Wednesday, August 31, 2016

ဒေါ်စု၏ ၂၁ ရာစု ပင်လုံ ညီလာခံတွင် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ

ဒေါ်စု၏ ၂၁ ရာစု ပင်လုံ ညီလာခံတွင် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ

ဒီနေ့ ကျွန်မတို့ရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ညီလာခံ ဖွင့်ပွဲ အခမ်း အနားကို ကြွရောက် လာကြတဲ့ ဧည့်သည် တော်များ ၊ကိုယ်စားလှယ် များနဲ့ တကွ ယခုလို အချိန်မှာ ကျွန်မတို့နဲ့ အတူ စိတ်အားဖြင့် ရှိနေတဲ့ ပုဂိုလ်များ အားလုံး နှလုံးစိတ်ဝမ်း အေးချမ်း ကြပါစေ ကောင်းကျိုး လိုရာ ဆန္ဒအဝဝနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းရင်းနဲ့ ကျွန်မ စပါရစေ။

ဒီခန်းမကြီးဟာ ငြိမ်းချမ်းရေးကို မြတ်နိုး တန်ဖိုးထားတဲ့ ဧည်သည်တော်များ၊ ကိုယ်စားလှယ် များနဲ့သာ ပြည့်နေရုံ သာမက စိတ်ကောင်း စေတနာရဲ့ ကျွန်မတို့ရဲ့ ကမ္ဘာ တစ်ဝှမ်းက မိတ်ဆွေများနဲ့ ကျွန်မတို့ရဲ့ ပြည်သူ ပြည်သား များရဲ့ မျှော်လင့်ချက် အိမ်မက်တွေ နဲ့လည်း လျံနေတာ ဖြစ်ပါတယ်

ဒီမျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ဒီအိမ်မက်တွေ အကောင်အထည် ဖော်ပေးဖို့ဆိုတာ လွန်စွာမှ ကြီးမားတဲ့ တာဝန် ဖြစ်ပါတယ် ကြီးမားတယ် ဆိုလို့ ကြီးလေး တယ်လို့ ပြောလိုတာ မဟုတ်ပါဘူး။ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုတဲ့ အနှိုင်းမဲ့ စိတ်ချမ်းသာမှု ကြီးကို မခံစား သွားရရှာတဲ့ ဒီလောကြီးက ထွက်ခွာ သွားပြီဖြစ်တဲ့ နိုင်ငံရေး ပုဂ္ဂိုလ်များ အပေါ် သစ္စာ စောင့်သိခြင်း ၊ လက်ရှိ ပစ္စုပ္ပန်မှာ ငြိမ်းချမ်းမှု မရှိတာကြောင့်မို့ ဒုက္ခ အမျိုးမျိုးကို ခါးစည်း ခံနေရတဲ့ ပြည်သူတွေ ပေါ်မှာ ထားတဲ့ ဂရုဏာကို အတည်ပြုခြင်း ၊ ကျွန်မတို့ ထားခဲ့မယ့် ကောင်းမွေ ဆိုးမွေ မှန်သမျှကို ခံစားရမယ့် နောင် မျိုးဆက်သစ်တွေ ပေါ်မှာ မေတ္တာ သက်သေထူခြင်းတို့ အဖြစ် ထမ်းဆောင် ရတဲ့ တာဝန်ဟာ ကြီးလေး တယ်လို့ ဘယ်တော့မှ မရှိပါဘူး။

သမိုင်း မှတ်ကျောက် တင်လောက်တဲ့ လုပ်ငန်းကြီး တစ်ခု အောင်မြင်အောင် လုပ်နိုင်ဖို့ ဘာမှ မတူတဲ့ ထူခြားတဲ့ အခွင့် အရေးကြီးပဲ ဖြစ်ပါတယ်။ ဒီအခွင့် အရေးကြီးကို ကျွန်မတို့ အားလုံးက ပညာ သတ္တိ၊ လုံ့လ ဝီရိယ တို့နဲ့ မိမိရရ ဆုပ်ကိုင်ဖို့ အလင်းရောင်သန်းတဲ့ အနာဂတ် တစ်ရပ် ဖော်ထုတ် ကြပါစို့။

မတူညီတဲ့ အမြင်သဘော ထားတွေကို ပြည်သူတွေ ကောင်းကျိုး အတွက် ညှိနှိုင်း ဖြစ်စေတဲ့ ပညာ ၊လက်ခံသင့်တဲ့ အပြုအမှု အတွေး အခေါ် သစ်တွေကို လက်ခံရဲတဲ့ သတ္တိ၊ ခက်ခဲတဲ့ လုပ်ငန်းတွေကို အောင်မြင်သည် အထိ ရွက်ဆောင်နိုင်တဲ့ ဝီရိယတို့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးမှာ ပါဝင်သူ အားလုံးဟာ မိမိတို့ရဲ့ ကဏ္ဍ သေးသည်ဖြစ်စေ ကြီးသည် ဖြစ်စေ ကြိုးပမ်း ဆောင်ရွက် သွားမယ် ဆိုရင် ကျွန်မတိုရဲ့ မျှော်မှန်း တမ်းတနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ကြီးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို စတင် တည်ထောင် စဉ်က စပြီး ပင်လုံ စိတ်ဓာတ်ကို အခြေခံတဲ့` နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲတွေ ကျင်းပ ပြုလုပ်ဖို့ ရည်ရွယ် ခဲ့ပါတယ်။

ဆွေးနွေးပွဲဟာ တန်းတူ ရည်တူ အခွင့် အရေး တွေကို အာမခံခြင်း၊ ပြည်ထောင်စု တိုင်းရင်းသား အချင်းချင်း အပြန် အလှန် လေးစားခြင်း ၊ အပြန် အလှန် ယုံကြည်မှု ရယူခြင်းတို့နဲ့ ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်း တို့မှ အခြေခံမှာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ပေါ်ပေါက် လာတဲ့ အမျိုးသား ရင်ကြားစေ့ရေး မူကိုအခြေခံတဲ့ အစိုးရ ကလည်း ဒီရည်မှန်းချက်တွေကို အကောင် အထည်ဖော်ဖို့ စိတ်အား ထက်သန် ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ဆိုတာ ငြိမ်းချမ်းရေးအတွက်သာမက ကျွန်မတို့အားလုံး ရှည်ကြာစွာမျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။

NCA နဲ့ ပတ်သက်လို့ လက်မှတ် ထိုးခဲ့တဲ့ အဖွဲ့တွေ ရှိသလို အကြောင်း ကြောင်းကြောင့် မထိုးရသေးတဲ့ အဖွဲ့တွေလည်း ရှိနေပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်ပြီး
ပြုလုပ်တဲ့ အခါ NCA ကို အခြေခံပြီး ဆောင်ရွက် သွားရမှာ ဖြစ်တဲ့ အတွက် ကျွန်မတို့ အစိုးရသစ် လက်ထက်မှာ NCA လက်မှတ် ထိုးဖို့ ကျန်နေတဲ့ အဖွဲ့တွေ ပါဝင် လာနိုင်အောင် အထူး အလေး ထားပြီး ဆောင်ရွက်လျှက် ရှိပါတယ်။

အမျိုးသားရင်ကြားစေ့ရေးဟာ ပြည်ထောင်စုသား အားလုံးနဲ့ ဆိုင်ပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အချင်းချင်း ကြားက သင့်မြတ်ရေးလည်း ပါဝင်ပါတယ်။

NCAလက်မှတ်ထိုးပြီးဖြစ်တဲ့အဖွဲ့တွေနဲ့ NCA မထိုးရသေးတဲ့အဖွဲ့တွေကြားမှာ ဝိဝဒါကွဲပြားမှုတွေ ဖြစ်ပေါ်နေရင် ကျွန်မတို့ ငြိမ်းချမ်းရေး ခရီးဟာ နှောင့်နှေး ကြန့်ကြာ သွားမှာ ဖြစ်ပါတယ်။

ကျွန်မတို့တိုင်းရင်းသား အချင်းချင်းကြားမှာ နားလည်မှု လွဲမှား တာတွေ စိတ်ဝမ်း ကွဲမှုတွေ မရှိစေဖို့ ဘုံသဘော တူညီချက်ဖြစ်တဲ့ NCA ရဲ့ ထီးရိပ်အောက်မှာ အားလုံး
ရောက်ရှိ လာအောင် ကျွန်မတို့ ကြိုးစား ဆောင်ရွက် နေပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အပြီးမှာ အစိုးရ ဖြစ်လာတဲ့ ကျွန်မတို့ဟာ မဲဆန္ဒရှင်များ အပ်နှင်း လိုက်တဲ့ လုပ်ပိုင် အာဏာ အရ နိုင်ငံသူ နိုင်ငံသားတွေ ခေတ် အဆက်ဆက်
မျှော်လင့်တောင့်တ ခဲ့ကြတဲ့ ရေရှည် တည်တံ့ ခိုင်မြဲစေမယ့် ငြိမ်းချမ်းရေးကို ရယူပေးဖို့ကြိုးပမ်းရန် ဆုံးဖြတ် ခဲ့ပါတယ်။

ကျွန်မတို့ရဲ့ ပြည်ထောင်စုသား အားလုံးအပေါ် ယုံကြည်မှု အပြည့်အဝနဲ့ ငြိမ်းချမ်းရေး ခရီးကို လျှောက်လှမ်းဖို့ ကျွန်မတို့ စတင်ခဲ့ ပါတယ်။

ကျွန်မတို့နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အမျိုးသား ညီညွှတ်ရေး မတည်ဆောက်နိုင် သမျှ ကာလ ပတ်လုံး ရေရှည် တည်တံ့ ခိုင်မြဲမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဘယ်လိုမှ တည်ဆောက်နိုင်မှာ မဟုတ် ပါဘူး။ ကျွန်မတို့ အားလုံးညီညွှတ်မှ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းမယ် ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းမှ အခြား
ဒေသတွင်းနိုင်ငံတွေ ကမ္ဘာ တစ်ဝှမ်းရှိ နိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်မှာပါ

အချိန်လွန်နေပြီဖြစ်တဲ့ ငြိမ်းချမ်းရေးရဖို့ အတွက် ကျွန်မတို့ ဆွေးနွေးရမယ် ညှိနှိုင်းရမယ် ဒီလိုမျိုး နိုင်ငံရေး စားပွဲဝိုင်းမှာ စေ့စပ် ညှိနှိုင်း အဖြေရှာ ကြမယ် ဆိုရင် အားလုံး သဘောတူ လက်ခံနိုင်တဲ့ မူဘောင် တစ်ခု မရှိမဖြစ် လိုအပ်ပါတယ်။

NCA သဘောတူညီချက် အရ နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်ကို ပြီးခဲ့တဲ့ ကာလမှာ ရေးဆွဲစဉ် ကတည်းက ပြောင်းလွယ် ပြင်လွယ် ဆောင်ရွက်နိုင်အောင် လုပ်ကြဖို့ ကျွန်မတို့ တိုက်တွန်း ခဲ့ပါတယ်။

ရွေးကောက်ပွဲ အပြီးမှာ နိုင်ငံရေး အခင်းအကျင်းတွေ ပြောင်းလဲ လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေ အရ ကျွန်မတို့ ဒီလို တိုက်တွန်း ခဲ့တာလည်းဖြစ်ပါတယ်။

ကျွန်မတို့အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်စဉ်ကစပြီး နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ပြန်လည်သုံးသပ်ရေးလုပ်ငန်းတွေကို NCA လက်မှတ် ထိုးပြီးဖြစ်တဲ့ အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက် ခဲ့ပါတယ်။

တချိန်တည်းမှာ လက်မှတ်မထိုးရသေးတဲ့ လက်ကျန်အဖွဲတွေလည်း မူဘောင်သုံးသပ်ရေးလုပ်ငန်းမှာ ပါဝင်လာနိုင်အောင်လို့ဆောင်ရွက်ပေးခဲ့ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေရဲ့မူလဇာစ်မြစ်ဖြစ်တဲ့ နိုင်ငံရေးပြသာနာတွေကိုဖြေရှင်းနိုင်ဖို့ အဓိကလိုအပ်ချက်ဟာ အပြန်အလှန်နားလည်ဖို့ အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်းအဖြေရှာနိုင်ဖို့ဖြစ်တယ်ဆိုတာကို အမြဲပဲခံယူထားပါတယ်။ ပြည်သူလူထုအားလုံးရဲ့ လွတ်လပ်ရေးအတွက်မျှော်လင့်ချက်ကို ညီညွှတ်ခြင်းပေါင်းစည်းခြင်းနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တဲ့ ပင်လုံစိတ်ဓာတ်ဟာဆိုရင် ကျွန်မတို့လက်ရှိ ရောက်ရှိနေတဲ့ ၂၁ ရာစုအတွက်လည်း မရှိမဖြစ်လိုအပ်ချက်ဖြစ်နေပါတယ်။

ကျွန်မတို့အားလုံးမျှော်မှန်းတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်ဆိုရင် ကျွန်မတို့ တိုင်းရင်းသားတွေအားလုံး ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး တန်းတူရည်တူ စုပေါင်းဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်စေမယ့် ၂၀ ရာစုပင်လုံညီလာခံနဲ့ တူညီတဲ့ ၂၁ ရာစုပင်လုံညီလာခံတစ်ခု ကျင်းပနိုင်ဖို့ အထူးပဲလိုအပ်ခဲ့ပါတယ်။

ဒါဟာပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီး စတင်ဖြစ်ပေါ်လာစေတဲ့ နောက်ခံအတွေးအခေါ်တွေဖြစ်ပါတယ်။ ကျွန်မတို့အစိုးရရဲ့ ဦးစားပေး လုပ်ငန်းစဉ်ကြီး တစ်ခု အနေနဲ့ ဒီညီလာခံစတင်ကျင်းပနိုင်ဖို့အတွက် ၂၀၁၆ ခုနှစ် ၄ လ ၉ ရက်နေ့ကစတင်ပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ညီလာခံအကြို ပြင်ဆင်ရေးကော်မတီဖွဲ့စည်းပြီး တဖက်မှာလည်း Myanmar Peace Centre ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

ဒီနေရာမှာ အခွင့်ကြုံတုန်း MPC ကို တည်ထောင်ပြီး အပစ်အခတ်ရပ်စဲရေးအတွက်ကြိုးပမ်းခဲ့တဲ့ သမ္မတဟောင်းဦးသိန်းစိန်ဦးဆောင်ခဲ့တဲ့ အစိုးရအဖွဲ့ကို ဂုဏ်ပြုပါတယ်။

အရင်အစိုးရရဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက်များအပေါ် ကျွန်မတို့ ယခု ဆက်လက်ပြီးတော့ တည်ဆောက်သွားပါမယ်

NCA အရ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ကို ပြင်ဆင်ဖွဲ့စည်းရာမှာ ကျွန်မ ကိုယ်တိုင် ဥက္ကဌ အဖြစ် တာဝန်ယူ
ဆောင်ရွက်ပြီး UPDJC အစည်းအဝေးကို နှစ်ကြိမ် ကျင်းပ ခဲ့ပါတယ်။

တစ်နိုင်ငံပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် အကောင်အထည်ဖော်နိုင်ရေးညှိနှိုင်း အစည်းအဝေးပွဲ (JICM) ကိုလည်း တစ်ကြိမ်ခေါ်ယူပြီး ကျင်းပနိုင်
ခဲ့ပါတယ်။ NCA လက်မှတ်ထိုးပြီးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း နှစ်ကြိမ်တွေဆုံခဲ့ပါတယ်။

လက်မှတ် မထိုးရသေးတဲ့အဖွဲ့များနဲ့ ပတ်သက်၍ဆိုရင် UNFC ခေါင်းဆောင်တွေနဲ့ ရန်ကုန်မှာတွေ့ဆုံခဲ့ပြီး ဝအထူးဒေသနှစ်နဲ့ အထူးဒေသလေး မိုင်လားခေါင်းဆောင်
တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံ ခဲ့ပါတယ် ညီလာခံ ကျင်းပတဲ့ အခါမှာ ကျွန်မတို့ အစိုးရ သက်သက်ချည်း မဟုတ်ဘဲ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် အစုအဖွဲ့၊ တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့စတဲ့ သုံးပွင့်ဆိုင် ပူးတွဲကျင်းပနေတဲ့ အနေ အထားမျိုးဖြစ်အောင် ပူးတွဲကော်မတီ တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက် ခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ မှာလည်း NCA ကို လက်မှတ်ထိုးပြီးသားရော မထိုးရသေးတဲ့ အဖွဲ့တွေရော ပါဝင်လာနိုင်အောင် အားလုံး ညှိနှိုင်းပြီးဆောင်ရွက် ခဲ့ပါတယ် လုပ်ရမယ့်အလုပ်တွေ များပြားလှတာကြောင့် ညီလာခံကျင်းပမယ့်အချိန်ကို ရွေ့ဆိုင်းပေးဖို့ တချို့ပြောကြလာတာတောင် ရှိခဲ့ပါတယ် ဒါပေမဲ့ ကျွန်မတို့ အားလုံး စည်းစည်း လုံးလုံး ညီညီညွှတ်ညွှတ်နဲ့ အားကြိုး မာန်တက်ဆောင်ရွက်နိုင် ခဲ့ကြလို့ နှစ်ပေါင်း များစွာ ကတည်းက ကျင်းပသင့်ခဲ့တဲ့ ညီလာခံကြီးကို အောင်အောင်
မြင်မြင်နဲ့ ဒီနေ့ ကျင်းပနိုင်ပါပြီ။

ဒီအတွေ့အကြုံကြောင့် ပါဝင်ပတ်သက်သူတွေကြားယုံကြည်မှုတွေကို ပိုမိုပြီး ခိုင်မာလာစေခဲ့ပြီး ဖြစ်ပါတယ်။ မတူကွဲပြားတဲ့အမြင်တွေ ရှိခဲ့ပေးကြပေမယ့်လည်း ကျွန်မတို့အားလုံး ၂၁ ရာစု ပင်လုံညီလာခံအောင်မြင်ရေးကို ဘုံရည်မှန်းချက်အဖြစ် ထားပြီးကြိုးပမ်းဆောင်ရွက်ခဲ့ကြလို့ အခုလို ဒီနေရာမှာ စုစည်းနိုင်ခဲ့ကြ တာဖြစ်ပါတယ်။

ကျွန်မတို့နိုင်ငံမှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေဟာ ရာစုတဝက်ကျော် နှစ်ပေါင်း ၇၀ နီးပါး သက်တမ်းရှည်ကြာခဲ့ပြီးဆိုတာ အားလုံးသိပြီးသားဖြစ် ပါတယ်။

ခေတ်အဆက်ဆက်မှာ ပြည်တွင်း စစ်ချုပ်ငြိမ်းဖို့နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ် အကြောင်းအမျိုးမျိုးကြောင့် ငြိမ်းချမ်းရေးပန်းတိုင်းနဲ့ အလှမ်း ကွားဝေးခဲ့ရပါတယ်။ မအောင်မြင်ခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေကို ကျွန်မတို့သင်ခန်းစာယူပြီး ကျွန်မတို့ခေတ် ကျွန်မတို့အချိန်အခါမှာ ကျွန်မတို့ အားလုံးစုပေါင်းပြီး သမိုင်းသစ်ကို ရေးသားကြရမှာဖြစ်ပါတယ်။

အခုဆိုရင် တစ်နိုင်ငံမှာရှိကြတဲ့ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေအားလုံးဟာ စိုးရိမ်မျှော်လင့်ချက်များနဲ့ စောင့်ကြည့်နေကြပါတယ် မငြိမ်းချမ်းသေးတဲ့ နယ်မြေဒေသမှာ ရှိနေကြတဲ့ ကျွန်မတို့ရဲ့တိုင်းရင်းသား တိုင်းရင်းသူတွေဟာလည်း ကျွန်မတို့ရဲ့ညီလာခံကြီးဘယ်လိုဖြစ်လာမလဲဆိုတာကို အားကိုးတကြီး
စောင့်မျှော်နေကြပြီးဖြစ်ပါတယ်။

စစ်ဘေးရှောင်ဖို့ဟိုဟိုဒီဒီပြေးလွှားနေကြတဲ့ ဒုက္ခသည်တွေထဲမှာ်အရွယ်အမျိုးမျိုး ပါနေကြပါတယ် သူတို့အားလုံးရဲ့ မျှော်လင့်ချက်တွေ မှေးမှိန်အားပျော့နေတာ ကြာခဲ့ပါပြီ။ ဒီတခါတော့ ဘယ်လိုများဖြစ်လာမလဲဆိုတာကိုလည်း မဝံ့မရဲနဲ့ မျှော်လင့်နေကြပါတယ် သူတို့ရဲ့ဒုက္ခတွေကို ကျွန်မတို့တွေ မေ့လို့မရပါဘူး

ဒီကနေ့မှာတော့ ကျွန်မတို့ရဲ့နိုင်ငံရေးပြသာနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ညှိနှိုင်းအဖြေရှာဖို့ ၂၁ ရာစုပင်လုံညီလာခံကြီးကနေတဆင့် ငြိမ်းချမ်းရေးလမ်းကို ကျွန်မတို့တွေ စတင်လျှောက်လှမ်းလိုက်ပြီဖြစ်ပါတယ် ဘယ်အထိရောက်မလဲ ငြိမ်းချမ်းရေးကိုရအောင် လှမ်းနိုင်မလားဆိုတာ မြန်မာသာမက ကမ္ဘာကပါ
စောင့်ကြည့်နေကြပါတယ်

ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေ စိတ်ကူးပေးနိုင်မလားဆိုတာကတော့ ဒီကနေ့ ညီလာခံခန်းမကြီးထဲမှာ ရောက်ရှိနေကြတဲ့
ခေါင်းဆောင်တွေ အားလုံးပေါ်မှာ မူတည်နေပါတယ် လူဘောင်အသိုင်းအဝိုင်းရဲ့ အစုအဝေးအဖွဲ့တွေ ပါဝင်ပတ်သက်မှုမရှိဘဲ ငြိမ်းချမ်းရေးကိုမရရှိနိုင်ပါဘူး

လူထုအခြေပြုအဖွဲ့အစည်းတွေဟာ တိုင်းရင်းသားဒေသတွေအပါအဝင် မြန်မာနိုင်ငံအနှံအပြားမှာ အရေးကြီးပြီး တက်ကြွတဲ့အခန်းကဏ္ဍမှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့ကြပါတယ် ကျွန်မတို့ရဲ့ တိုင်းပြည်တလွှား ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်မှုတွေရရှိအောင် အားကြိုးမာန်တက်ဆောင်ရွက်ကြဖို့အားလုံးကို ဒီနေရာကနေ ချီးကျူးဂုဏ်ပြုလိုက်ပါတယ် အထူးသဖြင့် ကျွန်မတို့လူငယ်တွေရဲ့ စွမ်းပကားနဲ့ တက်ကြွမှုတွေအတွက် ချီးမွန်းအားရမိပါတယ်။

ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ လူငယ်တွေဟာ တိုင်းပြည်အနှံမှာ ၂၁ ရာစုပင်လုံကို ထောက်ခံကြိုဆိုပွဲတွေပြုလုပ်ခဲ့ကြပါတယ် ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိဘဲ ဘယ်ငြိမ်းချမ်းရေးဖြစ်စဉ်မှ အောင်မြင်မှာမဟုတ်ပါဘူး ငြိမ်းချမ်းရေးဆိုတာ ခေါင်းဆောင်တွေက အထက်က သက်သက်ချပေးလို့ ရတဲ့အရာမဟုတ်ပါဘူး

ငြိမ်းချမ်းရေးဆိုတာ ညီလာခံခန်းမတွေမှာ မွေးဖွားပေါ်ပေါက်လာတာ မဟုတ်ပါဘူး ငြိမ်းချမ်းရေးအတွက်ပြည်သူအားလုံးရဲ့ တက်ကြွတဲ့ ပါဝင်လှုပ်ရှားမှု ထောက်ခံ အားပေးမှုတွေ လိုအပ်ပါတယ် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခု ပေါ်ပေါက်လာဖို့အတွက် ကျွန်မတို့တိုင်းသူပြည်သားအားလုံးဟာ မဆုတ်မနစ်တဲ့ သတ္တိနဲ့ သံထိပ်ဓာန်ကိုအကြိမ်ကြိမ်ပြခဲ့ပြီးဖြစ်ပါတယ်။

ရှေ့လာမယ့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေဟာ ဘယ်လောက်ခက်ခဲပါစေ ကိုယ်ရဲ့ခေါင်းဆောင်တွေ ဥာဏ်အမြော်အမြင် ၊ သတ္တိ၊ စာနာမှုတွေနဲ့ ဆောင် ရွက်ကြမယ်ဆိုလို့ရှိရင် ပြည်သူတွေလိုချင်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မှာဖြစ်ပါတယ် ကျွန်မတို့ကြိုးပမ်းဆောင်ရွက်မှုတွေဟာ ဒီကနေ့ ဒီအခန်းထဲမှာ ရှိနေတဲ့ လူတွေရဲ့ အကျိုးစီးပွားအတွက် အဓိက မဟုတ်ပါဘူး အနာဂတ်မျိုးဆက်သစ်တွေ စိတ်ရောကိုယ်ပါ ငြိမ်းချမ်းလုံခြုံစွာ ရှင်သန်ကြီးပြင်းလာနိုင်ဖို့အတွက်ဖြစ်ပါတယ်

ကျွန်မတို့ရဲ့နောက်လာမယ့်မျိုးဆက်တွေဟာ ပဋိပက္ခတွေ ဆုံးရှုံးမှုနစ်နာတွေကြောင့် စိတ်ခံစားအနာတရတွေ ဘယ်တော့မရသင့်တော့ပါဘူး ရေရှည်တည်တံ့ ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရမှသာ ကျွန်မတို့တိုင်းပြည်ကြီးပွားတိုးတက်မှာ ဖြစ်ပါတယ် ကျွန်မတို့ရဲ့ မတူကွဲပြားမှုတွေဟာ ပျော်ရွင်ဂုဏ်ယူဖွယ်ဖြစ်လာပါမယ်

နောက်ဆုံးကျွန်မတိုရဲ့ ပြည်သူလူထုဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ရင်သွေးတွေအဖြစ်နဲ့ မိမိတို့ရဲ့ ပင်ကိုယ်အရည်အချင်းတွေကို ဖော်ထုတ်ပြီး ပွဲလယ်တင့် သွားနိုင်ကြမှာပါ

နောက်ဆုံးနိဂုံးချုပ်အနေနဲ့ ကြမ်းတမ်းခက်ခဲ့လှတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် မတိမ်းမစောင်း လျှောက်လှမ်းခဲ့နိုင်အောင် အားပေးကူညီခဲ့ကြတဲ့ ကျွန်မတို့ရဲ့
ပြည်သူတွေနဲ့ မိတ်ဆွေတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းပြောပါရစေ မှန်ကန်တဲ့အဖြေကို အတူတကွ ရှာဖွေဖော်ထုတ်မယ်ဆိုရင် ကျွန်မတို့ရဲ့ အိပ်မက်တွေ လက်တွေ့အကောင်အထည်ပေါ်လာနိုင်မှာဖြစ်ပါတယ်

ကိုယ်အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ အိပ်မက်ရှင်ဟာ အားလုံးရဲ့ တကယ့်အရှင်သခင်ဖြစ်တယ်ဆိုတဲ့ စကားရှိပါတယ် တတိုင်းပြည်လုံး အိပ်မက်တွေကို အမှန်တကယ်လက်တွေ အကောင်အထည်ပေါ်လာအောင် လုပ်နိုင်တယ်ဆိုရင် ကျွန်မတို့ဟာ အမှန်တကယ် ကိုယ်ကိုကိုယ်လွှမ်းမိုးနိုင်တဲ့ အရှင်သခင်တွေဖြစ်ကြမှာပါ

ကျွန်မတို့ရဲ့ လွတ်လပ်တဲ့ နိုင်ငံရဲ့ဖခင်ကြီးတွေဟာ ကိုယ်တိုင်းပြည်ရဲ့ ကံကြမ္မာကို ကိုယ်ဘာသာဖန်တီးနိုင်တဲ့ အခွင့်အရေးကို မျှော်မှန်ခဲ့ပါတယ် ရရှိဖို့ကြိုးစားခဲ့ပါတယ် ရှင်းလင်းတိကျတဲ့ရေရှည်အမြင် ၊ ခိုင်မာတဲ့ သံထိပ်ဓာန်တို့နဲ့ ညီညွှတ်ယုံကြည်ခြင်းတို့ရဲ့ ခိုင်မာတဲ့စုစည်းမှုအတွင်းက ဒီအခွင့်အရေးကို ဝင့်ကြွားစွာကျင့်သုံကြပါစို့ အားလုံးကိုကျေးဇူးတင်ပါတယ် ။

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

From : 7Day News Journal

Originally published at - https://www.facebook.com/7daynews/posts/1244691582259140:0

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်:

No comments:

Post a Comment