Thursday, September 29, 2016

ငြိမ်းချမ်းရေးမလိုလာတဲ့ ဗိုလ်ချုပ်ဂွန်မော်


ြ ငြငြိမ်းချမ်းရေးမလိုလာတဲ့ ဗိုလ်ချုပ်ဂွန်မော်

မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိခဲ့သည်မှာ ယခုအခါ ၆၈ နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။ သို့သော် လွတ်လပ်ရေးရသည့် အချိန်မှစ၍ ပြည်တွင်းစစ်မီးကြီး တောက်လောင်နေသည်မှာ ဆယ်စုနှစ် ခြောက်ခုကျော်ခဲ့ပြီဖြစ်သည်။
ပြည်တွင်းစစ်သည် ပြည်ထောင်စုသား သွေးချင်းညီနောင်တို့၏ အသက်သွေးတို့ကို ၀ါးမျိုစတေးခဲ့သလို တိုင်းပြည်ဘဏ္ဍာငွေ အမြောက်အမြားကိုလည်း ဖြုန်းတီးပစ်ခဲ့လေသည်။ ထို့ကြောင့် ပြည်တွင်းစစ်ကြီးကို ငြှိမ်းသတ်ရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ကို ပြန်လည် တည်ဆောက်ရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကို ၂၀၁၆ သြဂုတ် ၃၁ မှ စတင်ကာ ၃ ရက်နေ့အထိ ၄ ရက်တိုင်တိုင် နေပြည်တော်ရှိ MICC-2 တွင် ကျင်းပနိုင်ခဲ့သည်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် ၂၁ ရာစု ပင်လုံညီလာခံသည် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၃၁ ရက်တွင် စတင်ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ပထမနေ့တွင် ပြောကြားခဲ့သည်။
၁၉၄၇ ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည့် ပင်လုံညီလာခံနှင့် တူညီသော ၂၁ ရာစု ပင်လုံညီလာခံသည် ပြည်သူလူထုအားလုံး မျှော်မှန်းနေသည့် ထာဝရငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်အတွက် စုပေါင်းဆွေးနွေးညှိနှိုင်း အဖြေရှာမည့် ညီလာခံအဖြစ် ရှုမြင်ထားခဲ့ကြသည်။
သို့သော် ၂၁ ရာစု ပင်လုံညီလာခံအတွင်း အနှစ်သာရဟု ဆိုအပ်သည့် တိုင်းရင်းသား ညီအစ်ကိုများ အကြား စစ်ပွဲများကို ရပ်တန့်ရေး၊ ဥမကွဲသိုက်မပျက်မှုဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို လက်ရှိ တပ်မတော် ခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ၏ ခေါင်းဆောင်များက သဘောထားကြီးကြီးဖြင့် စစ်မှန်သော စိတ်ကောင်းစေတနာဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို  တည်ဆောက်နိုင်မှသာ ပြည်တွင်းစစ်ကြီး ရပ်စဲ၍ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။
မြန်မာပြည်သူလူထုကြီး သာမက တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံသို့ ကချင်လွတ်ခြောက်ရေး အဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂) ဗိုလ်ချုပ် ဂွန်မော်လည်း တက်ရောက်ခဲ့သည်။ ညီလာခံအပြီး၌ ကချင်ပြည်နယ် လိုင်ဇာသို့ ပြန်လည် ထွက်ခွာတော့မည့် ဗိုလ်ချုပ်ဂွန်မော်က “၂၁ ရာစု ပင်လုံညီလာခံ ကျင်းပသွားတဲ့ ပုံစံကိုတော့ သဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံး အတူတကွ တွေ့ဆုံခွင့်ရခဲ့တယ်။ မိမိတို့ အဖွဲ့ရဲ့ သဘောထားတွေ မူဝါဒတွေကို တစ်နိုင်ငံလုံးကို မီဒီယာမှတစ်ဆင့် တင်ပြပေးခဲ့တဲ့အတွက် ဒီအခင်းအကျင်းအပေါ် ကျနော်တို့ အားရကျေနပ်ခဲ့မိပါတယ်။
ညီလာခံမှာ တပ်မတော်ကိုယ် စားလှယ်တွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖက်ဒရယ်စနစ်ရဲ့ ၀ိသေသ လက္ခဏာရှိနေတယ်လို့ ပြောသွားတဲ့အပေါ်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဖက်ဒရယ်စနစ်နဲ့ ဆင်တူယိုးမှားလို့ပဲ ကျနော်နားလည်ပါတယ်။ အမျိုးသား ညီလာခံတုန်းကလည်း ကျနော် တက်ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက အခင်းအကျင်းတွေရယ်၊ ပါဝင်သင့်တဲ့ အခြေခံမူ ၁၀၄ ချက်အပေါ်မှာလည်း ကျနော်တို့ ကျေနပ်မှုမရှိခဲ့ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် ပြည့်စုံမှု မရှိဘူးလို့ အဲဒီကတည်းက ကျနော်တို့ ကြားဝင် ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။
ကျွန်တော်တို့ကတော့ ဖက်ဒရယ်ဒီမိုကရေစီ အနေနဲ့ သွားတဲ့မူကိုပဲ လိုချင်ပါတယ်။ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ အခြေခံမူတွေ လိုအပ်တယ်။ သမိုင်းဝင်ဖြစ်တဲ့ ပင်လုံစာချုပ်စာတမ်းနဲ့ ကတိတွေမှာရှိ အခြေခံမူတွေ လိုအပ်ပါတယ်။ အခြားသော စံချိန်စံနှုန်းအရ ပါဝင်သင့်တဲ့မူလေးတွေ၊ တန်းတူရေးတွေကို ပိုပြီး ထည့်ချင်ပါတယ်။
အခုကျင်းပခဲ့တဲ့ ၂၁ရာစု ပင်လုံညီလာခံမှာ ကျနော်တို့ အပါအ၀င် လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ကိုးဖွဲ့ရဲ့ကိုယ်စား မူဝါဒ စာတမ်းကိုတင်ပြခဲ့ပါတယ်။ နောက် မိုင်ဂျာယန်မှာ အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း စုစည်းပြီး ရေးထားတဲ့မူတွေ အပေါ်မှာ အခြေပြုပြီး ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
KIO က တင်သွင်းခဲ့တဲ့ စာတမ်းမှာ အချက်နှစ်ချက်ကို အဓိက ထားတင်ပြခဲ့ပါတယ်။ ပထမအချက်က ၁၉၄၇ ပင်လုံမှာပါတဲ့ အချက်တွေကို အပြည့်အ၀ အကောင်အထည် မဖော်နိုင်လို့ ကျနော်တို့ လက်နက်ကိုင်ခဲ့၊ တော်လှန်ရေး လုပ်ခဲ့တာပါ။ နောက် ဒုတိယအချက်က KIO အနေနဲ့ ၂၁ ရာစုပင်လုံကို လာတက်တာဟာ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ချင်လို့ပါ။ ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ်ပုံစံကတော့ နိုင်ငံတော်မှာ ရှိပြီးသားဖြစ်တဲ့ တိုင်းရင်းသား လူမျိုးတွေရဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေအပေါ်မှာ တည်ဆောက်မယ့် ဖက်ဒရယ်ပုံစံ ဖြစ်ပါတယ်။ နောက် ဖက်ဒရယ် စံချိန်စံနှုန်းနဲ့ ပြည့်မီတဲ့ အခြေခံ ဥပဒေတွေကို လိုချင်တာပါ။
လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ဆောင်ရွက်တဲ့အခါမှာ ဘာအခက်အခဲတွေ ကြုံနေရသလဲဆိုတော့ ပထမအချက်က အစိုးရနဲ့ ညှိနှိုင်းတဲ့အခါမှာ တစ်ဖက်နဲ့တစ်ဖက် နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ရေးမှာ အခက်အခဲ ကြုံတွေ့နေရပါတယ်။ ဒုတိယအချက်ကတော့  ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ကျနော်တို့ KIOရဲ့ ဆန္ဒကို ပေါင်းစည်းတဲ့အခါမှာ အချင်းချင်း အပြန်အလှန် ဆက်သွယ်မှုခက်ခဲတဲ့ အတွက်ကြောင့် ဆုံးဖြတ်ချက်တွေချရတာ ခက်ပါတယ်။ တတိယ အချက်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နိုင်ငံတော် အစိုးရအနေနဲ့ သွားနေတဲ့ အခါမှာ တချို့ ကျနော်တို့ လက်မှတ် မထိုးရသေးဘူး။ ပြည်သူလူထုနဲ့ လွတ်လွတ်လပ်လပ် မတွေ့ရဘူးဆိုတော့ ဒီအရှိန်တွေကို အချိန်မီ လိုက်နိုင်ဖို့ဆိုတဲ့ အခက်အခဲတွေပါပဲ။
 
၁၉၄၇ ခုနှစ်ပင်လုံနဲ့ ၂၁ ရာစု ပင်လုံဟာ နိုင်ငံရေး အခြေအနေအရ ကွာခြားသွားပြီ ဆိုပေမယ့် ၁၉၄၇ ခုနှစ် ပင်လုံဟာ ကျနော်တို့ရဲ့ သမိုင်းကြောင်းအရ ရှိခဲ့တဲ့ သမိုင်းမှတ်တိုင် တစ်ခုပေါ့။ အဲဒီမှာ လွတ်လပ်ရေးကို အတူတကွ ရရှိခဲ့တယ်။ ပြီးရင် ဒီအခြေခံပေါ်မှာ တည်ဆောက်တာ ဖြစ်ပါတယ်။ အခု ၂၀၁၆မှာ ကျင်းပတဲ့ ၂၁ ရာစုပင်လုံကတော့  မူလနဂိုရှိပြီးသား အခြေခံ အုတ်မြစ်တွေကို ပိုပြီးခိုင်မာအောင် တကယ်တော့ ရှေ့ကိုသွားတဲ့အခါမှာ အရင်ပုံစံတွေကို ကြည့်ပြီး ပိုကောင်းအောင်ဆိုတဲ့ တိုးတက်မှုတွေ လုပ်နိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အရင်တုန်းက အားလုံး မစုစည်းနိုင်ခဲ့ဘူးဆိုရင် ဒီအချိန်မှာ စုစည်းမယ်။ လူမျိုးစုတွေ အရရော၊ သဘောထားအမြင်တွေအရပါ စုစည်းပြီး ရှေ့ကိုသွားမယ့် အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီသဘောထားအမြင်အရ တူပေမယ့် လုပ်ထုံးလုပ်နည်းမှာ အနည်းငယ် ကွဲပြားမှုရှိပါလိမ့်မယ်။
အရင်အစိုးရ လက်ထက်မှာရော၊ အခုအစိုးရ လက်ထက်မှာပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေပေမယ့် အောက်ခြေမှာ တိုက်ပွဲလေးတွေ၊ ထိတွေ့မှုလေးတွေ ရှိနေတာဟာ အဓိကကတော့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြားက အားပြိုင်မှုလို့ပဲ မြင်ပါတယ်။ မခံချင်စိတ်လည်းပါမယ်။ ကျနော်တို့ဟာ လက်နက်နဲ့ ဖြေရှင်းချင်တဲ့ ယဉ်ကျေးမှု စရိုက်လက္ခဏာတွေကို မကျော်လွှားနိုင်သေးဘူးဆိုတာ ထင်ရှားနေပါတယ်။ အဲဒီတော့ မကြာခဏ ထိတွေ့မှုတွေ ဖြစ်လာခဲ့ရပါတယ်။ နောက်တစ်ခုက ကျနော်တို့ နိုင်ငံရေး ဆွေးနွေးနေတဲ့ အချိန်မှာ တစ်ဖက်နဲ့တစ်ဖက် တိုက်ပွဲတွေ ဆင်နွှဲပြီး ဖိအားပေးတာမျိုး မဖြစ်အောင် နှစ်ဖက်စလုံးက ရှောင်ကြဉ်ကြဖို့ လိုပါတယ်။ ကျနော်တို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း နိုင်ငံတော် အစိုးရဘက်ကလည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲကြောင်း ကြေညာပေးဖို့ တောင်းဆိုထားပါတယ်။ တိုက်ပွဲမဖြစ်အောင် ထိန်းသိမ်းကြမယ်ဆိုတဲ့ ခံယူချက်နဲ့ ကတိတွေပြုဖို့ လိုပါတယ်။ အဲဒီလို ကတိတွေပြုလို့ရှိရင် ဒီတိုက်ပွဲတွေဟာ ပျောက်သွားမှာ ဖြစ်ပါတယ်။
၆ လအတွင်း ပြန်ကျင်းပမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲတွေ KIO အနေနဲ့ တက်မတက် ဆိုတာကတော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မှာ လက်မှတ်မထိုးတဲ့ အဖွဲ့တွေကို ပါဝင်ခွင့်၊ ပတ်သက်ခွင့် မပေးဘူးလို့ ပြောနေပါတယ်။ တကယ်လို့ လက်မှတ် မထိုးဘဲနဲ့ ပါဝင်ခွင့်ရမယ် ဆိုရင်လည်း ဒီအပေါ်မှာ သွားမှာဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ လက်မှတ်မထိုးရင် ပါဝင်ခွင့် မရဘူးဆိုရင်တော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို နှစ်ဖက်သဘော တူပြီး လက်မှတ် ထိုးနိုင်တဲ့အဆင့်ကို အရင်ကြိုးစားရမှာ ဖြစ်ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံလို ပွင့်ပွင့်လင်းလင်းနဲ့ နှစ်ဖက် သဘောထား အမြင်တွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်မယ်ဆိုရင် တက်ဖို့ အဆင်သင့်ပါပဲ။ အဲဒီတော့ ဒီနှစ်ခုကို ကျွန်တော်တို့ ဘယ်လောက် ညှိနှိုင်းနိုင်မလဲ။ လက်မှတ်ထိုးနိုင်တဲ့ အဆင့်ရောက်အောင် ညှိနှိုင်းနိုင်မှာလား။ ဒါမှမဟုတ် အစိုးရဘက်က လက်မှတ် ထိုးစရာ မလိုသော်လည်းဘဲ ဒီအဆင့်မှာ ပါဝင်ခွင့်ပြုမယ်လို့ ဆုံးဖြတ်မလား ဆိုတာကတော့ မကြာခင် ခြောက်လအတွင်းမှာ ဆွေးနွေးမယ့်အပေါ်မှာ မူတည်ပါတယ်။
အခု ၂၁ ရာစုပင်လုံဟာ အစဖြစ်တယ်လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောကြားပါတယ်။ ကျွန်တော်တို့ နားလည်တာကလည်း နောက်သွားမယ့် နိုင်ငံရေးဖြစ်စဉ်တွေ အတွက် အစဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အခု အစမှာတောင် ဒီလောက် ကောင်းအောင် ကြိုးစားနိုင်ခဲ့ပြီဆိုတော့ နောက်ပိုင်းမှာပြုလုပ်မယ့် အပိုင်းတွေမှာလည်း တပ်မတော်ကရော၊ အစိုးရဘက်ကရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကရော ကောင်းမွန်တဲ့ အနေအထားမျိုး ရောက်အောင် ၀ိုင်းဝန်းသိန်းသိမ်းကြဖို့ လိုပါတယ်။
ကျွန်တော်ကတော့ ငြိမ်းချမ်းရေးကို လက်နက်နဲ့ ဖြေရှင်းတဲ့ ယဉ်ကျေးမှုကို ဆန့်ကျင်ပြီး၊ နိုင်ငံရေးအရ ဆွေးနွေးတဲ့ ယဉ်ကျေးမှုကိုပဲ ပိုပြီးနှစ်သက်ပါတယ်”ဟူ၍ သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားခဲ့လေသည်။
ဤသို့ ငြိမ်းချမ်းရေးကို လက်နက်ဖြင့် မဖြေရှင်းဘဲ ဂုဏ်သိက္ခာရှိရှိ နိုင်ငံရေးဆွေးနွေးပွဲများ ဖြေရှင်းလိုသော ဗိုလ်ချုပ်ဂွန်မော်၏ဘ၀ တစေ့တစောင်းမှာလည်း စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (Kachin Independence Organization - KIO) ၏ ဒုတိယဥက္ကဋ္ဌ (၂) တာဝန်ယူထားသော ဗိုလ်ချုပ် အက်စ်ဂွန်မော်ကို ၁၉၆၃ခု ဇန်န၀ါရီလ ၅ရက် စနေနေ့တွင် အဖ ဦးဆွမ်လွတ်တူး၊ အမိ ဒေါ်ဂျီစောလွီတို့မှ မြစ်ကြီးနားမြို့ ဒူကထောင် ရပ်ကွက်၌ ဖွားမြင်ခဲ့သည်။ မွေးချင်း ငါးဦးအနက် သားအကြီးဆုံးဖြစ်သည်။
မိခင်သည် ကျန်းမာရေး ဆရာမ ဖြစ်သောကြောင့် မိခင်တာဝန်ကျရာ ဒေသများသို့ လိုက်ပါခဲ့ရရာ၊ မူလတန်း၊ အလယ်တန်းပညာကို ပင်းဘော၊ မိုးညှင်း၊ တရုံ၊ ရှင်ဘွေယန်၊ တနိုင်းမြို့များ၌ ပညာသင် ကြားခဲ့ရသည်။ ၁၉၇၇ခုနှစ်တွင် အဋ္ဌမတန်း အောင်မြင်ပြီးနောက် န၀မတန်းကို မြစ်ကြီးနား အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၁)သို့ ပြောင်းရွှေ့ ဆက်လက်သင်ကြားသည်။ အဆိုပါကျောင်းမှပင် တက္ကသိုလ်ဝင်တန်း (ဒသမတန်း) စာမေးပွဲကို ၁၉၇၉ ခုနှစ်တွင် အောင်မြင်သည်။
ထို့နောက် ၁၉၇၉ခုနှစ် ဒီဇင်ဘာလတွင် မြစ်ကြီးနား ဒေသကောလိပ်၌ ဆက်လက် ပညာသင်ကြားပြီး ၁၉၈၇တွင် မန္တလေး တက္ကသိုလ်မှ ရူပဗေဒဘာသာရပ်ဖြင့် သိပ္ပံဘွဲ့ (B.Sc) ရရှိခဲ့သည်။
တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ကချင်လွတ်မြောက်ရေး တပ်မတော်သို့ ၁၉၈၇ မတ်လတွင် တပ်သားအဆင့်မှ ၀င်ရောက် စစ်မှုထမ်းခဲ့သည်။ ထို့နောက် ၁၉၈၈တွင် ဒုတပ်ကြပ်၊ ၁၉၉၀တွင် တပ်ကြပ်ကြီး၊ ၁၉၉၁တွင် ပြန်တမ်းဝင်အရာရှိ ဒုဗိုလ်၊ ၁၉၉၃တွင် ဗိုလ်၊ ၂၀၀၁တွင် ဗိုလ်ကြီး၊ ၂၀၀၂တွင် ဗိုလ်မှူး အဆင့်ဆင့်အထိ ရာထူးတိုးမြှင့်ခြင်းခံရသည်။
ထိုမှတစ်ဖန် ၂၀၀၃မှ ၂၀၀၄အထိ တပ်မဟာမှူး တာဝန်နှင့် KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး တာဝန်များကို ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် ၂၀၀၅တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်ခံရကာ မဟာဗျူဟာဌာန ညွှန်ကြားရေးမှူး တာဝန်ကို ထမ်းရွက်ခဲ့သည်။
ဤသို့စစ်မှုထမ်းရင်း စစ်စည်းကမ်း ကောင်းမွန်မှုနှင့် အထက်မှ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းရွက်ခဲ့သောကြောင့် ၂၀၀၆ ဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်ခံရပြီး KIO ဗဟိုကော်မတီဝင်အဖြစ် သုံးနှစ်ခန့် ထမ်းရွက်ပြီးသောအခါ ၂၀၀၉တွင် KIO အမြဲတမ်း ဗဟိုကော်မတီဝင်နှင့် ဗိုလ်မှူးချုပ် အဆင့်ဖြင့် ဒုတိယစစ်ဦးစီးချုပ် အဆင့်သို့ တိုးမြှင့်ခံရသည်။
ထို့နောက် ၂၀၁၂ ခုနှစ်တွင် ဗိုလ်ချုပ်အဆင့်သို့ တိုးမြှင့်ခံရသည်။ ၂၀၁၆ ဇန်န၀ါရီလတွင် ကျင်းပခဲ့သော KIO ဗဟိုကော်မတီအစည်း အဝေးတွင် KIO ဒုဥက္ကဋ္ဌ (၂) အဖြစ် ခန့်အပ်ခြင်းခံရသည်။
ဗိုလ်ချုပ်ဂွန်မော်သည် စာပေအနုပညာကိုလည်း ၀ါသနာပါသူ ဖြစ်သည်။ တက္ကသိုလ် အပျော်တမ်း ဂီတ၀ိုင်း၌ ဒရမ်မာ (Drummer) သမားတစ်ဦးလည်း ဖြစ်သည်။ သူသည် တက္ကသိုလ်ကျောင်းသား ဘ၀ကပင် မြန်မာပြည်သိန်းတန်၊ လေးဖြူ၊ ဇော်ဝင်းထွဋ်တို့နှင့်အတူ စင်တင်တေးဂီတအဖွဲ့များ၌ အတူတကွ သီဆိုတီးခတ်ခဲ့ဖူးသည်။
သူသည် တက္ကသိုလ် ကျောင်းသားဘ၀က ကချင်တက္ကသိုလ် ကျောင်းသားများ စုစည်းထုတ်ဝေသော Chyurum Shalat ခေါ် တိုင်းရင်းသားမျက်ပွင့် မဂ္ဂဇင်း၌ တာဝန်ခံ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။ အထောက်တော်လှအောင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သော “သောင်းပြောင်း ထွေလာ” ရယ်စရာ မဂ္ဂဇင်း၌လည်း ဆောင်းပါးများ ရေးခဲ့ဖူးသည်။
သူသည် စာပေ၀ါသနာ ထုံသလို အားကစားကိုလည်း ငယ်စဉ်ကတည်းကပင် လိုက်စားခဲ့သည်။ ကရာတေးဒို ကိုယ်ခံပညာ၌ ခါးပတ်နက်အဆင့် ရရှိထားသူ ဖြစ်သည်။ အားလျှင် အားကစား လေ့ကျင့်နေတတ်သည်။ စာပေ၀ါသနာပါသောကြောင့် လိုင်ဇာမြို့ သူ့အိမ်နား၌ ကိုယ်ပိုင် စာကြည့်တိုက်တစ်ခု တည်ထောင်ထားသည်။ သူ့စာကြည့်တိုက်၌ အင်္ဂလိပ်၊ ကချင်၊ မြန်မာ ဘာသာဖြင့် ထုတ်ဝေထားသော စာအုပ်ပေါင်း နှစ်သောင်းခန့် စုဆောင်းထားသည်။ စာကြည့်တိုက်သို့ မည်သူမဆို အခမဲ့လာရောက် ဖတ်ရှု ငှားရမ်းနိုင်ရန် စီစဉ်ပေးထားသည်။
မည်သို့ဆိုစေ ...ပြည်တွင်း စစ်မီးချုပ်ငြိမ်း၍ ထာဝရငြိမ်းချမ်းရေး ရရှိစေရန် ကျင်းပလျက်ရှိသော ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးမှုများ၌ တန်းတူရည်တူ ဆွေးနွေးနိုင်မှု ရရှိရေးနှင့် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရန် အလွန်အရေးကြီးပေသည်။
သို့သော် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပစဉ်ကပင် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ ရှေ့တွင် စစ်ရာထူးများဖြုတ်၍ မြန်မာ့ယဉ်ကျေးမှုအရ ဦး၊ ကို၊ မောင်ကိုပင် မထည့်ဘဲ နာမည်အရင်းအတိုင်း ခေါ်ဝေါ်သုံးစွဲနေမှုသည် ယဉ်ကျေးမှုနှင့် ဖီလာဖြစ်သလို ယုံကြည်မှု တည်ဆောက်မှုကိုလည်း အဟန့်အတား ဖြစ်စေခဲ့သည်။ ဤကဲ့သို့ အသေးအမွှား ကိစ္စလေးများကိုပင် သဘောထား မကြီးနိုင်ဘဲ လက်နက်ကိုင် ပဋိပက္ခပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ပါဟု ရိုးသားစွာ ယုံကြည်နေမိပါသည်။ ယင်းနှင့်ပတ်သက်၍ ပအို့ဝ်လွတ်မြောက်ရေးအဖွဲ့မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက -
“အရင် ဦးသိန်းစိန် လက်ထက်မှာဆိုရင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားတဲ့ အချိန်ဆိုရင် ဦးသိန်းစိန်က ကျွန်တော်တို့ ရာထူးအားလုံးကို ထည့်ပေးတယ်။ ဗိုလ်မှူးကြီးဆိုရင် ဗိုလ်မှူးကြီးပေါ့။ ယုံကြည်မှု တည်ဆောက်တဲ့ အချိန်မှာဆိုရင် အခြေခံ တစ်ချက်ကတော့ အပြန်အလှန် အသိအမှတ်ပြုတဲ့ နေရာမှာ အရှိကိုအရှိအတိုင်း အသိအမှတ်ပြုပေးဖို့တော့ လိုတယ်။ ဗိုလ်ချုပ်ကြီး မူတူးစေဖိုးပဲ ခေါ်ခေါ်၊ စောမူတူးစေးဖိုးပဲ ခေါ်ခေါ်၊ ဦးမူတူးပဲခေါ်ခေါ် ဘာမှ မဖြစ်ပါဘူး။ သူ့ဆီမှာ ရင့်ကျက်မှု ရှိပါတယ်။ ဒါပေမဲ့ ခေါ်ဝေါ်သုံးစွဲတဲ့ဘက်က ဘယ်လောက်အထိ သူ့အပေါ်မှာ လေးစားမှု၊ အသိအမှတ်ပြုမှု ရှိသလဲဆိုတဲ့ အပေါ်မှာတော့ ပြောစရာရှိပါတယ်”ဟူ၍ ပြောကြားသွားသည်။
မှန်လေသည်။ နိုင်ငံရေး ပြဿနာများကြောင့် ဖြစ်ပွားခဲ့သော နှစ်ပေါင်း ၇၀ နီးပါး တောက်လောင်နေသည့် ပြည်တွင်းစစ်မီးကို ငြိမ်းသတ်၍ ထာဝရငြိမ်းချမ်းရေး ရရှိစေရန် တပ်မတော်မှ ဆွဲကိုင်ထားသော မူဝါဒနှင့် လက်ရှိ အစိုးရခေါင်းဆောင်များသည် သဘောထားပြည့်ဝ၍ ပါးပါးနပ်နပ် ဉာဏ်ရည်အပြည့် အ၀ဖြင့် လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းရာ၌ မိမိတို့အခြေခံ အကျိုးစီးပွားနှင့် သဘောထားကို မပြင်သရွေ့ ထာဝရငြိမ်းချမ်းရေးသည် ရွှေပြည်တော် မျှော်တိုင်းဝေးပမာ ဖြစ်နေဦးမည်မှာ မလွဲဧကန်ပင်တည်း။
သန်းဝင်းလှိုင်


credit#tomorrow

No comments:

Post a Comment