Wednesday, April 27, 2016

မြိုင်ကြီးငူ ဆရာတော်(ဦးသုဇန)အကြောင်း

မြိုင်ကြီးငူ ဆရာတော်(ဦးသုဇန)အကြောင်း

မြိုင်ကြီးငူ ဆရာတော်ကို ကြည်ညိုလေးစားသူ တကာတကာမများကိုတော့
အားနာပါတယ်။ ရှေ့မျက်နှာ နောက်ထားပြီးတော့ နဲနဲတော့ ပြောချင်တယ်။
ဒီဘုန်းကြီး ဘယ်ကနေ ဖြစ်လာသလဲဆိုတာ ဒီကေဘီအေ ဖြစ်ပေါ်လာတဲ့
အချိန် ငါးနှစ် ခြောက်နှစ်လောက် ကလေးတွေ မသိနိုင်တော့ပါဘူး။ ဒီဘုန်း
ကြီးဟာ ဗိုလ်ခင်ညွှန့်ရဲ့ တည်ကြက်ဖြစ်တယ်။ ကေအင်ယူ မပြိုကွဲခင်မှာ
ကောင်းကောင်း သပ်လျိုပြီး တပည့်မွေးထားတဲ့ ဗိုလ်ခင်ညွှန့်ရဲ့ တည်ကြက်
တကောင်ပါပဲ။ ကေအင်ယူမှာ ဗုဒ္ဓဘာသာနဲ့ ခရိယန်အုပ်စု အစာမကြေမှု
တွေ စတင်ဖြစ်ပေါ်လာချိန်မှာ ဗိုလ်ခင်ညွှန့်ရဲ့ ကကလှမ်းက စတင်ခြေရှုပ်
ခဲ့တယ်ဆိုတာ ထောက်လှမ်းရေးဟောင်းတွေ ပြောဖူး၊ ရေးဖူးတာတွေကို
ကြားဖူး၊ ဖတ်ဖူးကြမှာပါ။

ဒီလို မကြေညက်မှုတွေ ကေအန်ယူအတွင်း ဖြစ်နေချိန်ရောက်တော့မှ အဲ့
ဒီ မြိုင်ကြီးငူ ဆရာတော်ဆိုတာ ဘွားကနဲ ပေါ်လာတော့တာပါပဲ။ မှတ်မိ
ပါသေးတယ်။ အဲ့ဒီအချိန်က ကျွန်တော်တို့ သူငယ်ချင်းတွေ လ္ဘက်ရည်ဆိုင်
ထိုင်ကြစဉ်အတွင်း သတင်းစာ၊ တီဗီတွေမှာ သူ့ပုံတွေ ပါလာတော့ ဒီဘုန်း
ကြီးကတုံးကလည်း လပ်လပ်ဆပ်ဆပ်လေးပါလား ဆိုပြီး သံသယစိတ်နဲ့
ဝေဖတ်ခဲ့ဖူးကြပါတယ်။ ဒီကေဘီအေ မဖွဲ့စည်းမှီအချိန်က ကေအင်ယူ
အဖွဲ့ထဲမှာ ရှိနေပါသေးတယ်။ ကေအင်ယူ ဗဟိုက ဗုဒ္ဓဘာသာတွေကို
နှိပ်ကွပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တဖြည်းဖြည်း တင်းမာလာနေပါ
တယ်။ ဒါကို အသုံးမကျတဲ့ ကေအင်ယူ ဗဟိုက မဖြေရှင်းနိုင်ခဲ့ဘူး။ အဲ့
ဒီအခွင့်ရေးကို စောင့်နေတဲ့ ဗိုလ်ခင်ညွှန့်က သပ်လျိုပြီး စတင်သွေးခွဲပါ
တော့တယ်။

တငွေ့ငွေ့လောင်မြိုကနေတဲ့ ဖွဲမီးပမာ ကေအင်ယူထဲမှာ ဟုန်းကနဲထ
လောင်စေတဲ့ ရေချိန်အမြင့်ဆုံး မီးပွါးကတော့ တောင်ကုန်းတခုပေါ်မှာ
စေတီတည်တဲ့ ကိစ္စပါပဲ။ ဒါဟာ မြိုင်ကြီးငူရဲ့ ပထမဆုံး စေတီတည်တဲ့
မီးစပါပဲ။ ဒီကိစ္စကို မှတ်မိသူတွေတော့ ရှိကြဦးမှာပါ။ အဲ့ဒီမှာ ကေအင်
ယူနဲ့ ထိပ်တိုက်တွေ့ပါပြီ။ ကေအင်ယူက ဘာသာရေး အခြေတည်တာ
ဖြစ်ပေမယ့်၊ ဘာသာရေးကို စိတ်မဝင်စားပါဘူး။ တောင်ထိပ်တည့်တည့်
ဖြူဖြူဖွေးဖွေး ဘုရားတည်တော့ မဟာဗျူဟာအရ အချက်ချာ ဖြစ်နေတာမို့
လက်မခံခြင်းဖြစ်ပါတယ်။ အဲ့ဒီမှာတင်ပဲ ကေအင်ယူက ရာဇသံပေးလာ
တော့ ခွေးအချောင်း ချောင်းနေတဲ့ ဗိုလ်ခင်ညွှန့်က စတင်ပြီးခွဲထုတ်ပလိုက်
ပါတော့တယ်။ အဲ့ဒီကနေ တိုက်ပွဲတွေ စတင်ဖြစ်ပြီးနောက် တပြိုင်နက်
ဒီကေဘီအေကို စတင်ဖွဲ့စည်း ထူထောင်လိုက်ပါတော့တယ်။

ဒါဟာ ကေအင်ယူရဲ့ မဟာဆုံးရှုံးမှုတခုဖြစ်သလို၊ ဗိုလ်ခင်ညွှန်အတွက်
မဟာ့မဟာ အောင်မြင်မှုကြီးပါပဲ။ နောက်ပိုင်း မြန်မာစစ်တပ်နဲ့ ဒီကေ
ဘီအေတို့ ပူးပေါင်းပြီး ကေအင်ယူအပေါ် ထိုးစစ်တွေ အကြီးအကျယ်
ဆင်နွှဲခဲ့ရာမှာ မဆလခေတ် တလျှောက်လုံး မသိမ်းပိုက်လိုက်နိုင်တဲ့
ဘုရားသုံးဆူ၊ မဲလ၊ မဲသဝေါ၊ ဝေါလေ၊ မော်ဖိုးကေ တို့လို နာမည်ကြီး
ကေအင်ယူတို့ရဲ့ စစ်စခန်းကြီးမှာ စစ်အစိုးရလက်ထဲ ကျရောက်သွား
ပါတော့တယ်။ အဲ့ဒီအချိန်ကစပြီး ရန်ကုန်လို မြို့ပြတွေပေါ်မှာ ပေါ်
တာဆွဲခြင်းကို ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့ကြတာပါပဲ။ အကျဉ်းထောင်
တွေကနေ ပေါ်တာတောင်းယူသွားတာတွေ စတင်ဖြစ်ပေါ်လာတယ်
ဆိုတာ မှီလိုက်သူများ မှတ်မိကြဦးမှာပါ။

ဆက်စပ်ဖြစ်ရပ်မို့ ထည့်ရေးလိုက်တာပါ။ လိုရင်းကို ဆက်ရလျှင်တော့
ဒီဘုန်းကြီးရဲ့ သမိုင်းကြောင်းဟာ ဘုရားတည်တာကနေ စပါတယ်။ ဒါ
ဟာ ဘာကို အမှတ်ရစေသလဲဆိုတာ အစပိုင်းမှာ ပြောခဲ့သလို တည်
ကြက်ဘုန်းကြီးကိုများ ထုတ်သုံးလာလေသလား။ ဒီဘုန်းကြီးဟာ စကြား
ဖူးကတည်းက ခွဲရေးကနေ စခဲ့တဲ့ ဘုန်းကြီးတပါးပါပဲ။ ခုလည်း တည်
ကြက်ထုတ်ပြီး မီးမွှေးလေပြီလား။ အစိုးရသစ်နဲ့ ဘာသာရေး လှည့်ခွေ
စေပြီး အကျဉ်းအကြပ်ကို ရောက်အောင် တွန်းပို့နေတာလား။ ပြည်သူ
နဲ့ အစိုးရသစ်(ဒီမိုကရက်တစ် အစိုးရ)ကြားမှာ သွေးခွဲရန်တိုက်ပေးပြီး
မတည်မငြိမ်ကို ဖန်တီးနေတာလား။ သူများပိုင်နက် အတွင်းမှာမှဝင်ပြီး
ဘုရားတည်တာဟာ ဘယ်တရားဥပဒေနဲ့ ညီညွတ်မှုရှိပါသလဲ။

နမူနာလေး တခုပေးပါမယ်။ အမေရိက ပြည်ထောင်စု၊ နယူးဂျာစီပြည်
နယ်၊ မာနာလပန်မြို့မှာ တည်ထားကိုးကွယ်တဲ့ မြန်မာဗုဒ္ဓဘာသာ အ
သင်းပိုင် ကျယ်ပြောလှတဲ့ မြေကွက်ကြီးထဲမှာ စေတီတော်တဆူ၊ ကျောင်း
တကျောင်း၊ ရောဂီဆောင်၊ တရားအားထုတ်ဆောင်၊ မီးဖိုဆောင်တွေ ရှိ
နေပါတယ်။ အမေရိက ပြည်ထောင်စုဆိုတာဟာ ခရိယန်တွေ အများစု
နေထိုင်ရာ နိုင်ငံကြီးတခု ဖြစ်ပါတယ်။ အဲ့ဒီ ဘုရားကျောင်း ပရဝုဏ်ထဲ
မှာ ခရိယာန် လက်ဝါးကပ်တိုင်ကြီးတခုများ လာစိုက်ကြမယ်ဆိုလျှင်
ဗုဒ္ဓဘာသာ အစွန်းရောက်တွေကို တခုတော့ မေးချင်တယ်။ ခင်ဗျားတို့
ရဲ့ စိတ်ထဲမှာ ဘယ်လိုများ ခံစားရမလဲ ဆိုတာပါပဲ။ (အမေရိကမှာ ဒီလို
မျိုး မင်းမဲ့စရိုက် လုပ်လို့မရပါ။ စကားပြော နမူနာ ပေးခြင်းသာ ဖြစ်ပါ
တယ်။) ကိုယ်ချင်းစာစိတ် ထားကြပါ။ ပြောတော့ ဗုဒ္ဓယဉ်ကျေးမှု အ
ဆုံအမတွေကြောင့် မြန်မာဟာ ယဉ်ကျေးတယ်ဆိုပြီး ဂုဏ်ယူနေပေ
မယ့် လုပ်နေတဲ့ လုပ်ရပ်တွေကတော့ ဟန်နာဘိခ်ျ ခေါင်းစဉ်တပ်တာ
အလျင်က မှားတယ်လို့ ထင်ခဲ့ပေမယ့် ခုတော့ မှန်နေသလိုလို ဖြစ်လာ
နေတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာအတွက် အင်မတန်မှ အရှက်ရစေ
ပါတယ်လို့ပဲ သုံးသပ်လိုက်ပါတယ်။

Stanley N Naing

No comments:

Post a Comment