Sunday, September 25, 2016

ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နှင့် အမေရိကန် သွားရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ အပတ်က ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတို့ကို သွားရောက်ခဲ့ပြီး မနေ့ညက ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ကြေညာချက်အပြည့်စုံ ဖတ်ရှုရန်
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ တက်ရောက်ရန် နယူးယောက်မြို့သို့ (၁၆-၉-၂ဝ၁၆) ရက် နေ့မှ (၂၄-၉-၂ဝ၁၆) ရက်နေ့အထိ သွားရောက်ခဲ့ပြီး ယနေ့ (၂၅-၉-၂ဝ၁၆) ရက်နေ့ ည (ဝ၉း၅ဝ) နာရီတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိခဲ့ပါသည်။
၂။ နယူးယောက်မြို့တွင် ရောက်ရှိနေစဉ်ကာလအတွင်း (၁၇-၉-၂ဝ၁၆) ရက်နေ့၌ နယူးယောက်မြို့ရှိ မြန်မာအသိုက်အဝန်းများနှင့် တွေ့ဆုံခဲ့ပြီး ယင်းနေ့တွင်ပင် ဘော့စတွန်မြို့ရှိ ဟားဗတ်တက္ကသိုလ် မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အားချီးမြှင့်သည့် 2016 Humanitarian of the Year Award ကို လက်ခံရယူခဲ့ပါသည်။
၃။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် (၁၈-၉-၂ဝ၁၆) ရက်နေ့ တွင် နယူးယောက်မြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ ဝန်ထမ်းမိသားစုများနှင့်လည်းကောင်း၊ (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်လျက်ရှိသည့် မြန်မာကိုယ်စားလှယ် အဖွဲ့နှင့်လည်းကောင်း၊ (၁၉-၉-၂ဝ၁၆) ရက်နေ့တွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO) ၏ ညွှန်ကြားရေးမှူးချုပ် Ms. Irina Bokova ၊ ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Lars Lokke Rasmussen ၊ မက္ကဆီကိုသမ္မတ H.E. Mr. Enrique Pena Nieto ၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် H.E. Ms. Sheikh Hasina တို့နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံခဲ့ပါသည်။(၂ဝ-၉-၂ဝ၁၆) ရက်နေ့တွင် “Together for the 2030 Agenda: Partnering for Women, Children and Adolescents, to Thrive and Transform the World ” အဆင့်မြင့် အစည်းအဝေး၌ တက်ရောက်၍ Panelist အဖြစ် ပါဝင်တက်ရောက်ဆွေးနွေးပြောကြားခဲ့ပြီး အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ အတွင်းရေးမှူးချုပ် H.E. Mr. Lyad Ameen Madani အား လက်ခံတွေ့ဆုံခဲ့ပါသည်။
၎။ (၂၁-၉-၂ဝ၁၆) ရက်နေ့တွင် (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းတစ်ရပ် ကို ပြောကြားခဲ့ပါသည်။ ယင်းနေ့တွင်ပင် နျူကလီးယားလက်နက်စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ် (Comprehensive Nuclear-Test-Ban Treaty- CTBT) သို့ အတည်ပြုပါဝင်သည့် စာချွန်လွှာပေးအပ်ပွဲသို့ တက်ရောက်ပေးအပ်ခဲ့ပြီး Asia Society က စီစဉ်ကျင်းပသည့် လူထုဟောပြောပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။
၅။ (၂၂-၉-၂ဝ၁၆) ရက်နေ့တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ရုံး၌ CNN သတင်းဌာနမှ တွေ့ဆုံမေးမြန်းမှုကိုလက်ခံဖြေကြားခဲ့ပြီး ကမ္ဘာ့စီးပွားရေးဖိုရမ် ဥက္ကဋ္ဌ Prof. Klaus Schwab? Open Society Foundation တည်ထောင်သူနှင့်ဥက္ကဋ္ဌ Mr. George Soros ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီး H.E. Mr. ZeidRa’ad Al Hussein တို့အားသီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။ ယင်းနေ့ညနေပိုင်းတွင် New York Public Library ၌ Academy of Achievement အဖွဲ့မှ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် အား ပေးအပ်ချီးမြှင့်သည့် Academy’s Golden Plate Award ကိုတက်ရောက်လက်ခံခဲ့ပါသည်။
၆။ နယူးယောက်မြို့သို့ မသွားရောက်မီ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ (၁ဝ-၉-၂ဝ၁၆) ရက်နေ့မှ (၁၃- ၉-၂ဝ၁၆) ရက်နေ့အထိ သွားရောက်ကာ လန်ဒန်မြို့ရှိ မြန်မာသံရုံး၌ ဥရောပဒေသ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသတို့မှ မြန်မာသံအမတ်ကြီး ၁၂ ဦးနှင့်တွေ့ဆုံခဲ့ပြီး ဗြိတိန်နိုင်ငံအကြီးအကဲများနှင့် လည်း တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စု အစိုးရ၏ ဖိတ်ကြားချက်အရ ဝါရှင်တန်မြို့သို့ (၁၃-၉-၂ဝ၁၆) ရက်နေ့မှ (၁၆-၉-၂ဝ၁၆) ရက်နေ့အထိ တရားဝင်ခရီးစဉ်သွားရောက်ကာ အမေရိကန် သမ္မတ မစ္စတာ ဘာရက်ခ်အိုဘားမားအပါအဝင် အစိုးရအဖွဲ့အကြီးအကဲများ၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အနော်ခရီးစဉ်
credit##DvB

No comments:

Post a Comment