပ်စက်ခံခဲ့ရသည့် မသန်းသန်း၏ ဦးလေး ဖြစ်သူ ကိုမျိုးဦးက “အမှုက ၁ နှစ်ကျော်ပြီ။ တရားခံကိုတော့ ချုပ်ထားတုန်းပဲ။ မိသားစုဝင် ၃ ဦးကိုတော့ အာမခံပေးထားတယ်ပြောတယ်။ သက်သေတွေက မလာတာနဲ့ ပြန်ခေါ်သက်သေ ခေါ်နေရတာနဲ့ အမှုက အခုထိ တရားခံကိုတောင် မစစ်ရသေးဘူး”ဟု ဧရာဝတီသို့ပြောသည်။

ဗိုလ်မှူးကျော်နုမော်၏ နေအိမ်တွင် အိမ်အကူလုပ်နေသည့် အသက် ၈ နှစ်အရွယ် မစုဝေကို ကိုယ်လုံးတီးချွတ်ကာ ရိုက်နှက်သည့် အိမ်ရှင်နှင့် အိမ်အကူ အမျိုးသမီးတဦး၏ အမှုမှာလည်း တရားရင်ဆိုင်နေဆဲ အခြေအနေတွင်သာရှိသည်။

ဥပဒေရေးရာ ကျွမ်းကျင်သူ ဦးတင်သန်းဦးက“ဒါက လူ့အခွင့်အရေး ပြဿနာမဟုတ်ဘူး။ နှိပ်စက်ညှင်းပန်းမှု ပြဿနာပါ။ လူ့ကိုယ်အင်္ဂါကို ထိခိုက်မှု၊ နာကျင်စေမှု ပြစ်မှုမကင်းတဲ့ အနိုင်အထက်မှု၊ တသက်လုံးကို ပြန်မကောင်းနိုင်အောင် နှိပ်စက် ခံလိုက်ရတာတွေရှိတယ်။ သူ့ပြစ်မှုနဲ့ သူရှိပြီးသား။ ဒီကလေးတွေရဲ့ကိစ္စကို မြန်မာနိုင်ငံ တရားစီရင်ရေးက ဖော်ထုတ် အရေးယူခြင်းအားဖြင့် အိမ်ဖော်တွေကို လက်လွယ်စပယ်နှိပ်စက်မှုမျိုးကို ဘယ်လို အကာအကွယ်ပေးနိုင်မလဲ ဆိုတာ အကောင်းဆုံးကြိုးစားသင့်တယ်။ ဖြေရှင်းသင့်တယ်” ဟု ထောက်ပြပြောဆိုသည်။

ပြစ်မှုများတွင် ငွေကြေးတတ်နိုင်သူများက  သက်ဆိုင်ရာကို လာဘ်ပေးကာ အမှုကိုဖျောက်ဖျက်ပစ်သည့် သဘာဝရှိကြောင်း၊ အင်းဝအပ်ချုပ်ဆိုင်မိသားစု၏ နှိပ်စက်ခြင်းခံခဲ့ရသည့် ကလေး ၂ ဦး၏ ကိစ္စတွင် ရဲစခန်းကို တို်င်ကြားခဲ့သော်လည်း အရေးယူမှုမရှိခဲ့ရာ ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်အပေါ် မေးခွန်းထုတ်စရာ ရှိကြောင်း လူအခွင့်အရေးလှုပ်ရှားဆောင်ရွက်သူများက ဝေဖန်မှုများရှိနေသည်။

“လူမဆန်စွာ နှိပ်စက်တာကို လွယ်လွယ်နဲ့ ကျေအေးပေးလို့မရဘူး။ သူ့လိုလုပ်ရင် သူ့လို ပြစ်ဒဏ်ခံရတယ်ဆိုတာ နောက်လူတွေသိအောင် လုပ်ရမယ်။ ရဲစခန်းသည် ညှိနှ်ိုင်းဖြေရှင်းရမယ့်နေရာမဟုတ်ဘူး ပြစ်မှုကျူးလွန်မှုကို အရေးယူရမှာ။ အခုလို လွယ်လွယ်နဲ့ တရားစီရင်ခဲ့လို့ တစထက်တစရက်စက်လာတဲ့ အမှုတွေ တားဆီးလို့ ရမှာ မဟုတ်တော့ဘူး။ ပြစ်မှုတွေ ပိုပြီး အတင့်ရဲလာတယ်။ အမျိုးသမီးရေးရာကော်မတီရှိတယ်။ ဘာမှ လုပ်ဆောင်ချက် မရှိဘူး။ ကာရာအိုကေမှာလုပ်နေတဲ့ မိန်းကလေးတွေ၊ ဈေးဝယ်စင်တာတွေက မိန်းကလေးတွေ ၊ လမ်းပေါ်ကျင်လည်နေတဲ့ကလေး တွေကို ဘယ်လိုအကာအကွယ်ပေးမလဲ မစဉ်စားဘူး ဖြစ်လာတော့မှသာ ထလုပ်နေတယ်။”ဟု ဦးတင်သန်းဦးက သုံးသပ်သည်။

အင်းဝအပ်ချုပ်ဆိုင်မိသားစုက လူမဆန်စွာ နှိပ်စက် ညှင်းပန်းသဖြင့် ကိုယ်လက်အင်္ဂါများ ထိခိုက်ပျက်စီးသည်အထိ ရိုက်နှက် နှိပ်စက်ခံရသည့် ကလေး ၂ ဦး၏ ပြဿနာကို  လူ့အခွင့်အရေးကော်မရှင်နှင့် ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သော်လည်း ထိရောက်သည့် အကာအကွယ်မပေးနိုင်ခြင်း၊ လျော်ကြေးငွေဖြင့်သာ ကျေအေးရန် ဆောင်ရွက်ခဲ့ခြင်းအပေါ် ဝေဖန်မှုများ မြင့်တက်နေသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို အရေးယူရန် လွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်းခဲ့သလို ကော်မရှင်ကို မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်ကလည်း မှုခင်းထိန်ချန်မှုဖြင့် တရားစွဲဆိုနိုင်ရန် စီစဉ်နေသည်။ အမှုကို ထိရောက်စွာ လုပ်ဆောင်ခြင်းမရှိခဲ့ဟု ဝေဖန်ခံနေရသည့် ကျောက်တံတားမြို့နယ်ရဲမှူးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ခုံရုံးဖွဲ့၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်။

တရားလွှတ်တော်ရှေ့နေ တဦးဖြစ်သည့် ဦးရောဘတ်စန်းအောင်ကလည်း အိမ်အကူ၊ ကလေးအလုပ်သမား များ၏ ကိစ္စများသည် လူမှုဝန်ထမ်းနှင့် အလုပ်သမာရေးရာ ဆိုင်ရာ ဌာနာများ က လုပ်ဆောင်ရမည့်ကိစ္စဖြစ်သော်လည်း မလုပ်ဆောင်ကြကြောင်း၊ ယင်းအပေါ် အိမ်ရှင်များက အခွင့်ကောင်းယူကာ အိမ်အကူများကို နှိပ်စက်ညှင်းပန်းမှုများ အပါအဝင် ပြဿနာများ ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း သုံးသပ်သည်။

အိမ်ရှင်များက နှိပ်စက်ညှင်းပန်းသည့် အိမ်အကူကလေး ပြဿနာများမှာ ဆက်လက် ဖြစ်ပွားနိုင်သည်။ သို့ဖြစ်ရာ အစိုးရက အိမ်တွင်းအလုပ်သမားဖြစ်သည့် အိမ်အကူများအတွက် ထိရောက်သည့် ကာကွယ်မှုမျိုးပေးနိုင်မည့် ဥပဒေများ ပြဋ္ဌာန်းရန် လိုအပ်နေပြီဖြစ်ကြောင်း လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများက ပြောဆိုကြသည်။ မေစစ်ပိုင်|

Saturday, September 24, 2016

အင်းဝ အပ်ချုပ်ဆိုင်အမှု စုံစမ်းဖော်ထုတ်သူ Myanmar now သတင်းထောက်ချုပ် ဦးဆွေဝင်း interview

ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်မှာ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်မိသားစုဝင်တွေက အိမ်အကူမိန်းကလေးငယ်တွေကို လူမဆန်စွာ လက်ချောင်းတွေကို ချိုး၊ ဓားနဲ့ မွှန်းစတဲ့ နှိပ်စက်ညှဉ်းပန်းခဲ့မှု၊ လုပ်ခမပေးဘဲ နှစ်နဲ့ချီခိုင်းစေနေတဲ့ အမှုကို မြန်မာစာနယ်ဇင်းသမားတဦးက ဖော်ထုတ်ဖွင့်ချပြီး တရားစွဲဆိုနိုင်တဲ့အဆင့်ကို ရောက်ရှိခဲ့ပါတယ်။  
ဒီနှိပ်စက်ညှဉ်းပန်းခိုင်းစေမှုကို လျှို့ဝှက်စွာ သတင်းရယူပြီး ရဲကို အကြောင်းကြားခဲ့၊ တိုင်ကြားခဲ့တဲ့ Myanmar Now သတင်းဌာနက သတင်းထောက်ချုပ် ဦးဆွေဝင်းကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
 ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးမှုတွေလုပ်ဆောင်နေသလို တရားစွဲဆိုမှုတွေလည်း လုပ်ဆောင်နေပါတယ်။
ကျောက်တံတားမြို့နယ်က အိမ်အကူကိစ္စမှာ ကိုဆွေဝင်းက ထုတ်ဖော်ရေးသားမှု၊ လိုက်ပါကူညီဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ အတိုချုပ်ရှင်းပြပေးပါခင်ဗျ။
“ကျနော်တို့သတင်းဌာနကနေပြီးတော့ အိမ်အကူမိန်းကလေးတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ဆောင်းပါးရေးတယ်။ အဲဒီဆောင်းပါးကိုဖတ်ပြီးတော့ လူတယောက်က ဆက်သွယ်လာတယ်။ ဆက်သွယ်ပြီးတော့ အင်းဝအပ်ချုပ်ဆိုင်မှာ ဒီလိုမျိုးနှိပ်စက်ခံရတာ ဖြစ်တယ်ဆိုတာကို သတင်းကြားတယ်ဆိုပြီးတော သတင်းလာပေးတယ်။ အဲဒါကို ကျနော်သွားပြီးတော့စုံစမ်းတယ်။ စုံစမ်းတော့ ကလေးတွေ တွေ့တယ်။ တွေ့တော့ ကျနော် ဓာတ်ပုံရိုက်တယ်။ လေ့လာတယ်၊ ဒဏ်ရာရှိမရှိကျနော်လေ့လာတယ်။ လေ့လာပြီးတော့မှ ကျနော် ကျောက်တံတားရဲစခန်းကို ကျနော်သွားအကြောင်းကြားတယ်။ သွားအကြောင်းကြားတော့ တရက်အကြောင်းကြားတယ်၊ နောက်တရက်ထပ်အကြောင်းကြားတယ်။ ဘာမှဖြစ်မလာဘူး။ ကျနော်လူ့အခွင့်အရေးကော်မရှင်ကို ရဲဌာနကို ဖိအားပေးလို့ရအောင်ဆိုပြီးတော့ တိုက်တွန်းလို့ရအောင်ပေါ့နော် လူ့အခွင့်အရေးကော်မရှင်ကိုအကြောင်းကြားတယ်။ ဆိုတော့ အဲဒါပြီးတော့မှ၊ အဲလိုဟာတွေပြီးတော့မှ ကျနော် ပထမတိုင်ကြားတဲ့အချိန်ကနေပြီးတော့ တလခွဲလောက်ကြာတဲ့အခါ ရဲစခန်းကနေပြီးတော့ ဆက်သွယ်လာတယ်။ ဆက်သွယ်လာပြီး ဒီကိတ်စ္စနဲ့ပတ်သက်ပြီးတော့ စစ်ဆေးချင်လို့ပါလို့ဆိုပြီး ကျနော်ကို ပြန်ဆက်သွယ်လာတော့ ကျနော်သွားတယ်။ သွားတဲ့အခါကျတော့ ကျနော်ပြောတယ်၊ ဘာဖြစ်လို့ကျနော်ဟာကို ယခင်က အချက်အလက်တွေအားလုံးပေးပြီးသွားပြီ၊ ဘာလို့ မဆက်သွယ်တာလဲ။ ကလေးတွေဟာ သတ်ပစ်လိုက်နိုင်တယ်၊ အန္တရာယ်ရှိနိုင်တဲ့အနေအထားရှိတယ်။ ဘာလို့လဲဆိုတော့ ကျနော်ဓာတ်ပုံရိုက်တဲ့အချိန်မှာ ဆိုင်ရှင်တွေက မသင်္ကာဖြစ်တယ်နော်။ အဲဒီအခြေအနေမှာ ဘာလို့မလုပ်တာလဲလို့ ကျနော်မေးတယ်။ ဒါပေမယ့်သူတို့ ဘာမှ မပြောဘူး။ မပြောတော့ သူတို့ကိုကျနော်ပြောတယ်၊ အလုပ်မရှုပ်အောင် ပထမဖိုင်တွဲကိုဖွင့်လိုက်ပါလို့ ကျနော်ပြောတာ သူတို့က ဘာမှ မပြောတော့။ ကျနော်ပြောမှာပဲ သူတို့သွားစစ်လို့ရမယ်လို့ပြောတော့ ကျနော်က ကျနော်တိုင်ချက်မဖွင့်ချင်ဘူး။ ကျနော် သတင်းထောက်ဆိုတော့ ဘယ်အဖွဲ့၊ ဘယ်ထောင့် အမှုအခင်းမှာမှ မပါချင်ဘူး။ ဘယ်ပါတီ (အစုအဖွဲ့) ပေါ့၊ အဲလိုမျိုးကျနော် မပါချင်ဘူးဆိုတော့။ ဒါပေမယ့် ကျနော် မတိုင်လို့ရှိရင်၊ တရားဝင်မတိုင်ရင် သွားစစ်ဆေးခွင့်ရဲဌာနမှာ မရှိဘူး။ အဲဒါဆို တိုင်မယ်ဆိုပြီး ကျနော်တိုင်တယ်။ ဓာတ်ပုံအထောက်အထားတွေ ပြန်ပေးတယ်။ ပြန်ပေးပြီးတော့မှ အဲဒါ သြဂုတ်လလောက်မှာ ပြန်ပေးပြီးတော့ကျနော် ဘာမှ ထပ်မကြားရတော့ဘူးပေါ့နော်။ မကြားရတော့ ကျနော်ရဲစခန်းကို ထပ်ပြီးတော့ ဖုန်းဆက်တယ်၊ ထပ်ကာတလဲလဲ ဖုန်းဆက်တယ်။ ကော်မရှင်ရုံးကိုဖုန်းဆက်တယ် ဘာမှမကြားရဘူး။ လွန်ခဲတဲ့ ၁၅ ရက်နေ့ (စတ်တင်ဘာ) ကျမှ ကော်မရှင်က ဆင့်ခေါ်လို့ဆိုပြီးတော့ ကျနော်ရောက်သွားတယ်။ ရောက်သွားပြီးတော့မှ ဒါ ခုလိုမျိုး ငွေကြေးနဲ့ညှိနှိုင်းတယ်ဆိုတဲ့အခြေအနေကို ရောက်တယ်။ ညှိနှိုင်းတဲ့ပွဲကိုကျနော်ရောက်ခဲ့တာပေါ့။”
ဒီအမှုအခင်းနဲ့ပတ်သက်လို့ ကျောက်တံတားမြို့နယ်ရဲမှူးကိုဒီဗွီဘီက မေးမြန်းရာမှာ ဒီအမှုကို သူမသိဘူး။ သူ့ဆိုလက်ခံရောက်ရှိလာခြင်းမရှိဘူးလို့ပြောပါတယ်။ နောက်ပိုင်းကျမှ အထက်ညွှန်ကြားချက်အရ သိရှိဆောင်ရွက်တာလို့ပြောတယ်။ ဒီတော့ ကိုဆွေဝင်းကနဦး တိုင်ကြားမှုနဲ့ ကျောက်တံတားမြို့နယ်ရဲမှူးနဲ့ကြားထဲမှာ ကွင်းဆက်ပြတ်နေတဲ့ အဟလေးရှိနေတယ်။ ဒီအမှုဟာ ရဲမှူးက မသိတာလား၊ အမှုကိုကြားထဲမှာ ဖျောက်လိုက်တာလား။ ဘယ်လိုနားလည်လဲ။
“သူတို့မနေ့က ခုံရုံးစစ်တယ်ခင်ဗျ (ဒီအမှုနဲ့ပတ်သက်လို့ ရဲအချင်းချင်းခုံရုံးဖွဲ့စစ်ဆေးခြင်း)။ ကျနော်ကိုလည်းခေါ်တယ် အဲဒီစစ်တဲ့အချိန်မှာလေ။ ရဲဌာနတွင်း ဒါတွေအားလုံးကို ကျနော်တိုင်ခဲ့တဲ့ ကနဦးတိုင်ချက်နဲ့ပတ်သက်ပြီးတော့ ပျက်ကွက်ခဲ့တဲ့လူတွေအားလုံးကို အရေးယူမယ်။ ဆိုတော့ သူတို့ အဲဒီမှာ တာဝန်ရှိတဲ့သူတွေအားလုံးကို ခေါ်တယ်၊ ခေါ်စစ်တယ်။ သူတို့ရဲ့ထွက်ဆိုချက်တွေ ကျနော်နားထောင်တယ်။ မှန်မမှန် ကျနော် ပြန်ပြောတယ်။ အဲဒီပွဲကို ကျနော်သွားတက်တယ်။ သွားတက်တော့ ကျနော်ဘာသိခဲ့ရလဲဆိုတော့ ကျနော်သွားတိုင်တုန်းက စခန်းမှူးကို တာဝန်ကျတဲ့သူကနေပြီးတော့ ဒါကို ဓာတ်ပုံအထောက်အထားနဲ့တကွ သူက သတင်းပို့ခဲ့တယ်။ ဒါပေမယ့် အဲဒီစခန်းမှူးက တာဝန်ပျက်ကွက်ခဲ့တယ်ပေါ့။ အဲဒီစခန်းမှူးက တာဝန်ပျက်ကွက်ခဲ့ပြီးတော့ တခြားနေရာကို ပြောင်းသွားတယ်၊ တခြားမြို့နယ်တခုကို၊ စခန်းမှူးအသစ်ရောက်တယ်။ အဲဒီစခန်းမှူးအသစ်ရောက်မှ သူက လူ့အခွင့်အရေးကော်မရှင်က တိုင်ကြားချက်ကို သူ ထပ်ရပြီးတော့ ကျနော့်ကို ပြန်စစ်တယ်ပေါ့။ အဲဒီအခြေအနေမှာရှိတယ်။ ဆိုတော့ ဒီမနက် (စက်တင်ဘာ ၂၂ရက်) ကျနော် ရန်ကုန်တိုင်းရဲမှူးချုပ် ဦးဝင်းနိုင်နဲ့တွေ့တော့ သူကပြောတယ် ဒါနဲ့ပတ်သက်ပြီးတော့ ကျနော် ကနဦးတိုင်ကြားချက်နဲ့ပတ်သက်ပြီးတော့ အရေးမယူခဲ့တဲသူတွေအားလုံးကို သူတို့ရဲဌာနတွင်း အရေးယူမယ်ဆိုပြီးတော့ ကျနော့်ကို ပြောပါတယ်။”
ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကတော့ ကျူးလွန်သူလို့သုံးနှုန်းတာပေါ့။ ဖမ်းဆီးရရှိမှု၊ စစ်ဆေး ဖော်ထုတ်ရရှိမှု နောက်ဆုံးအခြေအနေ သိပါရစေ။
” အခုလောလောဆယ်တော့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကနေပြီးတော့ ဒီအမှုမှာ ပါဝင်ပတ်သက်သူအားလုံး၊ မိသားစုဝင်အားလုံး၊ ဒီအားလုံးကို အကုန်လုံးကိုဖမ်းဆီးဖို့လုပ်နေတာ လောလောဆယ် ၄ ယောက်မိထားတယ်ပေါ့။ နောက်ထပ်အနည်းဆုံး ၂ ယောက်ကို သူတို့တွေ ဒါက ကျနော့်ရှေ့မှာပဲ။ ရဲစခန်းမှာဒီမနက် တော်တော်ကြာကြာလေးနေခဲ့တယ်။ မနေ့ကလည်း ရဲစခန်း အနောက်တိုင်းစခန်းမှာ ကျနော် တော်တော်ကြာကြာလေးနေခဲ့တော့ သူတို့ အပူတပြင်းကို ဒါကို ကျန်တဲ့သူတွေ ရှာဖွေဖမ်းဆီးရေးအတွက် သူတို့လုပ်ဆောင်နေတာ ကျနော် သိရပါတယ်။”
ကိုဆွေဝင်း ကူညီဆောင်ရွက်နေချိန်မှာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးမှာ၊ ထွေအုပ်ရုံးမှာ အပေးအယူညှိနှိုင်းပြောဆိုပြီး ကလေးတွေနဲ့ အိမ်ရှင်တွေနဲ့ အပေးအယူလုပ်တာ သိန်းငါးဆယ်နဲ့ သဘောတူညီကြတယ်ဆိုတာလည်း သိရတယ်။ အဲဒါ ဘယ်လိုဖြစ်ခဲ့တာလဲ။
“ဒါဟာ အင်မတန် အံ့သြစရာဖြစ်တဲ့အချက်ပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်ကို ကော်မရှင်က ဆင့်ခေါ်လိုက်တော့ ကျနော်တော်တော်အံ့သြသွားတယ်။ ဆင့်ခေါ်စာမှာ ဖိတ်စာက ဒီစွပ်စွဲခံထားရတဲ့ အိမ်ရှင်တွေကိုလည်း ဒီစာက မိတ်တူပို့တယ်ဆိုတာ ပါတယ်။ ကျနော်ကိုလည်း မိတ်တူပို့တယ်။ အဲဒီအချိန်မှာ ကျနော်နာမည်တွေ၊ ကျနော်ဖုန်းနံပါတ်တွေကို ထည့်ပြီးတော့မှ ကော်မရှင်ကနေ ပို့တာနော်။ နောက်ပြီး ကျနော်ကိုဖိတ်ခေါ်တယ်။ အဲဒီစာ ဖတ်လိုက်တာနဲ့ ကာယကံရှင်တွေနဲ့ ကျနော် တိုင်ကြားပါတယ်ဆိုတဲ့သူနဲ့ စွပ်စွဲခံရတဲ့ ကာယကံရှင်နဲ့ ကျနော်နဲ့ ထိပ်တိုက်ကိုတွေ့ခိုင်းမယ်ဆိုကတည်းကိုက  ဟာ ဒါ တော်တော်လေးကို အဆင်အခြင်မဲ့တဲ့ ကိတ်စ္စပဲဆိုတာကျနော် သဘောပေါက်လိုက်တယ်။ ကျနော်စာကိုသေသေချာချာဖတ်ကြည့်တော့ ကလေးမိဘတွေအကုန်လုံးက တက်ပြီးတော့မှ ဒါကိုဖြေရှင်းမယ်၊ ဆိုတော့ ကျနော်တော်တော် စိတ်ဝင်စားသွားတယ်။ ကလေးမိဘတွေအတွက် တော်တော်စိုးရိမ်သွားတယ်။ ဒါကြီးကို ဘယ်လိုဖြေရှင်းမလဲ။ ကျနော်လည်းမသွားချင်ဘူး ဖြစ်နိုင်ရင်တော့။ ကျနော်အန္တရာယ်ရှိ နိုင်တယ်ပေါ့နော် ကျနော်သုံးသပ်ကြည့်တော့။ ဒါပေမယ့် ဒါကြီးကို စိုးရိမ်ပြီးတော့ ကျနော်သွားလိုက်တယ်။ သွားလိုက်ပြီးတော့ ကော်မရှင်ရုံးကို ကျနော်သွားလိုက်တယ်။ ကော်မရှင်ရုံး ရောက်လည်းရောက်သွားရော ကျနော် တော်တော်စိုးရိမ်သွားတယ်။ ဒီ မိဘတွေဟာ တောကနေတက်လာပြီးတော့မှ တကယ့်ကို ကျေးလက်တောသူတောင်သားဆိုတာ အင်မတန်ကို ဒါ ရိုးအတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ သူတို့ဟာ ကော်မရှင်ရုံးခန်းကြီးမှာ မရောက်ဖူးဘဲနဲ့ တောင်ကြည့်မြောက်ကြည့်၊ ဟို အဲကွန်းတွေ လိုက်ကြည့်တယ်။ ဆိုဖာထိုင်ခုံကြီးတွေ လိုက်လှည့်တယ်။ ဘယ်လိုလုပ်ရမှန်းမသိဘူး။ သူတို့ရောက်နေတာ ရဲစခန်းလား၊ ကော်မရှင်ရုံးခန်းလား၊ တရားခွင်လား၊ သူတို့ဘာမှန်းမသိဘူး။ အဲဒီနေရာကို သူတို့ရောက်တယ်ဆိုတော့ ကျနော် တွေ့လိုက်တာနဲ့တပြိုင်နက် ကျနော် ဒီဟာကို အစည်းအဝေးကိုတက်ဖို့ ကျနော် ဆုံးဖြတ်လိုက်တယ်။ အစည်းအဝေးကို ကျနော်သွားတက်တယ်။ အစည်းအဝေးကိုသွားတက်တော့ ရဲဌာနရဲ့အစီရင်ခံစာကိုဖတ်ပြတယ်။ အစီရင်ခံစာထဲမှာ အနှစ်ချုပ်က အရေးကြီးတဲ့အချက် ၃ ချက်ပါပါတယ်။ ဘာပါလဲဆိုတော့ နံပါတ် (၁) ကလေးတွေကို ကျွန်ပြုနေတယ်။ နံပါတ် (၂) ကလေးတွေကို ညှဉ်းပန်းနှိပ်စက်နေတယ်။ နံပါတ် (၃) ကလေးတွေကို လုပ်အားခေါင်းပုံဖြတ်နေတယ်။ ဒါကြောင့်မို့လို့ ဒါဟာ ဥပဒေကြောင်းအရ အရေးယူသင့်တဲ့အမှုဖြစ်ပါတယ်ဆိုပြီးတော့  ရန်ကုန်တိုင်းရဲတပ်ဖွဲ့က နေပြီးတော့ မှတ်ချက်ပြုတဲ့စာကို ဖတ်ပြတယ်။ အဲဒီမှတ်ချက်ဖတ်ပြလို့ဆုံးပြီဆိုတာနဲ့တပြိုင်နက် (အမျိုးသားလူ့အခွင့်အရေးကော်မရှင်) ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းကနေပြီးတော့ ဘယ်နေရာရောက်လို့ ဘာပြောရမှန်းမသိတဲ့၊ တောသူတောင်သားမိဘတွေနဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေနဲ့ နှစ်ဘက် ညှိနှိုင်းကြပါလို့ ဒဲ့ကို ပြောခိုင်းလိုက်တယ်။ ကျနော်က ချက်ခြင်းထကန့်ကွက်လိုက်တယ်။ ရဲစခန်းက ရဲဌာနက ဖတ်ပြလိုက်တဲ့ ခုနပြစ်မှုတွေက အင်မတန်ကြောက်စရာကောင်းပြီး ကြီးလေးတဲ့ရာဇ၀တ်မှုကြီးတွေ၊ သိန်းတထောင်၊ သိန်းတသောင်း ပေးရင်တောင်မှ ဖြေရှင်းလို့မရတဲ့ အမှုတွေ၊ ကြေအေးလို့မရတဲ့အမှုတွေ။ ဒါတွေကို ဥပဒေအတိုင်းပဲ လုပ်ရမယ်ဆိုပြီးတော့ ကျနော်ထပြောတယ်။ ဒါကို ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ကိုဆွေဝင်း၊ ခင်ဗျားကာယကံရှင်မဟုတ်ဘူး မပြောပါနဲ့လို့ပြောတယ်။ ကာယကံရှင်မိဘတွေက ဘာပြောရမှန်းမသိဘူး။ တောင်ကြည့်နေတယ်၊ မြောက်ကြည့်နေတယ်။ ကျနော်က စာကလေးတခု အမြန်ရေးလိုက်တယ်။ ကျမ ဥပဒေအတိုင်းဖြစ်ချင်ပါတယ်ဆိုတဲ့ စာကလေးတခုရေးပြီးတော့ မိဘတွေရဲ့ခုံပေါ် ကျနော်တင်ပေးလိုက်တယ်။ ဒါပေမယ့် ခက်တာက စာမဖတ်တတ်ဘူးတဲ့။ စာမဖတ်တတ်ဘူး။ အဲဒီအချိန်မှာ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်တွေက နေပြီးတော့ ကလေးမိဘတွေကို ချက်ခြင်းဘာပြောလာလဲဆိုတော့ ခြိမ်းခြောက်လာတယ်။ ခင်ဗျားတို့ ကျနော်တို့ကိုပို့တုန်းက ကလေးငယ်တွေက အသက်မပြည့်ဘူး။ ဒါကြောင့်မို့လို့ ခင်ဗျားတို့ကို ရာဇ၀တ်ကြောင်းအရ အရေးယူလို့ရတယ်လို့ ပြောလာတယ်။ ခြိမ်းခြောက်တယ်။ အဲဒီခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး ကော်မရှင်က တစုံတရာတခွန်းမှ ၀င်မပြောဘူး။ ဒါ နံပါတ်တစ်အချက်ပေါ့။ နောက်တခါကျတော့ ဘာပြောလဲဆိုတော့ ကလေးတွေက ကျူးလွန်ထားတဲ့ ရာဇ၀တ်မှုတွေ၊ ပြစ်မှုတွေအများကြီးရှိတယ်၊ ဒီနှစ်တွေအတောအတွင်းမှာ၊ အဲဒါကို သူတို့ အထပ်လိုက်ပြုစုထားတယ်။ ကျနော် ထပြောတယ် ခင်ဗျားတို့ အဓိပ္ပာယ်တော်တော်မဲ့တဲ့လူတွေ၊ လူမဆန်တဲ့လူတွေ။ ခင်ဗျားတို့ ဒီနေရာ ရောက်တယ်၊ တရားခွင်မှာဖြေရှင်းရမယ်။ ခင်ဗျားတို့စပြီးလုပ်ရမှာက ခင်ဗျားတို့ တောင်းပန်တယ်။ ၀မ်းနည်းကြောင်းပြောကြားရမယ်နော်။ ဒါကို မပြောကြားဘဲနဲ့ ခင်ဗျားတို့က ဒီမိဘတွေကို ခြိမ်းခြောက်ပြီဆိုတော့ ဒါအင်မတန်ဥပဒေမဲ့တဲ့ကိစ္စပဲလို့ ကျနော်ပြောတယ်။ ကော်မရှင်က တခွန်းမှ ၀င်မပြောဘူး။ ကျနော်ကို မပြောဖို့ဆိုပြီးတော့ ကျနော့်ကို ဖိအားပေးတယ်။ နောက်ကြောင်းမပြန်ပါနဲ့ဆိုတဲ့ စကားလုံးတွေသုံးတယ်။ အပျက်သဘောမဆွေးနွေးပါနဲ့ ဆိုတဲ့စကားလုံးတွေသုံးတယ်။ ကျနော် ဘာပြောရမှန်းမသိတော့ ဆက်ပြီးတော့ ထိုင်နေတယ်။ ကလေးမိဘကလည်း ကျနော်ပြောတဲ့ စာလေးတကြောင်းကို မဖတ်တတ်ဘူး။ အဲလိုအခြေအနေမှာ ဖြစ်နေတာပေါ့နော်။ ဆိုတော့ ဟိုဘက်ကလည်း ခြိမ်းခြောက်တယ်။ အဲဒီအချိန်မှာ ဟိုဘက်က ဘာဖွင့်ပေးလဲဆိုတော့ ဖြစ်ပြီးတာတွေ မပြောပါနဲ့တဲ့။ ကလေးမိဘက ကျနော် အဲလိုမျိုး တခါနှစ်ခါ ပြောလိုက်တဲ့အခါအားရှိလာပြီးတော့ ကျနော့်သမီးလေးဟာ  လက်ဆယ်ချောင်းလုံးကျိုးသွားပါတယ်။ လက်မောင်းကို ရိုက်ချိုးခံထားရတယ်။ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေအများကြီးဆိုတော့  ဟာ ကျနော် တော်တော်ပေါက်ကွဲသွားပြီ။ ရဲရဲ့အစီရင်ခံစာထက် ပိုပြီးတိကျတဲ့ဟာကို ကျနော် ကြားလိုက်ရတယ်။ အဲဒါနဲ့ ကျနော်ချက်ခြင်းထပြောတယ်။ ကျနော်ပြောခွင့်မရှိပေမယ့်လည်း။ ချက်ခြင်းဆရာဝန်ခေါ်လိုက် ခင်ဗျားတို့၊ မှုခင်းစစ်ဆရာဝန်ကြီးကိုခေါ်လိုက်။ ဒါကိုလည်းမရဘူး ကျနော့်ကို၊ ဆက်ပြီးတော့ ကျနော်ပြောဆိုခွင့်မရဘူး။ မိဘတွေက ပြန်ချင်နေပြီ။ မနက် ၁၀ နာရီကတည်းက ရောက်နေတာ၊ ၉ နာရီ ၁၀ နာရီကတည်းကရောက်နေတာ ထမင်းမစားရဘူး တယောက်မှ။”
အဲဒီလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းဆိုတာ ဒုရဲချုပ်၊ အကျဉ်းဦးစီးဌာနညွန်ချုပ် ရာထူးတွေ ထမ်းခဲ့ဖူးတယ်လို့ သိရတယ်။ သူက ဒီကိစ္စကို လူသားမဆန်ညှဉ်းပန်းနှိပ်စက်မှုအဖြစ်ယူဆလား။ ဒါမှမဟုတ် ကာယကံရှင်ချင်းပြေလည်ရင် ပြီးရောလို့ သဘောထားလား။ ရှင်းပြပေးပါ။
“သူ့ရဲ့ပုံစံက ပြေလည်အောင်ဆိုပြီးတော့၊ ပြေလည်ဖို့ဆိုတဲ့စကားလုံးနဲ့ သူကနေပြီးတော့ သုံးစွဲပြီးတော့ ဒါကိုညှိနှိုင်းတဲ့ဟာပဲ။ ဒါနဲ့ပတ်သက်ပြီးတော့ ရဲတပ်ဖွဲ့ရဲ့ ဥပဒေကြောင်းအရ စီရင်ဖို့၊ ရဲတပ်ဖွဲ့ရဲ့ကြီးမားတဲ့ရာဇ၀တ်မှုကြီးတွေ ဖတ်ပြတာနဲ့ပတ်သက်ပြီး သူ တခုမှ မှတ်ချက်ပေးခြင်း မရှိဘူး။ ဒါတွေဟာ အလေးအနက်ထားပြီးလုပ်ဆောင်ရမယ့်ကိစ္စလို့ သူတခွန်းမှ ၀င်မပြောဘူး။ ညှိနှိုင်းကြပါ၊ ညှိနှိုင်းကြပါဆိုတဲ့ ဟာကိုပဲ နှပ်ကြောင်းပေးပြီးတော့ သွားတယ်ပေါ့နော်။ ဆိုတော့ ကျနော်က ပထမအဆင့် ဥပဒေကြောင်းအရ အရေးယူခိုင်းတယ်၊ ဒါလည်းမရဘူး။ ညှိနှိုင်းကြပြီဆိုတော့ ကျနော် ထပ်ပြီးတော့ ဆရာဝန်တွေခေါ်ဖို့ဆိုတာကို ဒါနဲ့ပတ်သက်ပြီးတော့ ကော်မရှင်က ကျနော့်ကို ဒါနဲ့ပတ်သက်ပြီးထောက်ခံကြောင်း လုံးဝမပြောတဲ့အပြင် ဒါနဲ့ပတ်သက်ပြီးတော့ အားပေးအားမြှောက် ဘာတခုမှ မပြုဘူးပေါ့ဗျာ။ ဆိုတော့ အဲဒီအခြေအနေမှာ ဆိုင်ပိုင်ရှင်တွေကနေပြီးတော့မှ ဒါ ငွေကြေးနဲ့ ညှိနှိုင်းရမယ်ဆိုတဲ့ လမ်းကြောင်းကိုတင်လာတယ်။ ကလေးမိဘတွေက သူတို့အဖြစ်ချင်ဆုံးဆန္ဒက အဲဒီနေ့က ဘာလဲဆိုတော့ ငွေလိုချင်လို့မဟုတ်ဘူး။ တရားရေးမဟုတ်ဘူး သူတို့တတွေက။ သူတို့လိုချင်တာက ဒီရုံးခန်းထဲက အမြန်ဆုံးထွက်သွားဖို့ပဲ။”
ဒီတွေ့ဆုံပွဲမှာ ကော်မရှင်နဲ့ ကလေးမိဘတွေနဲ့ ကိုဆွေဝင်းပဲလား။ ကျန်တဲ့ ဒီ ဌာနဆိုင်ရာ ဥပမာ- အမျိုးသမီးရေးရာအဖွဲ့လိုမျိုး၊ ရဲတပ်ဖွဲ့လိုမျိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူးလိုမျိုး အာဏာပိုင်တွေပါသေးလား။ ဘယ်သူတွေပါသေးလဲ။
“ကျောက်တံတားမြို့နယ် ရဲအရာရှိတယောက်ပါတယ်။ နောက်ပြီးတော့ ကျောက်တံတားထွေအုပ်ပါတယ်။ ကျောက်တံတား မိခင်၊ စောင့်ရှောက်ရေးပါတယ်။ ဒီအဖွဲ့တွေအကုန်လုံးက ရောက်လာတယ်။ ဒါပေမယ့် ထွေအုပ်တို့၊ မိခင်ကလေးစောင့်ရှောက်ရေး အစရှိသည်ဖြင့်ပေါ့ သူတို့တတွေအကုန်လုံးက ၁၁ နာရီကစလိုက်တဲ့အစည်းအဝေး ညနေ ၆ နာရီထိ ထိုးသွားတယ်။ စကားလုံးတခွန်းမှ မပြောသွားဘူး။ ဒါပေမယ့် သူတို့တတွေဟာ ဒါနဲ့ပတ်သက်ပြီးတော့ သူတို့တတွေဟာ ဒါကြီးဖြစ်ပျက်နေတဲ့ဟာကို သူတို့တတွေက သဘောတူလို့မဟုတ်ဘူး။ ကျနော့်ကိုလာပြောတယ်။ ကိုဆွေဝင်းထပြီးကန့်ကွက်တာ သိပ်ကောင်းတယ်ဆိုပြီးတော့မှ သူတို့တွေက အသာတကြည် ကျနော့်ကို လာပြောကြတယ်။ ဒါကြောင့်မို့ သူတို့က နိုင်ငံတော်အဆင့် ကော်မရှင် (မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်ရှင်) ပုဂ္ဂိုလ်တွေ၊ နောက်ပြီးတော့ ဒီပုဂ္ဂိုလ်တွေဟာ အရင်တုန်းက ဒုရဲချုပ်တို့၊ အကျဉ်းဦးစီးညွှန်ကြားရေးမှူးချုပ်တို့ ဒီလိုလုပ်ခဲ့တာ။ နောက်ပြီးတော့ ဒေါ်မြမြဆိုတဲ့လူက မိခင်နဲ့ကလေးစောင့်ရှောက်ရေးမှာ ဗဟိုကော်မတီဝင်ပါတဲ့ပုဂ္ဂိုလ်ရှိတယ်။ ဆိုတော့ မြို့နယ်အဆင့် မိခင်နဲ့ကလေးစောင့်ရှောက်ရေးက မိခင်နဲ့ကလေးစောင့်ရှောက်ရေးမှာ ဗဟိုကော်မတီဝင် အမျိုးသမီးတယောက်ကိုဘယ်လိုမျိုး ဆန့်ကျင်ပြီးပြောရဲမလဲ။ အဲဒီချိန်မှာ ဒေါ်နန်းမြဆွေဆိုတဲ့ အမျိုးသမီးကပြောတယ်၊ အိမ်အကူနဲ့အိမ်ရှင်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတာပဲ၊ ကျမကိုယ်တိုင် တခါတလေရိုက်ရတာပဲဆိုပြီးပြောတယ်။ ဆိုတော့ အဲဒီအခြေအနေမှာ သူတို့က သဘောပေါက်သွားပြီလေ။ ကျန်တဲ့ထွေအုပ်တို့၊ ကျန်တဲ့ ဟိုဟာ (မြို့နယ်အဆင့်မိခင်နဲ့ ကလေးစောင့်ရှောက်ရေး) တို့က ဒါကို ကော်မရှင်က ဘယ်လိုသဘောထားရှိလဲဆိုတာ သူတို့သဘောပေါက်သွားတော့ သူတို့ တခွန်းမှ ၀င်မပြောကြတော့ဘူး။ အိမ်ရှင်တွေကလည်း ရဲတင်းသွားပြီ။ ဒီကော်မရှင်တခုလုံးက သူတို့ဘက်မှာ ဆိုတာကို သူတို့က ရဲတင်းသွားတဲ့အတွက်ကြောင့်မို့ ကလေးမိဘတွေကို ခြိမ်းခြောက်ပြီးတော့ ရာဇ၀တ်ကြောင်းအရခြိမ်းခြောက်တယ်။ ကလေးတွေကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ သူတို့ကျူးလွန်ထားတဲ့ ပြစ်မှုတွေ အများကြီးရှိတယ်၊ အထောက်အထားကို သူတို့ပြောရာမှာ စကားလုံးက အပုံအပင်ရှိတယ် အထောက်အထားတွေ၊ ကလေးတွေက ကျူးလွန်ထားတဲ့ ပြစ်မှုတွေ။”
အဲဒီတော့ သိန်း ၅၀ ကို ကလေးတွေက လက်ခံလိုက်လား။ ဒီသိန်း ၅၀ လက်ခံခြင်းရဲ့နောက်ကွယ်မှာ သတင်းသမား စကားနဲ့ပြောရရင် သိန်း ၅၀ နဲ့သဘောတူညီချက်ရသွားအောင် နောက်ကွယ်က အကြောင်းအရာတွေ ရှိနေနိုင်မလား။ ဘယ်လိုမြင်လဲ။
“ကျနော်ကတော့ နောက်ကွယ်ကနေ ဖိအားပေးတာတော့ ကျနော်မမြင်ဘူး။ ကလေးမိဘတွေက အိမ်ပြန်ချင်ပြီ။ ငွေကြေးနဲ့ညှိနှိုင်းခိုင်းတယ်၊ အဲဒီမှာ ကော်မရှင်အဖွဲ့တချို့က ခင်ဗျားတို့ တောကနေပြီးတော့ မြို့တက်၊ မြို့ကနေပြီးတော့မှ တောပြန် ရုံးချိန်းတွေနဲ့ ခင်ဗျားတို့တတွေ ဒုက္ခရောက်လိမ့်မယ်ဆိုတဲ့ စကားလုံးပြောလိုက်တော့၊ သူတို့က အိမ်ပြန်ရမယ်။ ဟိုက ငွေကြေးနဲ့ ညှိနှိုင်းခိုင်းတယ်။ ဒါဆိုလို့ရှိရင် ကျမငွေကြေးဘယ်လောက်လို ချင်တယ်။ ပြောပြီးရင် အိမ်ပြန်ရပြီသူတို့က။ ဆိုတော့ ကလေးမိဘတယောက်က  ကျမ သူ မရခဲ့တဲ့ လုပ်ခတွေလစာအားလုံးအပါအ၀င်၊ ၂ နှစ် ၃ နှစ်စာ အားလုံးအပါအ၀င် သိန်း ၅၀ လိုချင်တယ်ပြောတယ်။ အဲဒါကို ပိုင်ရှင်ဘက်ကနေ သိန်း ၅၀ မပေးနိုင်ဘူး။ သိန်း ၃၀ ပဲ ပေးနိုင်မယ်၊ အဲလိုပြောတယ်။ အဲဒါနဲ့ ဟိုဖက် ဒီဖက် ဈေးဆစ်။ ကျနော်က ငွေကြေးနဲ့ပတ်သက်ပြီး ပြီးစေချင်တဲ့လူမဟုတ်ဘူး။ ဒါပေမယ့် ဟိုကောင်တွေ အိမ်ရှင်ဘက်ကို ဈေးဆစ်တာကိုကြည့်ပြီး ကျနော် တော်တော်ပေါက်ကွဲ။ ခင်ဗျားတို့ သိပ်လွန်လွန်းအားကြီးတယ်ဗျာလို့။ အဲလိုပြောတော့ နောက်တခါကျတော့ ဒါဆိုရင် ဆယ်သိန်းတိုးပေးမယ်၊ ဆယ်သိန်းကိုဘယ်လိုလုပ်မလဲဆိုတော့ အရစ်ကျပေးမယ်။ နှစ်နှစ်စာ။ အဲဒါနဲ့ နောက်ပိတ်ဆုံးလည်းကျတော့သိန်း ၄၀ နဲ့ လက်ဆယ်ချောင်းကျိုးသွားတဲ့၊ လက်မောင်းကျိုးသွားတဲ့၊ မီးလောင်ဒဏ်ရာနဲ့ ကလေးငယ်အတွက် ၂ နှစ်၊ ၃ နှစ် လုပ်အားခအားလုံးအပါအ၀င် နစ်နာကြေး သိန်း ၄၀၊ ကလေးမိဘတွေက သင်္ချာမတွက်တတ်ဘူး။ တလမှာဘယ်လောက်လဲဆိုတာ။ ဟိုက ၁ သောင်းခွဲနဲ့တွက်နေတယ်။ သတင်းတွေမှာ ဖော်ပြတဲ့ ၂ သောင်းခွဲဆိုတာ မဟုတ်ဘူး။ ၁ သောင်းခွဲနဲ့တွက်တယ်။ တွက်ပြီးတော့ နစ်နာကြေးဆိုပြီးတော့ တွက်တယ်။ ကျနော်က ထပြောတယ်၊ လက်ချောင်းတချောင်းကျိုးလို့ကုရင် ဘယ်လောက်ကုန်မလဲ။ အဲဒီအဖြေကို ဘာမှ မဖြေကြဘူး။ ပြန်ပြီးတော့။ လက် ဆယ်ချောင်းဆို ဘယ်လောက်ကုန်မလဲ။ ဒါနဲ့ပတ်သက်ပြီးတော့ ဘာမှ မရှိကြဘူး။ အဲဒါနဲ့ သိန်း ၄၀ နဲ့ လျော်ကြေးပြီးသွားတယ်။ နောက်တယောက်က တချောင်းမှ မကျိုးလို့ဆိုပြီးတော့မှ တခါတည်း ဒဏ်ရာတွေရှိတယ်၊ သူ့ရဲ့ ၂ နှစ်၊ ၃ နှစ်စာ လုပ်အားခအားလုံးအပါအ၀င် နစ်နာကြေး ဆယ်သိန်း။ အင်မတန် ရယ်စရာကောင်းတယ်။ ကော်မရှင်အဖွဲ့ဝင်လူကြီးတွေက ၀င်ပြောရမယ်။ ဟာ- လုပ်အားခတောင်မှ သိန်း ၂၀ လောက်ရှိမယ့်ကိစ္စကို လုပ်အားခအားလုံးအပါအ၀င် ၁၀ သိန်းနဲ့ပြီးသွားတယ်။ ကလေးမိဘတွေလည်း ပြန်ရရင်ပြီးရောဆိုပြီးတော့ လက်မှတ်ထိုးတယ်။ ကျနော် အင်မတန် ငွေကြေးနဲ့ဖြေရှင်းရာကို ကျနော်ကနေပြီးတော့ ဒါ မလိုလားတဲ့ပုဂ္ဂိုလ်။ ဒါပေမယ့် ကလေးမိဘတွေက ငွေမရေတတ်တော့ ကျနော် ငွေရေ (ရေတွက်) ပေးရတဲ့အဆင့်ရောက်သွားတယ်နော်။ ဒါကြီးကို။ အဲဒါနဲ့ ဆိုင်ရှင်တွေက ဘာလုပ်လဲဆိုတော့ အဲဒါကိုကျနော့်ကို ဓာတ်ပုံရိုက်တယ်။ အခုသတင်းထောက်တွေသွားတော့ ကျနော့်ကိုဘာပြောလဲဆိုတော့ ဒီအမှုကြီးကို ကိုဆွေဝင်းတောင် ငွေလက်ခံပြီးတော့ အားလုံးကြေအေးပေးလိုက်ပြီ။ ဓာတ်ပုံအထောက်အထားတွေရှိတယ်ဆိုပြီးတော့ သတင်းဌာနတွေကိုပြောတယ်။ ဆိုတော့ ဒါလည်း ငွေကြေးပေးတယ်ဆိုတာ ထွေအုပ်တွေရှိတယ်။ ရဲတပ်ဖွဲ့ရှိတယ်၊ အားလုံး၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေး အဲဒီရှေ့မှာ ငွေကြေးပေးလိုက်တာပေါ့။”
ဒီအမှုကိုလချီလိုက်ခဲ့သူအနေနဲ့ ခုန လူ့အခွင့်အရေးကော်မရှင်က ဒေါ်မြမြပြောစကားကို ဆက်စပ်လိုက်ရင် အိမ်အကူဆိုတာကို မြန်မာနိုင်ငံမှာ ဘယ်လိုနားလည်နေကြလဲ။ အလုပ်သမားတယောက်အနေနဲ့မမြင်ဘူး။ ဒီအမှုကို ဝေဖန်ကြရာမှာ အိမ်အကူကိုဆိုရင် ကျွန်သာသာ ပုံစံမျိုး ဆက်ဆံကြတယ်ဆိုတာ ပြောကြပါတယ်။ အဲဒီ အစဉ်အဆက် ကျင့်သုံးနေတဲ့ ယဉ်ကျေးမှုပုံစံကို လုံးဝပြောင်းသင့်တယ်လို့ မထင်မိဘူးလား။
” ကျနော်တို့က ပိုပြီးတော့ တိတိကျကျပြောဖို့လိုအပ်တယ်။ နံပါတ် (၁) အချက်၊ အိမ်အကူဟာ ကလေးလုပ်သားလို့ပြောလို့ရှိရင် ကလေးလုပ်သားအောက်မှာမှ ဒါ အင်မတန်ကို မတရားမှု ကိုခံရနိုင်တဲ့ အလုပ်အမျိုးအစားမျိုးဖြစ်တယ်။ ဘာဖြစ်လို့လည်းဆို သူဟာ ပုဂ္ဂလိက နေရာမှာပဲရှိတယ် သူလုပ်ရတာ။ သူ့ကို တခြားမျက်မြင်သက်သေတွေနဲ့၊ တခြားလူတွေနဲ့ ဥပမာ – လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် လုပ်ရတယ်။ ဒီလိုဟာမျိုးမဟုတ်ဘဲနဲ့ အိမ်တအိမ်ထဲမှာ ပိတ်လှောင်ပြီးတော့မှ လုပ်ခွင့်ရတယ်။ အခု ကျနော်ဘာတွေ့ရလဲဆိုတော့ ဒီအမှုကို လေ့လာတဲ့အခါမှာ အိမ်အကူနဲ့ပတ်သက်ပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်ချင်တဲ့သူတွေက ဘယ်တော့မှ အသက်ကြီးတဲ့သူတွေ မခေါ်ဘူး။ အသက်ကြီးတယ်ဆိုတာ ၁၈ နှစ်အထက်တွေမ ခေါ်ဘူး။ ကလေး သေးသေးလေးတွေ သွားခေါ်တယ်။ ခိုင်းလို့မရရင်ကိတ်စ္စမရှိသေးဘူး ခုချိန်၊ တောက်တိုမယ်ရ။ ဒါပေမယ့် ဒီကလေးကို တသက်လုံးကျွန်ပြုလို့ရတယ်။ ဒီကလေး တသက်တာ၊ တချို့ဆိုအနှစ် ၂၀၊ ၃၀ ကျွန်ပြုတာတွေ ကျနော် ကြုံတွေ့ခဲ့ရတယ်။ ဒီကလေးကို နံပါတ် (၁) အပြင်နဲ့ ပေးမတွေ့ဘူး။ ဒီကလေးကို လူသားတယောက်အနေနဲ့ လူအဖွဲ့အစည်းမှာ ဘယ်လိုမှ ရပ်တည်လို့မရအောင် ဘယ်လမ်းကဘယ်လိုရှိပြီးတော့မှ ဘယ်လိုရှိမှန်းမသိဘဲနဲ့ အိမ်တအိမ်ထဲမှာ နှစ်ရှည်လများ အလကားအခမဲ့နီးပါး ကျွန်ပြုလို့ရတဲ့ပုံစံမျိုး လိုချင်ကြတဲ့ အတွက်ကြောင့်မို့လို့ အဲဒီကလေးငယ်တွေကိုပဲ ပစ်မှတ်ထားပြီး လိုက်ရှာဖွေနေတယ်။ ဒါကြောင့်မို့ ကျနော်တို့ လုပ်ရမယ့်ကိစ္စတခုက အသက်မပြည့်သေးတဲ့အိမ်အကူကိုလုံးဝ တရားဥပဒေမဲ့ဆိုတာကို ကြေညာရမယ်။ အိမ်အကူပွဲစားတွေအားလုံးကို Register (မှတ်ပုံတင်) မလုပ်ဘူးဆိုလို့ရှိရင် ဒါအားလုံးကို၊ လိုင်စင်မရှိဘဲလုပ်တဲ့ အိမ်အကူပွဲစားအားလုံးကို အရေးယူရမယ်။ နောက်ပြီးတော့ အိမ်အကူဆိုတာ အားလုံး မှတ်ပုံတင်ရမယ်၊ အသက်ပြည့်ရမယ်။ လက်ခံတဲ့အိမ်ရှင်ဟာ မှတ်ပုံမတင်ထားတဲ့ အိမ်အကူတယောက်ကို လက်ခံမယ်ဆိုရင် သူ့ကို အရေးယူခွင့်ရှိရမယ်။ လက်ခံလိုက်ပြီဆိုရင်တောင်မှ သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေမှာ ဒါနဲ့ပတ်သက်ပြီးတော့ Register မှတ်ပုံတင်လုပ်ရမယ်။ ဒီလိုမျိုးထိရောက်တဲ့ ယန္တရား ကျနော်တို့က လိုအပ်နေတယ်။ အခု ဖြစ်လာမှ ကျနော်တို့က ကလေးငယ်တယောက်ကို နေလှန်းပြီးတော့မှ ရိုက်တာတို့၊ အခုလိုမျိုးနှိပ်စက်တာတို့၊ ဖြစ်လာမှ ၀ုန်းဒိုင်းသွေးပူပြီးတော့မှ လုပ်တယ်ဆိုတာထက် ကျနော်တို့မှာ ဒီကလေးငယ်တွေနဲ့ ပတ်သက်ပြီးတော့ ကာကွယ်မယ့်ဥပဒေ ထိထိရောက်ရောက်လိုအပ်တယ်။ အရေးကြီးဆုံးကတော့ အသက်မပြည့်သေးတဲ့အိမ်အကူဆိုတာ ရှိကို မရှိစေရဘူး။”
ဒီအိမ်အကူတွေ စိတ်ချလုံခြုံမှုနဲ့ပတ်သက်လို့ ဥပဒေပြုနိုင်တဲ့လွှတ်တော်နဲ့ အုပ်ချုပ်ရေးပိုင်းက အစိုးရကို ဒီကနေတဆင့် ကိုဆွေဝင်း ဘာတိုက်တွန်းချင်လဲ။
“ကျနော် ခုနပြောတဲ့အတိုင်းပဲ နံပါတ် (၁) အသက်မပြည့်သေးတဲ့အိမ်အကူကို ဒါ လုံးဝ ဥပဒေနဲ့ ပြင်းထန်စွာအရေးယူမယ်ဆိုတာကို ချက်ခြင်း ဥပဒေကြောင်းအရ ရေးဆွဲပြီးတော့ လုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်အကူဆိုတာဆက်ပြီးတော့ ရှိနေဦးမှာပဲ။ ဘာလို့လည်းဆိုတော့ ကျနော်တို့က အကုန်လုံးက တခါတည်းပဲ၊ အခု ဘယ်လိုပြောမလဲ အရင်းရှင်စီးပွားရေးပေါ့ဗျာ။ ကျေးလက်တွေကနေပြီးတော့ ဆင်းလာကြတယ်။ အမျိုးစုံ လယ်သိမ်းယာသိမ်းဒုက္ခတွေရှိမယ်၊ ရာသီဥတုတွေဖောက်ပြန်ကြတယ်၊ နောက်တခါ အများသုံးမီဒီယာပေါ့ဗျာ ရုပ်ရှင်တွေ၊ သတင်းစာတွေ၊ ဂျာနယ်တွေ၊ ကြော်ငြာတွေကနေပြီးတော့ တခါတည်း အဲကွန်းနဲ့၊ ဆိုဖာနဲ့၊ နောက်ပြီးတော့ ဟင်းချက်ပြိုင်ပွဲတွေ လုပ်ပြတယ်။ ဒါတွေကြည့်ပြီးတော့မှ တောတောင်က လူတွေအကုန်လုံးက ဒီလို ဘ၀မှာ ပိုင်ဆိုင်ရမှ လူပီသမယ်ဆိုတဲ့ဟာကို လိုချင်လွန်းအားကြီးလို့ မြို့ပေါ်တွေအကုန်လုံးကို ဆင်းလာကြတယ်။ ဒီလိုမျိုးကျနော်တို့ ယန္တရားကြီးတခုလုံးဖောက်ပြန်သွားပြီပေါ့။ လူတွေအကုန်လုံးက မေ့ကုန်ကြပြီ၊ တောတောင်မှာရှိတဲ့ ကျယ်ပြောတဲ့ မြက်ခင်းပြင်တွေ၊ အောက်စီဂျင်တွေ၊ လူပီသတဲ့ အသက်မွေးဝမ်းကြောင်းမှုတွေပေါ့။ ဟိုးတုန်းကဆို ကျနော်တို့ကြားရတယ် တရာသီတွင်း လုပ်ပြီးတော့မှ တနှစ်ပတ်လုံးထိုင်ပြီးတော့ စားသောက်လို့ရတယ်ဆိုတဲ့အနေအထား။ သူတို့မှာ ၀ယ်ခြမ်းစရာ ဘာပစ္စည်းမှမရှိဘူး။ အဲလိုအနေအထား လောဘဆိုတာ တရားမရှိဘူး။ ဒါမျိုးတွေပေါ့ ဖိအားတွေမရှိကြဘူး။ ဆိုတော့ အဲလိုအခြေအနေကနေ ပျက်ယွင်းသွားတာပေါ့ဗျာ။ အားလုံးက၊ အခု မြေယာပိုင်ဆိုင်မှုမှာလည်း ပြဿနာအကြီးအကျယ်တက်တယ်။ မြေယာတွေကို မတရားသိမ်းဆည်းကြတယ်။ ငွေကြေးအင်အားရှိတဲ့လူတွေက အလွယ်တကူလာဝယ်ကြတယ်၊ ကျန်တဲ့လူတွေက အကုန်လုံးလိုက်ရောင်းကြတယ်။ ဈေးကွက်တခုလုံးပျက်စီးပြီးတော့မှ ကျနော်တို့ ကျေးလက်မှာ လူနေမှုစနစ်တခုလုံးပျက်စီးသွားပြီပေါ့၊ ပျက်စီးတဲ့အတွက်ကြောင့်မို့လို့ ဒီကလေးငယ်တွေ၊ ဒီကနေ မွေးဖွားလာတဲ့ မျိုးဆက်တွေအားလုံးဟာ မြို့ပေါ်တွေကို စီးဆင်းကြတယ်။ ဒါပေမယ့် သူတို့မှာ အတတ်ပညာ၊ အသိပညာ ချို့တဲ့ကြတယ်။ ဒီလူတွေအားလုံးကို ခေါင်းပုံဖြတ်မယ့်သူတွေအားလုံးက စောင့်နေကြတယ်။ အိမ်အကူရယ်လို့မဟုတ်ဘူး၊ နည်းမျိုးစုံနဲ့ ခေါင်းပုံဖြတ်မယ့်သူတွေအကုန်လုံးက စောင့်နေကြတယ်။  လောလောဆယ် ကျနော်တို့ အိမ်အကူကိစ္စပြောတော့ ဒီလိုအခြေအနေကြီး ဖြစ်ပျက်နေပြီပေါ့နော်၊ အိမ်အကူကိစ္စက ဒီမှာတင်ပြီးသွားမှာမဟုတ်ဘူး၊ ဆက်လက်ပြီး စီးဆင်းနေဦးမယ် ကျေးလက်တွေကနေပြီးတော့။ အဲဒါကို ဘယ်လိုကိုင်တွယ်မလဲ ဥပဒေကြောင်းအရ။”
ကိုဆွေဝင်းက လူ့အခွင့်အရေးဆိုင်ရာသတင်းတွေကို အရင်နှစ်တွေကတည်းက ရေးသားဖော်ပြနေတာ တွေ့ရပါတယ်။ ဆိုတော့ အိမ်အကူအဖြစ်အပျက်တင်မကဘဲနဲ့ တခြားအစ်ရှူးအကြောင်းအရာတွေရော ရှိသေးလား။
“ကျနော်ကတော့ ကျနော်တို့ရုံးမှာ ကျနော်မှာထားတယ်။ ကျနော်တို့ သတင်းဌာနဆိုတာ သတင်းနဲ့ enertain ဖျော်ဖြေရမယ့်အဖွဲ့အစည်းမဟုတ်ဘူး။ လူတွေအကုန်လုံးက ဖတ်ချင်ကြတယ်။ မဟုတ်ဘူး ကျနော်တို့တွေအားလုံးက၊ ဘာလဲဆိုတော့ ကျနော်တို့တွေက Voice of the Voiceless ပေါ့။ ပြောဆိုခွင့်မရတဲ့လူတွေအများကြီးရှိတယ်။ ကျနော်ဆို ဘာပြောထားလဲဆိုတော့ စကားလုံးတလုံးပဲပြောထားတယ်။ ခံရ၊ ခံရ၊ ခံရတယ်ဆိုရင် ရေးလို့ရပြီ။ ကျနော် ၂ လုံးပဲပြောထားတယ်၊ ခံရ ပါသလား၊ သေးသေးလေးဆိုရင်တောင်မှ လျှော့မတွက်ကြနဲ့။ လူ့အဖွဲ့အစည်းတခုလုံးကို ကိုယ်စားပြုမယ့်ဟာမျိုးဖြစ်နိုင်တယ်။ ဒါဟာ အိမ်ဖော်လေးတယောက်၊ အိမ်အကူလေးတယောက်ပါဆိုပေမယ့် ဒါ လူ့အဖွဲ့အစည်းတခုလုံးကို ကိုယ်စားပြုတာမျိုးဖြစ်နိုင်တယ်။ ကျနော်တို့ သတင်းမီဒီယာအနေနဲ့ လူ့အဖွဲ့အစည်းတခုလုံးကို လျှောက်ပြီးတော့မလုပ်နိုင်ဘူး ကျနော်တို့တတွေက။ တခုလေးလုပ်ရင်တောင်မှ လူ့အဖွဲ့အစည်းတခုလုံးကို ရိုက်ခတ်လိမ့်မယ်။ ဒါကြောင့်မို့ ခံရလို့ ပါလို့ရှိရင် ကျနော်တို့ အဲဒါကို လုပ်တာပဲ။ ခံရဆိုတာ လူ့အခွင့်အရေးချိုးဖောက်တာတွေပါမယ်။ နောက်ပြီးတော့ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့ ခံရတာတွေပါမယ်။ ကျနော်တို့အားလုံးက အကုန်လုံးက သဘာဝပတ်ဝန်းကျင်နဲ့မှီတည်ပြီး နေနေကြရတာကိုး။ သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့အတွက်ကြောင့်မို့လို့ ဒါတွေဖြစ်လာတယ်ဆိုတော့ လူတွေအကုန်လုံးက။ ကျနော် ဗုဒ္ဓဘာသာအနေနဲ့ ပြောတာလည်း မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာမှာ (((အပ်ပ ကိတ်စောစ )) ဆိုတာရှိတယ်လေ။ အမှုကိစ္စ ကင်းရမယ်။ ပေါ့ပါးသော အသက်မွေးဝမ်းမှုရှိရမယ်။ ဆိုတော့ ဒါတွေအားလုံးကဘယ်လိုဟာမျိုးမှာဖြစ်နိုင်လဲဆိုတော့ ကျနော်တို့ သဘာဝပတ်ဝန်းကျင်ကြီးနဲ့လူနဲ့ သဟဇာတဖြစ်နေရတယ်ဗျ။ စောစောပိုင်းကဆိုရင် အစားအသောက်တွေ၊ တောတောင်တွေဆိုရင် ခုချိန်ထိ အလကားနီးပါးရတယ်။ ဆိုတော့ လူတယောက် အသက်ရှင်သန်ဖို့အတွက် လူတယောက်ဟာ ကျွန်ခံစရာမလိုဘူး။ အခု မြို့ကြီးပြကြီးတွေနား ရောက်လာသူအားလုံးဟာ ကျွန်ခံရတာပဲ။ ကိုယ့်ဘ၀ကိုနေ့စဉ် အလုပ်တခုမှာ ငွေကြေးအတွက် လုပ်ရပြီဆိုရင် ဒါ အားလုံးဟာကျွန်ခံရတာပဲ။ သဘာဝပတ်ဝန်းကျင်ကြီးခံရရင်လူတွေအကုန်လုံး ကျွန်ခံရလိမ့်မယ်။ ဒါကြောင့်မို့လို့ သဘာဝပတ်ဝန်းကျင်ထိခိုက်ရင်ကျနော်တို့ လုပ်ရမယ်။ ကျနော်ဆိုရင် ဘာပြောထားလဲဆိုတော့ လူတွေ မတရားခံရတာ၊ သဘာဝ မတရားခံရတာလုပ်မယ်။ နောက်တခါကျတော့ အလွဲသုံးစားမှု၊ ငွေကြေး၊ အာဏာ အလွဲသုံးစားမှု၊ ဒါတွေဟာ အလွဲသုံးစားမှုရယ် ခံရတာရယ်။ ဒီနှစ်ခုဟာ ပြစ်မှတ်ပဲ။ “
ကိုဆွေဝင်းကိုနိုင်ငံတော်သမ္မတ ဦးထင်ကျော်ကနေပြီးတော့ ဂုဏ်ပြုမှတ်တမ်းလွှာပေး အပ်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအခြေအနေလေးပြောပြပါ။
“ကျနော် စက်တင်ဘာ ၂၃ ရက် မှာ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ ဒီပွဲကိုလုပ်မယ်လို့ ကြားရပါတယ်။ ဒါဟာ ကျနော့်အနေနဲ့ ထပြီးတော့ (((လက်ခမ်းပေါင်း)))ခတ်စရာကိစ္စလည်း မဟုတ်ဘူး။ ကျနော် ဒီပွဲကို ဘာမြင်လဲဆိုတော့ အစိုးရကို ကျနော်ကနေပြီးတော့မှ ရာဇ၀တ်မှုကျူးလွန်တဲ့လူတွေကို နံပါတ် (၁) ထိထိရောက်ရောက် အရေးယူဖို့အတွက် ကျနော်ကိုယ်တိုင် တိုက်ရိုက်ပြောဆိုနိုင်တဲ့ အခွင့်အရေးရမယ်။ ခုနပြောခဲ့တဲ့ အိမ်အကူနဲ့ပတ်သက်ပြီးတော့၊ အမှုတွေနဲ့ပတ်သက်ပြီးတော့ အစိုးရကနေပြီးတော့မှ သွေးပူလို့ ထပြီးလုပ်ရတဲ့ ကိစ္စမျိုးတွေ မလုပ်ဘဲနဲ့ ပိုပြီးတော့မှ၊ တနိုင်ငံလုံးကိုလွှမ်းခြုံပြီးတော့မှ နောင်နှစ်ပေါင်းများစွာ ကျင့်သုံးလို့ရမယ့်ဥပဒေတွေ၊ အဲဒီဥပဒေတွေကိုလည်း ဘယ်လိုအာဏာ သက်ဝင်အောင်လုပ်ရမလဲဆိုတာကို ကျနော်တိုက်တွန်းမယ်။ အဲဒီကိစ္စပါတယ်။ နောက်တခုက လူ့အခွင့်အရေးကော်မရှင်ကိစ္စ ပါပါတယ်။ လူ့အခွင့်အရေးကော်မရှင် တခုလုံးကို ပြန်လည်ပြီးတော့ ဆန်းစစ်ပြီးတော့ ဖွဲ့စည်းရမယ်။ နောက်ပြီးတော့ လူ့အခွင့်အရေးကော်မရှင်က ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စီရင်တာနဲ့ပတ်သက်ပြီးတော့ ဖြစ်နိုင်ရင် အစိုးရကနေပြီးတော့ Offcial Investigation (တရားဝင်စုံစမ်းစစ်ဆေး) ပေါ့ ဖွင့်လှစ်ပြီးတော့မှ ဒါကိုထိထိရောက်ရောက် အရေးယူရမယ်။ ဘာလို့လည်းဆိုတော့ လူ့အခွင့်အရေး၊ သိန်းထောင်နဲ့ချီယူထားပြီးတော့ တနိုင်ငံလုံးကို လူ့အခွင့်အရေးကို ကာကွယ်မယ်ဆိုတဲ့ပုဂ္ဂိုလ်တွေ ကိုယ်တိုင်ကိုက ဒီလိုဖြစ်ရလားဆိုပြီးတော့ တချက်မှားတာနဲ့ ပြင်းပြင်းထန်ထန် အရေးယူရမယ်။ ဒါကို ကျနော်တိုက်တွန်းမယ်။ အကယ်လို့ အရေးမယူရင် အစိုးရကိုယ်တိုင် ပါဝင်ပတ်သက်တယ်လို့ ကျနော်က ကောက်ချက် ကျနော်တို့က ပြုနိုင်တယ်။ ဒါတွေပြောကြားဖို့အတွက် ဒီအခွင့်အရေးရတယ်လို့ပဲ ကျနော်သတ်မှတ်ပါတယ်။”